မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် တရုတ်အစိုးရခေါင်းဆောင်များ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံခြင်း မပြုသည်မှာ နှစ်နှစ်ခန့်ကြာခဲ့သည်။ မဲခေါင်-လန်ချန်းနိုင်ငံများအစည်းအဝေး ပုဂံတွင် ပြုလုပ်စဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့သော်လည်း မြန်မာစစ်ကောင်စီနှင့် သီးခြားတွေ့ဆုံခြင်း မပြုခဲ့ပေ။
သို့သော် မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းကမူ မြန်မာစစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံခဲ့သည်။ တရုတ်အစိုးရ၏ ပုံမှန် အကူအညီပေးရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ စစ်ကောင်စီ၏ အခမ်းအနားများ တက်ရောက်ခြင်း၊ စစ်ကောင်စီမှ ဖွဲ့ထားသော ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးသူများနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ပြီး တရုတ်အစိုးရ၏ ပုံမှန်သံတမန်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
နှစ်နိုင်ငံအစိုးရ ခေါင်းဆောင်များ အပြန်အလှန်သွားရောက်ပြီး အလုပ်သဘော ဆက်ဆံခြင်းမျိုးတော့ မတွေ့ရပေ။
သို့သော် ၂၀၂၂ ခုနှစ် အကုန် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်း ခရီးစဉ်အပြီး သုံးလအကြာတွင် တရုတ်ကိုယ်စားလှယ်တဦး၏ မြန်မာပြည်ဆိုင်ရာ အလုပ်သဘောခရီးစဉ်ကို တွေ့ရသည်။ လာရောက်သူမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံခြင်း၊ နားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်များ ရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဤတွင် ထူးခြားချက်များတွေ့ရသည်။ မြန်မာစစ်ကောင်စီဥက္ကဋ္ဌက မစ္စတာ ဝမ်နင်အား တွေ့ဆုံရာတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သည်ကို မတွေ့ရဘဲ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးသာ တက်ရောက်သည်။ ထို့အတူ မစ္စတာ ဝမ်နင်နှင့် သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများ ရေးထိုးသူမှာလည်း နိုင်ငံခြားရေးဝန်ကြီး မဟုတ်ဘဲ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်သည်။
ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့်အဖွဲ့နှင့် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုများထဲတွင်
-မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်၊
-ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊
-ဓာတ်မြေဩဇာ ထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊
-ကျောက်ဖြူ အနာဂတ်ရွေ့လျား ဆေးခန်းစီမံကိန်း သဘောတူညီချက်၊
-မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထုတ်ကုန်များကို ယူနန်ပြည်နယ်သို့ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
-တာပိန်ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် ဟူ၍ အချက် ၆ ချက် ပါဝင်သည်။
