အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ ထိပ်သီးခေါင်းဆောင် အာတာအူလာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများကို ကိုးကား၍ မြန်မာမီဒီယာများက ဖော်ပြချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ ၁၆ ရက်နှင့် ၁၇ရက်များတွင် စစ်ဆင်ရေးပြုလုပ်ပြီး ARSA အဖွဲ့ခေါင်းဆောင်များနှင့် ပတ်သက်မှုများကို ဖမ်းဆီးရမိနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရ၏။
ARSA ခေါင်းဆောင် အတာအူလာသည် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမြို့စွန်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတ်လ ၁၆ ရက်နှင့် ၁၇ရက်များတွင် စစ်ဆင်ရေးပြုလုပ်ပြီး ARSA အဖွဲ့ခေါင်းဆောင်များနှင့် ပတ်သက်မှုများကို ဖမ်းဆီးရမိနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်းလည်း သိရ၏။
ဖမ်းဆီးခံရသူများတွင် ARSA ၏ အရေးပါသည့် ခေါင်းဆောင် အတာအူလာ၊ မော့စ်တစ် အာမတ်ဒ်၊ ဆာလိမူလာ၊ မိုဟာမက်ဒ် အက်စ်မာတူလာနှင့် ဟာဆန်တို့အပါအဝင် ခြောက်ဦး ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက သူတို့ကို တရားရုံးတွင် ချုပ်ရက်ရမန် ၁၀ ရက်ယူထားကြောင်း၊ အမှု နှစ်ခုနှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုအမှု နှစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်မှုတို့ဖြစ်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်မှုဆိုရာတွင် အတာအူလာအနေဖြင့် ရိုဟင်ဂျာခေါင်းဆောင် မူဟစ်အူလာ လုပ်ကြံခံရမှုတွင် အမိန့်ပေးခဲ့သူအဖြစ် လည်းကောင်း၊ ဘန်ဒါဘန်နယ်စပ်၌ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးအရာရှိ ရေဇွမ် ရုရှ်ဒီ သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်က်သူအဖြစ် လည်းကောင်း စွပ်စွဲခံထားရကြောင်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် အာရက္ခတပ်တော် (AA) နှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအကြား ဆက်ဆံရေးကောင်းတခု ရှိလာမည်လားဟုလည်း တွေးစရာဖြစ်ရသည်။
အထက်ပါ သတင်းကို ဖတ်ရချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လက်ထက်၌ ARSA အဖွဲ့ လှုပ်ရှားမှု များလာသည်ကို အမှတ်ရမိသည်။ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီဘက်က စစ်ရှုံးလာချိန်၌ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ ရိုဟင်ဂျာ မွတ်စလင်များကို ပြည်သူ့စစ်အသွင် အသုံးပြုလာခြင်းဖြစ်သည်။
ဒေသရှိအရပ်သား ရိုဟင်ဂျာ မွတ်စလင်များကို သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခဲ့သည့်အပြင် စစ်ကောင်စီ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ARSA တို့ ချိတ်ဆက်မှုများ ဆောင်ရွက်ခဲ့ကြသည်။
