မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တောဒေသတွင် လှုပ်ရှားနေသည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော်(ARSA) ခေါင်းဆောင် အာတာအူလာ အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုနှင့်ရာဇဝတ်မှုတိုက် ဖျက်ရေးအဖွဲ့(RAB)က မတ် ၁၇ ရက်၌ ကော့ဘဇားခရိုင်အတွင်း ဖမ်းမိခဲ့ကြောင်း Dhakatribune သတင်းဌာန၌ ဖော်ပြ သည်။
အာတာအူလာ အပါအဝင် ၆ ဦးအား Siddhirganj မြို့ရှိ အဆောက်အဦတခုအတွင်း အစည်းအဝေးပြုလုပ်နေစဉ် ဖမ်းမိခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ တာကာငွေ ၂၁ သိန်းကျော်နှင့် ဓားချွန်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်စပ်ဖမ်းဆီးမှု အနေဖြင့် Mymensingh မြို့တွင် ၎င်းတို့နှင့်ဆက်နွယ်နေသော အမျိုးသမီးအချို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
RAB-11 တပ်ရင်းမှူး ဗိုလ်မှူးကြီး AHM ဆာဂျက်ဟိုစိန်က အာတာအူလာနှင့် အခြား ၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရား မဝင် ဝင်ရောက်ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်မှုတို့ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်အမျိုးသမီး ၃ ဦးနှင့် ကလေးတဦးကိုလည်း အလားတူစွဲချက်များဖြင့် ထောင်သို့ပို့ဆောင်ခဲ့ကြောင်း ပြောကြားထားသည်။
တရားရုံးစစ်ဆေးရေးမှူး ကိုင်ယူမ်ခန်၏ အဆိုအရ အာတာအူလာနှင့်အဖွဲ့အား အမှုတခုလျှင် ၅ ရက်စီဖြင့် စုစုပေါင်း ၁၀ ရက် စစ်ဆေးမေးမြန်းခွင့်ပေးခဲ့ကြောင်း သိရသည်။
အာတာအူလာသည် ထင်ရှားသော ရိုဟင်ဂျာခေါင်းဆောင် မူဟစ်ဘူလာ လုပ်ကြံခံရမှုတွင် အမိန့်ပေးခဲ့သူဟု စွပ်စွဲခံထားရပြီး ဘန်ဒါဘန်နယ်စပ်၌ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးအရာရှိ အလေတန်မှူး ရေဇွမ် ရုရှ်ဒီ သတ်ဖြတ်ခံရမှုတွင်လည်း ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည်။

ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ်က မြန်မာနယ်ခြားစောင့်ရဲစခန်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့အား စစ်တပ်က တန်ပြန်တိုက်ခိုက်မှုအတွင်း ရိုဟင်ဂျာသိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ARSA အဖွဲ့အနေဖြင့် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မှောင်ခိုမှုများ ကျူးလွန်နေကြောင်းလည်း စွပ်စွဲခံထားရသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ARSA အဖွဲ့အနေဖြင့် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု အထောက်အထားများအား ထွက်ပေါ်လာခဲ့ပြီး အာရက္ခတပ်တော်(AA)အား တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
You may also like these stories:
ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး
AA ကို ပြန်တိုက်ရန် ARSA နှင့် ပူးပေါင်းခဲ့ကြောင်း ဖမ်းမိ ဗိုလ်မှူး ဝန်ခံ
ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး














