စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ၊ ကူမင်းခရီးစဉ် မတိုင်မီ စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်ကို ကြိုတင် သွားရောက်ခဲ့ခြင်းကြောင့် စစ်ကောင်စီအနေဖြင့် နှစ်ပေါင်း ၂၀ ကြာ ပျောက်ဆုံးနေခဲ့သည့် စစ်ထောက်လှမ်းရေးအဖွဲ့ကို အသက်သွင်းတော့မည်လားဆိုသည့် မေးခွန်းတချို့ကို တွေ့လာရသည်။
သတင်းအချက်အလက်ဆိုင်ရာတွင် ခိုင်မာအားကောင်းသည့် ဧရာဝတီ သတင်းဌာနနှင့် Myanmar Now သတင်းဌာနတို့က ဖော်ပြခဲ့ကြသည့် စစ်ထောက်လှမ်းရေးဟောင်းများနှင့်ပတ်သက်သည့် ဆောင်းပါးများကို ဖတ်ရသည့်အခါ မိမိကျင်လည်ခဲ့သော စစ်တပ်တွင်း အတွေ့အကြုံနှင့်ယှဉ်၍ ဆောင်းပါးတပုဒ်ရေးရန် စိတ်ကူးရခဲ့ပါသည်။
စစ်တပ်အတွင်း၌ စစ်ခေါင်းဆောင် ယုံကြည်အားကိုးပြီး စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအဆင့် ကွပ်ကဲနေသည့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) ရှိနေသည့်တိုင် အဘယ်ကြောင့် စစ်ထောက်လှမ်းရေးဟောင်းများကို ပြန် အသုံးပြုနေသလဲဆိုသည့် အချက်သည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်။
စစ်ထောက်လှမ်းရေးသည် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ်နှင့် စစ်ထောက်လှမ်းရေးမှူးချုပ် ရာထူးများ ပူးတွဲရယူထားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖမ်းဆီးပြီးနောက် တပြိုင်နက်တည်း ထောက်လှမ်းရေးတပ် အသီးသီးမှ အရာရှိ၊ စစ်သည် ၃,၅၀၀ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းကာ ဖျက်သိမ်းခံလိုက်ရသည့် တပ်ဖွဲ့ဖြစ်သည်။
ထိုစဉ်က စစ်ခေါင်းဆောင် သန်းရွှေသည် ထောက်လှမ်းရေးကို ဖျက်သိမ်းရုံမျှမကဘဲ ထောက်လှမ်းရေး တပ်ဖွဲ့များ၏ မိသားစုဝင်များနှင့် ပတ်သက်ဆက်နွယ်သည့် စစ်တပ်အတွင်းက အရာရှိ၊ စစ်သည်များကိုပါ စစ်တပ်နှင့် ဌာနဆိုင်ရာ အသီးသီးမှ အနားပေး ဖယ်ထုတ် အမြစ်ဖြတ်ခဲ့သည်။
ထိုသို့ အမြစ်ဖြတ်ရာတွင် ‘ထောက်လှမ်းရေး’ ဆိုသည့် နာမည်ကိုပင် မချန်ခဲ့သည်ကို တွေ့ရသည်။ ခြေလျင်/ခြေမြန်တပ်များက ထောက်လှမ်းရေးတပ်စုကို ‘စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု’၊ ထောက်လှမ်းရေးအရာရှိကို ‘စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ’ ဟုပင် အခေါ်အဝေါ် အသုံးအနှုန်းများ ပြောင်းလဲခဲ့သည်။
ထိုသို့ အမြစ်ဖြတ်ရာတွင် ‘ထောက်လှမ်းရေး’ ဆိုသည့် နာမည်ကိုပင် မချန်ခဲ့သည်ကို တွေ့ရသည်။ ခြေလျင်/ခြေမြန်တပ်များက ထောက်လှမ်းရေးတပ်စုကို ‘စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု’၊ ထောက်လှမ်းရေးအရာရှိကို ‘စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ’ ဟုပင် အခေါ်အဝေါ် အသုံးအနှုန်းများ ပြောင်းလဲခဲ့သည်။