တဖက်တွင် AA အနေဖြင့် ရန်သူများလာစေရန်အတွက် စစ်ကောင်စီဘက်က ဝင်ရောက် တိုက်ခိုက်ပေးရန် ARSA ကို အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် စစ်ကောင်စီအတွက် လူဆိုး ဗီလိန်နေရာမှ ရဲကင်းစခန်းများကို တိုက်ပြခဲ့သည့် ARSA သည် ယခုအခါ စစ်ကောင်စီနှင့် တဖက်တည်း ဖြစ်သွားသည်က အံ့ဩစရာ ဖြစ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အထိ ရောက်စေခဲ့သည့် ထိုစဉ်က စစ်တပ်၏ စစ်ဆင်ရေးများသည် စစ်ခေါင်းဆောင်များနှင့် ARSA တို့အကြား လက်ဝါးချင်းရိုက်ထားသည့် ဇာတ်ညွှန်းဟု AA ခေါင်းဆောင်ပြောသလို ဖြစ်နေခဲ့လေသလား စဉ်းစားစရာ ဖြစ်၏။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အထိ ရောက်စေခဲ့သည့် ထိုစဉ်က စစ်တပ်၏ စစ်ဆင်ရေးများသည် စစ်ခေါင်းဆောင်များနှင့် ARSA တို့အကြား လက်ဝါးချင်းရိုက်ထားသည့် ဇာတ်ညွှန်းဟု AA ခေါင်းဆောင်ပြောသလို ဖြစ်နေခဲ့လေသလား စဉ်းစားစရာ ဖြစ်၏။
ပြန်ကြည့်သည့်အခါ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က မြန်မာနယ်ခြားစောင့် ကင်းစခန်း အခု ၃ဝ ဝန်းကျင်ကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၈ ခုနှစ်ကုန်ခန့်အထိ စစ်တပ်နှင့် ARSA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

တိုက်ပွဲများကြောင့် ထိုနှစ် သြဂုတ်လ ၂၆ ရက်တွင် သိန်းနှင့်ချီသည့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ စတင် ထွက်ပြေးခဲ့ကြသည်။ ယင်းနောက် စက်တင်ဘာလ ၂ ရက်တွင် အိမ်ခြေ ၂,၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အစိုးရဘက်က ပြောခဲ့သည်။
ဖြစ်စဉ်များကြောင့် ၂၀၁၉ ခုနှစ်တွင် မြန်မာအပေါ် အာဖရိကတိုက်မှ နိုင်ငံငယ်တခု ဖြစ်သည့် ဂမ်ဘီယာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတရားရုံး ICJ တွင် အကြီးလေးဆုံး ပြစ်မှုတခုဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
စစ်ဆင်ရေးအတွင်း တပ်ချုပ် မင်းအောင်လှိုင်က အမျိုး ဘာသာ သာသနာအတွက် အစိုးရထံမှ ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိဘဲ လက်တုံ့ပြန်ခဲ့ကြောင်း အများကြိုက် ဝါဒဖြန့်ခဲ့သည်။
၂၀၂၃ ခုနှစ် ရခိုင်ဒေသတွင်း AA ၏ တကျော့ပြန် ထိုးစစ်များတွင် စစ်ကောင်စီဘက်က စစ်ရှုံးလာချိန်၌ စစ်ဗိုလ်ချုပ်ကြီးများ၏ အမျိုး ဘာသာ သာသနာကိစ္စ တမျိုးပြောင်းလဲသွားသည်။ တချိန်က အမျိုးသားရေးဗန်းပြ စည်းရုံးမှုတွင် ဗီလိန်နေရာက ရှိနေခဲ့သည့် ရခိုင်ဒေသမြောက်ပိုင်းမှ ARSA အပါအဝင် ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တို့ကို ထုတ်သုံးလာခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် ရခိုင်ဒေသတွင်း AA ၏ တကျော့ပြန် ထိုးစစ်များတွင် စစ်ကောင်စီဘက်က စစ်ရှုံးလာချိန်၌ စစ်ဗိုလ်ချုပ်ကြီးများ၏ အမျိုး ဘာသာ သာသနာကိစ္စ တမျိုးပြောင်းလဲသွားသည်။ တချိန်က အမျိုးသားရေးဗန်းပြ စည်းရုံးမှုတွင် ဗီလိန်နေရာက ရှိနေခဲ့သည့် ရခိုင်ဒေသမြောက်ပိုင်းမှ ARSA အပါအဝင် ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တို့ကို ထုတ်သုံးလာခဲ့သည်။
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ဘူးသီးတောင် အခြေချစစ်ဗျူဟာ၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) နှင့် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) ဌာနချုပ်တို့ မကျဆုံးမီ ပြည်သူ့စစ်ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာ မွတ်စလင်များကို စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခဲ့သည်။