တရုတ်ဗဟိုအစိုးရအဆင့် လာရောက်ခြင်းမရှိဘဲ ယူနန်ပြည်နယ်အစိုးရအဆင့်မှ လာရောက်ခြင်းဖြစ်ရာ မြန်မာစစ်ကောင်စီအနေဖြင့် သတိထား ဆက်ဆံသည်ကို တွေ့ရသည်။ ယူနန်အစိုးရ ပါတီအတွင်းရေးမှူးအား ရန်ကုန်လေဆိပ်မှ အကြိုအပို့ပြုလုပ်ရာတွင် ရန်ကုန်တိုင်းမြို့တော်ဝန်နှင့် တိုင်းအဆင့်ဝန်ကြီးများကို တာဝန်ပေးခြင်း၊ ၎င်းနှင့်ဆက်ဆံရာတွင် နိုင်ငံခြားရေးဝန်ကြီးကို အသုံးမပြုဘဲ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးကို အသုံးပြုသည်။ သို့သော် မြန်မာစစ်ကောင်စီဥက္ကဋ္ဌအနေနှင့် မစ္စတာ ဝမ်နင်ကို သူကိုယ်တိုင် လက်ခံတွေ့ခဲ့သည်။
တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရာတွင် ယူနန်အစိုးရနှင့်ဆက်ဆံစေခြင်းသည် တဖက်က အဆင့်နှိမ့်၍ ဆက်ဆံသည်ဟု ဆိုနိုင်သကဲ့သို့ တချို့ကလည်း တရုတ်က ယူနန်အစိုးရကိုကြားခံထားပြီး မြန်မာစစ်ကောင်စီကို ဆက်ဆံနေသည်ဟုလည်း ကြည့်မြင်ကြသည်။
တရုတ်အစိုးရက မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရာတွင် ယူနန်အစိုးရနှင့်ဆက်ဆံစေခြင်းသည် တဖက်က အဆင့်နှိမ့်၍ ဆက်ဆံရေးစသည်ဟု ဆိုနိုင်သကဲ့သို့ တဖက်ကလည်း မြန်မာနှင့်ဆက်ဆံရေးကို တဆင့်ချင်းသွားရန် ရည်ရွယ်သည်ဟုလည်း ဆို၍ရသည်။
လက်တွေ့တွင် ယူနန်ပြည်နယ်အတွက်ဆိုလျှင် ပထမအနေနှင့် စွမ်းအင်ကဏ္ဍဖြစ်သော သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီကဏ္ဍတွင် မြန်မာပြည်သည် အရေးပါသည်။ သဘာဝဓာတ်ငွေ့အနေနှင့် တနှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ မြန်မာပြည်မှ တင်သွင်းနေရပြီး ရေနံစိမ်းစည် တရက်လျှင် ၂၄၀,၀၀၀ စည် မြန်မာပြည်အားဖြတ်၍ နေ့စဉ် ယူနန်သို့ ပို့လွှတ်နေရ၏။ ဤအချက်သည် ယူနန်အစိုးရအတွက် အပျက်အစီးမခံနိုင်သည့် စွမ်းအင်ပြဿနာဖြစ်သည်။
ဒုတိယအချက်မှာ ယူနန်နှင့် မြန်မာကုန်သွယ်ရေး ဖြစ်သည်။ ၂၀၂၂/၂၀၂၃ ခုနှစ် ရှစ်လအတွင်း တရုတ်-မြန်မာကုန်သွယ်မှုသည် တရုတ်တို့၏ ထုတ်ပြန်ချက်အရ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရှိသည်။ မြန်မာပြည်မှ တရားမဝင်ကုန်သွယ်မှု (ဝါ) မှောင်ခိုကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့်ရှိသည်။ မြန်မာပြည်အတွက်လည်းကောင်း၊ ယူနန်ပြည်နယ်အတွက်လည်းကောင်း မက်လောက်စရာ ပမာဏဖြစ်သည်။
သို့ဖြစ်ရာ ယူနန်ပြည်နယ်အဖို့ လက်ရှိ အာဏာရယူထားသည့် စစ်ကောင်စီနှင့် ဆက်ဆံရေးသည် ရွေးချယ်စရာမရှိသည့် ဆက်ဆံရေးလည်းဖြစ်၏။ စွန့်စားရမည့် စီးပွားရေးလည်းဖြစ်၏။
ဤသို့ ဆုံးဖြတ်လုပ်ကိုင်လာသော တရုတ်အစိုးရရော၊ ယူနန်အစိုးရရော မြန်မာပြည်အခြေအနေမသိဘဲ ဝင်ရောက်လာသည် မဟုတ်ပေ။ တည်ငြိမ်မှုမရှိသော အခြေအနေကို ကောင်းစွာသိရှိသကဲ့သို့ နိုင်ငံရေးအရ စစ်ကောင်စီနှင့် ခုခံတော်လှန်နေသူများကြား အားပြိုင်နေကြပြီး တဖက်နှင့်တဖက် အသာစီးမရကြသေးသည်ကို ကောင်းစွာသိကြ၏။ မြန်မာစစ်ကောင်စီသည် ဘက်စုံက အကြပ်အတည်းဆိုက်နေရာ ယူနန်အစိုးရအနေနှင့် စစ်ပွဲနှင့်မတည်ငြိမ်မှုကြား စွန့်စားရမည်ဖြစ်သော်လည်း စွန့်စားရသည်နှင့် ထိုက်တန်သည့် အကျိုးအမြတ်ရမည်ဟုလည်း တွက်ဆပုံရ၏။
ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း တရုတ်အထူးသံတမန် တိန့်ရှီကျွန်း၏ ခရီးစဉ်စပြီး စစ်ကောင်စီနှင့်လည်းကောင်း၊ မြောက်ပိုင်းအဖွဲ့များနှင့်လည်းကောင်း တွေ့ဆုံပြီးနောက် ရေနံနှင့်သဘာဝဓာတ်အားလိုင်း လုံခြုံမှုနှင့် ယူနန်-မြန်မာကုန်သွယ်မှု အရှိန်မြှင့်ရန် တရုတ်တို့ လုပ်ဆောင်ခဲ့၏။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလခန့်မှစ၍ ယူနန်မှ ကုန်သွယ်ရေးတာဝန်ရှိသူများ၊ ကုန်သည်အသင်းမှသူများ မြန်မာပြည်သို့ စတင် ဝင်ရောက်ပြီး ယခု ယူနန်ပြည်နယ် အတွင်းရေးမှူးပါ လာရောက်ခဲ့ခြင်းဖြစ်၏။
နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခဖြစ်ရာဒေသတွင် အလုပ်လုပ်မည့် တရုတ်အစိုးရသည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တောက်လျှောက် ထိတွေ့မှုရှိသည်ဖြစ်ရာ တရုတ်သည် ခုခံတော်လှန်သူများ၊ NUG, PDF များနှင့် ဆက်ဆံရန်လည်း ဝန်လေးမည်မဟုတ်ဟု ယူဆရ၏။
တရုတ်ပြည်တွင် အရေးပါသည့် အာဏာရပါတီသည် တရုတ်ကွန်မြူနစ်ပါတီဖြစ်၏။ ဗဟိုမှ အောက်ခြေအထိ ပါတီခေါင်းဆောင်သည် အုပ်ချုပ်ရေးခေါင်းဆောင်ထက် တဆင့်မြင့်သည့် ပေါ်လစီကို ကိုင်တွယ်သူများဖြစ်၏။ ယခုမြန်မာပြည်သို့ လာသွားသူမှာ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မဟုတ်ပေ။ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် အတွင်းရေးမှူးဖြစ်ပြီး ပါတီဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သည်။ ယူနန်ပြည်နယ်အစိုးရ၏ ပေါ်လစီကို ထိန်းကြောင်းသူဖြစ်သကဲ့သို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုလမ်းစဉ်ပေါ်လစီကို အာမခံ အကောင်အထည် ဖော်ရသူလည်း ဖြစ်၏။
သို့ဖြစ်ရာ မြန်မာပြည်သို့ ယူနန်ပါတီအတွင်းရေးမှူး လာခြင်းသည် ယူနန်အစိုးရအကျိုးစီးပွား သက်သက်သာမက တရုတ်ပါတီဗဟို၏ ပေါ်လစီကိုပါ ကိုယ်စားပြုသည်ဟုဆိုရမည်။ ယူနန်အစိုးရသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ နယ်စပ်ကုန်သွယ်ရေးတို့နှင့် ပတ်သက်ပြီး ရသလောက် စွန့်စားဆောင်ရွက်တော့မည်မှာ သေချာသလောက်ရှိ၏။ လက်ရှိ ယူနန်နှင့် မြန်မာစစ်ကောင်စီတို့ကြား သဘောတူညီချက်နှင့် နားလည်မှု သဝဏ်လွှာများကို ကြည့်ရှုပါက ယူနန်အကျိုးစီးပွားအပေါ်တွင် အခြေပြု၍ လက်မှတ်ရေးထိုးထားသည်ကို တွေ့ရ၏။
ယူနန်အစိုးရသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ နယ်စပ်ကုန်သွယ်ရေးတို့နှင့် ပတ်သက်ပြီး ရသလောက် စွန့်စားဆောင်ရွက်တော့မည်မှာ သေချာသလောက်ရှိ၏။
သို့သော် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်လျှင်ဖြစ်စေ၊ NUG, PDF များနှင့် ပတ်သက်လျှင်ဖြစ်စေ တရုတ်ဗဟိုအစိုးရက အာရှရေးရာအထူးသံတမန်မှတဆင့် ကိုင်တွယ်ဆောင်ရွက်နေသည်ကို တွေ့ရ၏။ အရေးကြီးသည့် အတိမ်းအစောင်းမခံနိုင်သည့်ပေါ်လစီ၊ နိုင်ငံတကာနှင့်ပါ သက်ဆိုင်နေသည့် ပေါ်လစီဖြစ်သဖြင့် တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ကိုင်တွယ်ပုံရ၏။
ထို့ပြင် မြန်မာစစ်ကောင်စီနှင့် တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ဆက်ဆံခြင်း မရှိသေးသရွေ့ တရုတ်ဗဟိုအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကြီးများ မြန်မာပြည်သို့ ဝင်ရောက်လာရန် လိုနေဦးမည်ဖြစ်၏။ ယူနန်အစိုးရနှင့် လုပ်ကိုင်နေသည့် ကုန်သွယ်မှုလုပ်ငန်းများ လုံခြုံမှု၊ တိုးတက်မှု ရရှိလာသည့် အခြေအနေပေါ် မူတည်ပြီးမှသာ ဆုံးဖြတ်ပေလိမ့်မည်ဟု သုံးသပ်ရ၏။