ထောက်လှမ်းရေး သင်ခန်းစာများကိုပင် ‘စစ်ဘက်ရေးရာ လုံခြုံရေးဘာသာရပ်’ ဟု ခေါ်ဆို သုံးနှုန်းစေခဲ့သည်။ ထောက်လှမ်းရေး ဘာသာရပ်နှင့် လုံခြုံရေးဘာသာရပ်သည် ကဏ္ဍတရပ်စီ ဖြစ်သော်လည်း မည်သူကမှ စောဒက မတက်ရဲခဲ့ကြပေ။ ထိုသို့ဖြင့် စစ်ထောက်လှမ်းရေးနှင့်အတူ ဥက္ကဋ္ဌကြီး ဦးနေဝင်း မိသားစုနှင့် နီးစပ်ပြီး ဗိုလ်ချုပ်ကြီးရာထူးနှင့် ထောက်လှမ်းရေးကို ကိုင်ထားသည့် ဦးခင်ညွန့်ကို ဦးသန်းရွှေက နိဂုံးချုပ်စေခဲ့ခြင်း ဖြစ်သည်။
ဦးသန်းရွှေ အနေဖြင့် ထောက်လှမ်းရေးကို အပြီးတိုင် ဖြိုဖျက်ခဲ့သော်လည်း သူ့နေရာ ဆက်ခံသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ထောက်လှမ်းရေးကို အထင်ကြီး လေးစားမှုများရှိနေကြောင်း အာဏာသိမ်းကာလတွင် တွေ့လာရသည်။
အာဏာသိမ်း ကာလအတွင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုလည်း သွားရောက် တွေ့ဆုံမှုများရှိခဲ့သည်။
ထို့ကြောင့် စစ်ခေါင်းဆောင် အနေဖြင့် အာဏာသိမ်းကာလအတွင်း ဦးခင်ညွန့်ထံမှ အကြံဉာဏ် ရယူနေသလားဆိုသည့် ထင်ကြေးပေးမှုများ ရှိခဲ့သည်။ ထောက်လှမ်းရေး ခေတ်ကောင်းစဉ်ကာလများက ထောက်လှမ်းရေးကို တီးတိုးဝေဖန်ခဲ့ကြသည့် စစ်တပ်တွင်းက အရာရှိ၊ စစ်သည်များမှာလည်း ကိုယ်တိုင် ထောက်လှမ်းတပ်တွင် တာဝန်ထမ်းဆောင်ဖို့ ကံမရှိ၍သာ ဝေဖန်ကြခြင်း ဖြစ်သည်။
ကိုယ်တိုင် မပါရသည့်အခါ ရွံ့ကြောက်သော်လည်း လုပ်ပိုင်ခွင့်ကိုမူ အများစုက အားကျခဲ့ကြသည်။ ထောက်လှမ်းရေး ဖျက်သိမ်းခံရချိန်တွင် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းမှူး ဗိုလ်မှူးချုပ်အဆင့်သာ ရှိနေသေးသည်။
အထက်ဖား အောက်ဖိ စိတ်ဓာတ်ရှိသည့် မင်းအောင်လှိုင်တွင် စစ်ထောက်လှမ်းရေးကို အထင်ကြီးသည့်စိတ် ပို၍သာ ရှိနိုင်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်သည် သူ၏ ရှိရင်းစွဲ အထင်ကြီးစိတ်အရ စစ်ထောက်လှမ်းရေးအပေါ် အားကိုးမှုသည် ယခုမှ စတင်ခြင်း မဟုတ်ခဲ့ပေ။
အထက်ဖား အောက်ဖိ စိတ်ဓာတ်ရှိသည့် မင်းအောင်လှိုင်တွင် စစ်ထောက်လှမ်းရေးကို အထင်ကြီးသည့်စိတ် ပို၍သာ ရှိနိုင်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်သည် သူ၏ ရှိရင်းစွဲ အထင်ကြီးစိတ်အရ စစ်ထောက်လှမ်းရေးအပေါ် အားကိုးမှုသည် ယခုမှ စတင်ခြင်း မဟုတ်ခဲ့ပေ။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရနှင့် စစ်တပ်ဘက်က တဖက်သတ် ဝါဒဖြန့်စာများ ရေးသားရန် ‘နရီမိုး’ နာမည်ဖြင့် စစ်ထောက်လှမ်းရေး အကူတပ်မှ အနားပေးခံခဲ့ရသည့် ဗိုလ်ကြီး ရဲမိုး (DSA 41 – ကွယ်လွန်) ကို သီးခြားတာဝန် ပေးခဲ့ဖူးသည်။
နဝတ၊ နအဖ ခေတ်တွင် စစ်ထောက်လှမ်းရေးသည် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို အနိုင်ကျင့် နှိပ်စက် ဖမ်းဆီးရာတွင် နာမည်ကြီးသည်။ တဖက်တွင် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့် အလွန်အကျွံ ပေးထားသဖြင့် သတင်းရယူမှုအပိုင်းနှင့် ဝါဒဖြန့်မှုအပိုင်းတို့တွင် ပိုမိုအားကောင်းကာ စစ်တပ်အတွက် အသုံးဝင်ခဲ့သည်။
၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် နာမည်အခေါ်အဝေါ်အရပင် ထောက်လှမ်းရေး မဆန်သည့်အပြင် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဟောင်းနှင့် ချိတ်ဆက် လွှဲပြောင်းမှု မရှိသဖြင့် စုံစမ်းထောက်လှမ်းရေးအပိုင်းတွင် ဦးခင်ညွန့်၏ စစ်ထောက်လှမ်းရေးထက် အားနည်းခဲ့သည်။
သတင်းပေးကွန်ရက် တည်ဆောက်မှုကဲ့သို့သော လုပ်ငန်းဆောင်တာဆိုင်ရာကိစ္စများ အားနည်းခဲ့ပြီး ခွင်ရှာသည့် ကိစ္စမှလွဲ၍ မည့်သည့်ကိစ္စမှ မယ်မယ်ရရ မလုပ်နိုင်ခဲ့ပေ။ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းပြီးနောက်ပိုင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာသည့်အခါ ထိုစဉ်က စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များက သတင်းထောက်လှမ်းရေးဆိုင်ရာ အားနည်းခဲ့ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
လတ်တလော ကာလတွင်လည်း အာဏာသိမ်း စစ်တပ်အား လူထုက မထောက်ခံဘဲ စစ်ကောင်စီသတင်းပေးများအပေါ် တော်လှန်ရေးဘက်က တင်းကျပ်သော စောင့်ကြည့်မှု၊ အပြစ်ပေးမှုများကြောင့် စရဖ သတင်းပေးအဖြစ် ဆောင်ရွက်လိုသူများ နည်းပါးသွားသဖြင့် သတင်းရရှိမှုပိုင်းလည်း နည်းသွားသည်ကို တွေ့ရသည်။
ယခင် စစ်ထောက်လှမ်းရေးအဖွဲ့သည် ဖျက်သိမ်းခံရသည်အထိ သတင်းပေးစနစ် ယိုယွင်းမှု နည်းခဲ့သည်။ ထို့ပြင် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အဖြစ် တိုက်ရိုက် ခန့်အပ်တာဝန်ပေးခြင်းများ မရှိဘဲ ထောက်လှမ်းရေးသင်တန်း ပြီးသူများအနက်မှ အရည်အချင်း ကိုက်ညီသူများကိုသာ တပ်ဖွဲ့ဝင်အဖြစ် ရွေးချယ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
စရဖ၏ ပထမမျိုးဆက်က အခြားအဆင့် အများစုသည် တိုက်ရိုက်ခန့်ထားသူများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် အားနည်းချက် များခဲ့သဖြင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ရောက်ရှိချိန်မှသာ စရဖ တပ်ဖွဲ့ဝင်များကို ထောက်လှမ်းရေးကဲ့သို့ ရွေးချယ်ခန့်အပ်ခဲ့ကြသည်။
ထောက်လှမ်းရေးအနေဖြင့် ဌာနအလိုက် နှစ်ပေါင်းများစွာ အသားကျ ဖွဲ့စည်းတည်ဆောက်လာကြသဖြင့် သုတေသန မှတ်တမ်းပြုစုခြင်း၊ မဟာဗျူဟာချမှတ်ခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များတွင် စရဖ ထက် အပုံကြီး သာလွန်ခဲ့သည်။
စရဖအနေဖြင့် တပ်ဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်း ဘာသာစကားသင်တန်းများကို မနားတမ်း စေလွှတ်နေခဲ့ရသည်။ နိုင်ငံတကာ စစ်သံအသိုင်းအဝိုင်းနှင့် နီးစပ်ဝင်ဆံ့မှု အားနည်းခဲ့သည်။
အာဏာသိမ်းကာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထောက်လှမ်းရေးအပိုင်းကို ပြုပြင်မှုများ လုပ်ခဲ့သည်။ စရခချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တွဲဖက်အတွင်းရေးမှူးတာဝန် ပေးခဲ့သလို ဗိုလ်ချုပ်ကြီးအဆင့် တိုးပေးခဲ့သည်။
စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့များကို ကွပ်ကဲရန်အတွက် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် နှစ်ပိုင်းခွဲ၍ ကွပ်ကဲစေခဲ့သည်။ မြန်မာပြည်အထက်ပိုင်းကို ဗိုလ်ချုပ် ကျော်ကျော်လွင် (DSA 38) နှင့် မြန်မာပြည်အောက်ပိုင်းကို ဗိုလ်ချုပ် အောင်ဇေယျ (OTC 22) တို့က ကွပ်ကဲရသည်။ ဗိုလ်ချုပ် အောင်ဇေယျသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပည့်အရင်းဖြစ်ပြီး စစ်သံမှူးအဖြစ်မှ ပြန်ခေါ်ကာ အာဏာသိမ်းကာလတွင် ဗိုလ်ချုပ်ရာထူးပေးပြီး တပည့်ရင်းဖြစ်သူ လူယုံကို စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး (စရခ) တွင် ထည့်၍ ပြန်သုံးနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ စရခကို နေရာပေး ပြုပြင်ဖွဲ့စည်းထားသော်လည်း စစ်ကောင်စီအနေဖြင့် အာဏာသိမ်းကာလအတွင်း သတင်းရယူသည့်ကိစ္စများနှင့် ဝါဒဖြန့်သည့်ကိစ္စများတွင် စစ်ထောက်လှမ်းရေးဟောင်းများကို ထဲထဲဝင်ဝင် ပြန်၍ အသုံးပြုနေခဲ့ရသည်။
ထိုကဲ့သို့ စရခကို နေရာပေး ပြုပြင်ဖွဲ့စည်းထားသော်လည်း စစ်ကောင်စီအနေဖြင့် အာဏာသိမ်းကာလအတွင်း သတင်းရယူသည့်ကိစ္စများနှင့် ဝါဒဖြန့်သည့်ကိစ္စများတွင် စစ်ထောက်လှမ်းရေးဟောင်းများကို ထဲထဲဝင်ဝင် ပြန်၍ အသုံးပြုနေခဲ့ရသည်။
တယ်လီဂရမ်မှ စစ်လော်ဘီအကောင့် အချို့သည် စစ်ထောက်လှမ်းရေးဟောင်းများ ဖြစ်သည်ကို တွေ့နိုင်သည်။ ယခုအခါ မီဒီယာများ၏ ဖော်ထုတ်ချက်များအရ စစ်ခေါင်းဆောင်အနေဖြင့် စစ်ထောက်လှမ်းရေးဟောင်းများကို ပြန်လည် အသုံးပြုမှုများကို ဖော်ထုတ်နိုင်ခဲ့သည်။
တရုတ်တွင် မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် မသွားမီ ဦးခင်ညွန့်၏ စစ်ထောက်လှမ်းရေးတွင် တာဝန်ယူခဲ့ကြဖူးသည့် အရာရှိကြီးဟောင်းများအနက်က ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေကို Paragon Institute အဖွဲ့အမည်နှင့်အတူ ပွဲထုတ်လာသည်ကို အတိုင်းသား တွေ့ရသည်။
Paragon Institute အဖွဲ့သည် တပ်ချုပ်ခရီးစဉ် မတိုင်မီ think tank ဟု ခေါ်သည့် ဘေဂျင်း အခြေစိုက် တရုတ် သုတေသနနှင့် မူဝါဒရေးရာအကြံပေးများနှင့် ကြိုတင်ကာ ဆွေးနွေးခဲ့သည်။
ဦးသိန်းဆွေသည် စစ်ထောက်လှမ်းရေး၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲဟောင်းဖြစ်ခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၉ ကျောင်းဆင်း အရာရှိတဦးလည်း ဖြစ်သည်။