စစ်တပ်သုံး လူနေအဆောက်အအုံများတွင် စစ်သင်တန်းပေးနေသည့် ဗီဒီယို မှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများလည်း ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပြည်သူ့စစ် မွတ်စလင်များသာမက ARSA, ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA) စသည့် လက်နက်ကိုင်အဖွဲ့များသည် ပြည်သူ့စစ် အနေဖြင့်သာမက တပ်ဖွဲ့လိုက် ပါဝင်ကာ ဘူးသီးတောင်၊ မောင်တောနယ်စပ် တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ AA ကို တိုက်ခိုက်ခဲ့ကြသည်။
ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်များဖြစ်ကြသည့် ARSA, RSO, ARA အဖွဲ့များသည် AA ဘက်က စစ်ရေးအရ အရေးသာနေချိန်တွင် ရခိုင်ပြည်နယ် မြောက်ခြမ်းတွင် အရပ်သားမော်တော်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ အဖျက်အမှောင့် ဆောင်ရွက်ရန် စခန်းပုန်းများ ချထားခြင်း၊ ရခိုင်အပါအဝင် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရခိုင်ပြည်သူ့လုံခြုံရေးအထောက်အကူပြု အဖွဲ့ဝင်များအား တုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မောင်တော၊ ဘူးသီးတောင်၊ ကျိန္တလီနှင့် အမ်း စသည့်ဒေသများတွင် စစ်ကောင်စီနှင့်အတူ တိုက်ပွဲ ဖော်ဆောင်မှုများ ရှိခဲ့သည်။
ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်အဖွဲ့များထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း အများစုမှာလည်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် လက်နက်များ ဖြစ်နေသည်ကို တွေ့ရသည်။
မောင်တော နခခ-၅ ကို သိမ်းသည့်တိုက်ပွဲတွင် AA အနေဖြင့် စစ်ကောင်စီအပြင် ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်အဖွဲ့များနှင့်ပါ မြို့တွင်းတိုက်ပွဲ ဆင်နွှဲခဲ့ရသည်ကို တွေ့ရသည်။ ထို ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်အဖွဲ့များထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း အများစုမှာလည်း စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် လက်နက်များ ဖြစ်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် ထိုလက်နက်ကိုင်အဖွဲ့များ၏ နောက်ကွယ်တွင် စစ်ကောင်စီ ပါဝင်ပတ်သက်နေသည် ဆိုသည်မှာ အငြင်းပွားဖွယ်ကိစ္စ မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ အစပိုင်းတွင် စစ်ကောင်စီဘက်က စစ်မရှုံးအောင် ရခိုင်မြောက်ပိုင်းနေ မွတ်စလင်များကို အသုံးချခဲ့ပုံရသည်။
နောက်ပိုင်းတွင် စစ်ကောင်စီဘက်က သူတို့ လက်လွှတ်လိုက်ရသည့် ရခိုင်ပြည်နယ်တွင် AA နှင့် မွတ်စလင်များအကြား မီးမွှေးပေးခဲ့ချင်ပုံလည်း ရသည်။ စစ်ကောင်စီ စိုးမိုးနိုင်စဉ်က အေးချမ်းပြီး AA ထိန်းချုပ်ချိန်တွင် မအေးချမ်း မတည်ငြိမ်ကြောင်း ဒေသခံများကို အထင်ရောက်စေချင်ပုံရသည်။

နောက်ဆုံးဖြစ်စဉ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားမှတ်တိုင် ၃၇ အနီး၌ ARSA နှင့် AA တို့အကြား ထိတွေ့မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အပြီးတွင် ARSA အဖွဲ့က ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ရှိ အေးချမ်းစွာ နေထိုင်နေကြသည့် မွတ်စလင်၊ ရခိုင်၊ ဟိန္ဒူကျေးရွာများကို အကြမ်းဖက်မှုများလုပ်ရန် ကြိုးစားလာနေသည်ကို တွေ့ရကြောင်း၊ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မတည်ငြိမ်အောင် မြန်မာစစ်ကောင်စီက ARSA အဖွဲ့ အရာရှိများကို ညွှန်ကြားထားကြောင်း မွတ်စလင် အသိုင်းအဝိုင်းမှ သတင်းထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် ရခိုင်ဒေသကို AA လက်ထက်တွင် မအေးချမ်းအောင် ဆောင်ရွက်နေကြောင်း ဆိုလိုခြင်းဖြစ်သည်။