ထို့ပြင် ဤကာလ ယူနန်အစိုးရ၏ စီးပွားရေးလုပ်ငန်းများ စတင်လာချိန်တွင် တရုတ်အထူးသံတမန်နှင့် NUG ကိုယ်စားလှယ် ဆက်ဆံမှု ရှိ၊ မရှိဆိုသည်ကလည်း အတပ်ပြောရန်ခက်ခဲသည့် စိတ်ဝင်စားဖွယ် ဖြစ်၏။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ NUG ကို အခွန်ဆောင်သည်ဟူသည့် သတင်းများ ထွက်ပေါ်နေသကဲ့သို့ NUG နှင့် တရုတ်ကြား ဆက်ဆံမှုများရှိနေသည်ဟူသည့် အတည်ပြုရန်ခက်ခဲသည့် သတင်းများ ကြားသိနေရ၏။
သို့သော် လက်တွေ့မြင်တွေ့ရသည့်တခုမှာ တရုတ်အထူးသံ တိန့်ရှီကျွန်း စတင်လှုပ်ရှားချိန်မှစပြီး NUG သည် တရုတ်တို့နှင့်ပတ်သက်၍ နားလည်မှုရှိစွာ ပြောဆိုသုံးသပ်သည်ကိုသာ တွေ့ရပြီး ပြစ်တင်ဝေဖန်သည်ကို မတွေ့ရပေ။ သို့ဖြစ်ရာ နှစ်ဦးနှစ်ဖက်ကြား တစုံတရာ နားလည်မှုရှိသည်မှာ သေချာသလောက်ရှိသည်ဟု သုံးသပ်ရပေသည်။
ရုရှားသို့ သုံးကြိမ်ခန့် သွားရောက်ခဲ့သော်လည်း တကြိမ်သာ ရုရှားသမ္မတ ပူတင်နှင့် ဆယ်မိနစ်ခန့် တွေ့ခွင့်ရခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌအဖို့ တရုတ်သမ္မတနှင့် တွေ့ခွင့်ရရန် ပို၍ခက်ခဲပေဦးမည်ဖြစ်၏။
မြန်မာစစ်ကောင်စီကမူ ယူနန်အစိုးရနှင့်သာ ဆက်ဆံခွင့်ရသည်ကို သံတမန်ရေးအရ စိတ်ကျေနပ်မည့်ပုံတော့ မပေါ်ပေ။ သို့သော် စီးပွားရေးအရ ယူနန်အစိုးရတွက်သာမက စစ်ကောင်စီအတွက်ပါ အကျိုးရှိနေသည်ဖြစ်ရာ ရသလောက်နှင့် ကျေနပ်ရမည့်သဘောဖြစ်၏။ သို့သော် တရုတ်ဗဟိုအစိုးရက တိုက်ရိုက်ဆက်ဆံမလာသေးသရွေ့ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို စစ်ကောင်စီ မျှော်လင့်ရန်ခက်ခဲ၏။
အထက်ဖော်ပြပါ အကြောင်းအချက်များသည် မြန်မာပြည်၏ နိုင်ငံရေးလက်တွေ့ အခြေအနေများပေါ်မှ ယူနန်အစိုးရနှင့် မြန်မာစစ်ကောင်စီ၏ ဆက်ဆံရေးဖြစ်၏။ ဤဆက်ဆံရေးသည် ယူနန်အစိုးရ၏ အကျိုးစီးပွား အခြေခံပေါ်မှ ပေါ်လာခြင်းဖြစ်ပြီး ဤသို့သော အခြေအနေများအောက်တွင် တရုတ်အစိုးရသည် မြန်မာစစ်ကောင်စီအား ပိတ်ဆို့ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာတွင် ကန့်ကွက်သွားပေလိမ့်မည်။
တရုတ်သည် သူ၏ အကျိုးစီးပွားပေါ် အခြေပြု၍ ယူနန်အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချင်ဟိုင်မှတဆင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံ၍ လည်းကောင်း၊ မြောက်ပိုင်းအဖွဲ့များ၊ NUG တို့နှင့် ဆက်ဆံရေး၊ ထိုအင်အားစုများနှင့် စစ်ကောင်စီကြား ညှိနှိုင်းရေးတို့အား အာရှရေးရာအထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းမှတဆင့် လည်းကောင်း ဆောင်ရွက်သည့် ဆက်ဆံရေးများ စတင်ခဲ့ပြီဖြစ်၏။
ထိုဆက်ဆံရေးများသည် မြန်မာပြည်စစ်ပွဲနှင့် ပဋိပက္ခများကြားတွင် မြင်တွေ့ရမည့် ရှုပ်ထွေးသည့် တရုတ်-မြန်မာဆက်ဆံရေးလည်း ဖြစ်မည်။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်
တရုတ်သွင်းကုန်ပစ္စည်းများကို စစ်ဆေးရေး တင်းကျပ်
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း
အာဏာသိမ်းပြီး မြန်မာရဲ့ မတည်ငြိမ်မှုတွေကို “တရုတ်က ပိုစိုးရိမ်နေတယ်”
တရုတ်လုပ်ငန်းများ လည်ပတ်နိုင်ရေး အထူးသံတမန် တိုက်တွန်း