နဝတ၊ နအဖ အစိုးရလက်ထက် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် ပါဝင်ပတ်သက်ဖူးသည့် လူဟောင်းတယောက်ဖြစ်သည်။ Myanmar Times မီဒီယာကို သားဖြစ်သူ ဆန်နီဆွေနှင့်အတူ တည်ထောင်ခဲ့ပြီး ထောက်လှမ်းရေးခေတ်တွင် “မီဒီယာကို မီဒီယာချင်း ပြန်တိုက်” ခဲ့ဖူးသူ ဖြစ်သည်။
ဦးသိန်းဆွေနှင့်အတူ နဝတ စစ်အစိုးရ၏ ပြောခွင့်ရ အရာရှိဟောင်းဖြစ်သူ ဗိုလ်မှူးကြီးဟောင်း လှမင်းကိုလည်း တွေ့ရသည်။
နဝတ၊ နအဖ ခေတ်တွင် စစ်ထောက်လှမ်းရေးသည် နိုင်ငံရေး၊ ဘာသာရေး၊ ကျောင်းသားရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွင် သတင်းပေးများ ထည့်ထားပြီး သတင်းဆက် မပြတ်အောင် ရယူနိုင်ခဲ့သည်။ ထို့ပြင် လုပ်ပိုင်ခွင့်များသုံးကာ စစ်တပ်အတွက် စစ်ရေးသတင်းဆိုင်ရာ စုံစမ်းထောက်လှမ်းရာတွင်လည်းကောင်း၊ ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို စည်းရုံးရာတွင်လည်းကောင်း ကျွမ်းကျင်သည်ဟု ဆိုရမည်ဖြစ်သည်။
ထိုမျှမက တဖွဲ့မှ နှစ်ဖွဲ့၊ နှစ်ဖွဲ့မှ လေး၊ ငါးဖွဲ့ ကွဲအောင်လည်း သွေးခွဲသပ်လျှိုနိုင်သည့် အစွမ်းရှိသည်။ ထောက်လှမ်းရေးအဖွဲ့ဟောင်းများ၏ ကွန်ရက်ဟောင်းအချို့သည် ယနေ့တိုင် ရှိနေဆဲလည်း ဖြစ်သည်။
စစ်ထောက်လှမ်းရေး အရာရှိကြီးဟောင်းများသည် အထူးသဖြင့် တရုတ်နိုင်ငံ နယ်နိမိတ်အနီးရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပိုမို ထိစပ်မှု ရှိခဲ့ကြသည်။ ထို့ကြောင့်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် စစ်ထောက်လှမ်းရေးဟောင်းများကို ပြန်လည် အသုံးပြုလိုခြင်း ဖြစ်မည်ထင်သည်။
စစ်ကောင်စီတွင် အရင်လူဟောင်း စစ်ထောက်လှမ်းရေးများနှင့် စရဖကို ပူးတွဲအသုံးပြုနိုင်ပြီး အသုံးပြုသည့်အခါ ထောက်လှမ်းရေးမှူးချုပ်က ဝန်ကြီးချုပ်ရာထူး ယူထားပြီး ဘုန်းတန်ခိုးအမြင့်ဆုံး၊ လုပ်ပိုင်ခွင့်အာဏာအရှိဆုံး အချိန်တွင် ဖြုတ်ထုတ်ရှင်းခံခဲ့ရသည့်စိတ်တွင် မည်သို့ ခံစားရမည်ဆိုသည်ကိုတော့ ဝင်ကြည့်စရာလိုမည်ဟု မထင်ပါ။
ထို့ကြောင့် လူဟောင်းနှင့် လူသစ်တို့အကြား ဆက်ဆံရေးမှာလည်း စင်းလုံးချော အဆင်ပြေနေမည် မဟုတ်ဟု ထင်သည်။ လုပ်ပိုင်ခွင့် လက်မဲ့မှ လက်ရှိပြန်ဖြစ်၍ စစ်ထောက်လှမ်းရေးများအနေဖြင့် ခေတ္တတော့ သာယာနိုင်သည်။
စစ်ထောက်လှမ်းရေး ကောင်းစားစဉ်ကခေတ်နှင့် ယခုခေတ်သည် အရာရာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ စစ်ထောက်လှမ်းရေးဟောင်းများနှင့် စရဖတို့ တွဲပြီး အလုပ်လုပ်ရုံမျှဖြင့်လည်း အရည်အချင်းများ ရုတ်တရက် ခုန်တက်လာစရာလည်း ရှိမည် မထင်သလို စရဖ၏ လုပ်နိုင်ကိုင်နိုင်စွမ်းများ ထူးထူးခြားခြား တိုးတက်ကောင်းမွန်လာမည်လည်း မဟုတ်ပေ။
ထို့ကြောင့်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် စစ်ထောက်လှမ်းရေးဟောင်းများနှင့် စရဖကို လိုအပ်လျှင် လိုအပ်သလို ကဏ္ဍခွဲ၍ သုံးနိုင်အောင် စီစဉ်နေပုံရသည်။