ARSA အပါအဝင် မွတ်စလင် လက်နက်ကိုင်ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများကို မကြာခဏ သွားရောက်ပြီး လူသစ်စုဆောင်းနေသည်မှာ ကြာပြီဖြစ်သည်။ ဒုက္ခသည်စခန်းများတွင် အဆင်မပြေသည့် လူငယ်များကို စည်းရုံးပြီး AA ၏ အုပ်ချုပ်မှုယန္တရားကို စစ်ကောင်စီ အလိုကျ နှောင့်ယှက်ရန်အတွက်လည်း ဖြစ်သည်။
ထိုအခြေအနေတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ARSA ထိပ်ပိုင်း ခေါင်းဆောင်များကို စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး ဖမ်းဆီးခဲ့သည်။
AA ၏ အုပ်ချုပ်မှုယန္တရားကို နှောင့်ယှက်နေသည့် လက်နက်ကိုင်ခေါင်းဆောင်များကို ဖမ်းဆီးပေးခြင်းသည် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များဘက်က AA ကို ထောက်ခံကြောင်း ပြသခြင်းမျိုးလည်းဖြစ်နိုင်သည်။
AA ၏ အုပ်ချုပ်မှုယန္တရားကို နှောင့်ယှက်နေသည့် လက်နက်ကိုင်ခေါင်းဆောင်များကို ဖမ်းဆီးပေးခြင်းသည် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များဘက်က AA ကို ထောက်ခံကြောင်း ပြသခြင်းမျိုးလည်းဖြစ်နိုင်သည်။
တဖန် ရိုဟင်ဂျာများ၏ သတင်းပေးမှုကိုလည်း တွေ့ရသည်။ ရိုဟင်ဂျာ လက်နက်ကိုင်ခေါင်းဆောင် သတင်းကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ အချိန်ကိုက်ပေးခဲ့သောကြောင့် ရိုဟင်ဂျာများအတွင်း ARSA ကို မထောက်ခံတော့သည့် သဘောဟု ယူလျင်ရမည်။
ARSA နှင့် RSO တို့ကြား လွန်ဆွဲနေရာ RSO လူများက သတင်းပေးခဲ့ခြင်းလားဟုလည်း မေးစရာရှိသေးသည်။ မည်သို့ဆိုစေ ယခုကဲ့သို့ အာတာအူလာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးမှုသည် အခြား မွတ်စလင် လက်နက်ကိုင်များအတွက်ပါ သတိပေးမှုတခု ဖြစ်ခဲ့သည်။
ထိုသတိပေးမှုမှာ မွတ်စလင် လက်နက်ကိုင်များကို ဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ခံခြင်း မရှိကြောင်း သတိပေးမှု ဖြစ်နိုင်သည်။ ထို့ကြောင့် ရခိုင်ဒေသတွင်၊ အထူးသဖြင့် ရခိုင်မြောက်ပိုင်းတွင် မတည်ငြိမ်အောင် ဆောင်ရွက်လိုသည့် စစ်ကောင်စီ၏ အစီအမံ ယုတ်လျော့သွားဖွယ်ရှိသည်။
သို့သော် ကျန်ရှိနေသည့် မွတ်စလင် လက်နက်ကိုင်ခေါင်းဆောင်များကို စစ်ကောင်စီဘက်က စည်းရုံးပြီး တကျော့ပြန် လှုပ်ရှားလာနိုင်သည်ကိုမူ သတိပြုရမည်ဖြစ်သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ARSA အဖွဲ့ခေါင်းဆောင်အပါ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ARSA ခေါင်းဆောင်နဲ့ အဖွဲ့ဝင်အချို့ကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး (ရုပ်/သံ)
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး
AA ကို ပြန်တိုက်ရန် ARSA နှင့် ပူးပေါင်းခဲ့ကြောင်း ဖမ်းမိ ဗိုလ်မှူး ဝန်ခံ
ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး
AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း