တရုတ်နှင့်ဆက်ဆံရေး၊ တရုတ်နယ်စပ်တွင် အခြေခံနယ်မြေများရှိသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် ဆက်ဆံရေးတို့အတွက် စရဖထက် ပါးနပ်သည့် စစ်ထောက်လှမ်းရေးဟောင်းများကို အသုံးပြုလိုခြင်း ဖြစ်မည်ဟုဆိုလျှင် ပို၍မှန်မည်ထင်သည်။
တရုတ်နှင့်ဆက်ဆံရေး၊ တရုတ်နယ်စပ်တွင် အခြေခံနယ်မြေများရှိသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် ဆက်ဆံရေးတို့အတွက် စရဖထက် ပါးနပ်သည့် စစ်ထောက်လှမ်းရေးဟောင်းများကို အသုံးပြုလိုခြင်း ဖြစ်မည်ဟုဆိုလျှင် ပို၍ မှန်မည်ထင်သည်။
သို့သော် လတ်တလော အခြေအနေသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထင်သလောက် သိပ်လွယ်ကူသည့် အနေအထားတွင်တော့ ရှိမနေပေ။ ခေတ်စနစ်အရ များစွာ ကွာခြားသွားပြီဖြစ်သလို မျိုးဆက်များလည်း ကွာခြားသွားခဲ့ပြီဖြစ်သည်။
ငြိမ်းချမ်းရေးထက် မထင်လျှင်မထင်သလို အာဏာထသိမ်းသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုသာ စိတ်ဝင်စားကြောင်း တွေ့ရ၏။ မင်းအောင်လှိုင်က စစ်ထောက်လှမ်းရေးဟောင်းများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည် အသုံးပြုလာခဲ့မည်ဆိုလျှင်ပင် နွေဦးတော်လှန်ရေးတရပ်လုံးအရ ခြုံငုံသုံးသပ်ကြည့်ပါက စစ်ကောင်စီအတွက် ကြီးကြီးမားမား အသာစီး ရရှိစရာ အကြောင်းလည်း မရှိသည်ကို တွေ့ရသည်။
ထောက်လှမ်းရေး၏ အခြေခံဖြစ်သော သတင်းရယူမှုအပိုင်းသည် ထင်သလောက် လွယ်ကူသောအပိုင်းတွင် မရှိပေ။ ပြည်သူက ထောက်ခံမှုရှိသည့် အဖွဲ့ကသာ သတင်းရရှိနိုင်သည်ကို တွေ့နိုင်သည်။ ပြည်သူ မထောက်ခံသည့်အဖွဲ့က သတင်းမေးသည့်အခါ မြင်ပါလျက် မမြင်၊ ကြားပါလျက် မကြား၊ သိပါလျက် မသိဟုသာ အဖြေရမည် ဖြစ်သည်။
ပြည်သူက ထောက်ခံသည့်အခါ ပိတ်ထားသည့် တံခါးကိုပင် လာခေါက်၍ သတင်းပေးနိုင်သည်။
တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း (ERO) နှင့် PDF စစ်ကြောင်းများ၏ သတင်းများကို အလွယ်တကူ မရနိုင်ဘဲ စစ်ကောင်စီစစ်ကြောင်းများ၏ သတင်းများကိုသာ အလွယ်တကူ သိခွင့်ရနေသည်။
ထို့ကြောင့်လည်း စစ်ကောင်စီ စစ်ကြောင်းများအနေဖြင့် ERO နှင့် PDF စစ်ကြောင်းများ၏ သတင်း မရမှုကို အကြောင်းပြု၍ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်မှုများလုပ်ပြီး ပြည်သူကို အကြောက်တရားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်တော့သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့
စစ်ထောက်လှမ်းရေးခေတ် ပြန်ရောက်လာပြီ
စွမ်းအားရှင်၊ စစ်ထောက်လှမ်းရေးနှင့် စရဖ
အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၃ – စစ်ထောက်လှမ်းရေး ခေါင်းထောင်လာခြင်း