အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဇူလိုင်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် တွေ့ဆုံနေချိန်တွင် ၎င်းတို့ ရင်ဆိုင်ရသည့် မေးခွန်းမှာ အကျပ်အတည်း တုံ့ပြန်မှုကို စီမံခြင်းမျှသာ မကတော့ဘဲ မြန်မာမှ စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုနောက်တွင် ရပ်တည်ရန် ၎င်းတို့ စိတ်အားထက်သန်ခြင်း ရှိ၊ မရှိဆိုသည့် မေးခွန်းဖြစ်သည်။
ထိုအပြောင်းအလဲကို နေပြည်တော်မှ စစ်ဌာနချုပ်က ဦးမဆောင်ဘဲ ထူးခြားသော အနာဂတ်ကို ထုဆစ်နေသည့် ကျေးရွာများ၊ တောတောင်များနှင့် လွတ်မြောက်နယ်မြေများမှ သာမန်ပြည်သူများက ဦးဆောင်နေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လေးနှစ်ကြာသော်လည်း မြန်မာသည် မင်းမဲ့စနစ်အတွင်း ကျရောက်မသွားပေ။ ထို့အပြင် မြန်မာသည် ခေတ်သစ်သမိုင်းတွင် ရည်မှန်းချက်အကြီးမားဆုံး၊ အနာကျင်ရဆုံး အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လေးနှစ်ကြာသော်လည်း မြန်မာသည် မင်းမဲ့စနစ်အတွင်း ကျရောက်မသွားပေ။ ထို့အပြင် မြန်မာသည် ခေတ်သစ်သမိုင်းတွင် ရည်မှန်းချက်အကြီးမားဆုံး၊ အနာကျင်ရဆုံး အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနေသည်။
တိုင်းရင်းသားပိုင်နက်များနှင့် တော်လှန်ရေးအမာခံ ဒေသများတလွှားတွင် လူမှုအသိုက်အဝန်းများသည် တိုက်ပွဲ ဆယ်စုနှစ်ပေါင်းများစွာတွင် အမြစ်တွယ်ပြီး စစ်တပ်၏ ဗဟိုချုပ်ကိုင်မှုကို စုပေါင်းဆန့်ကျင်ခြင်းက ပုံဖော်သည့် နိုင်ငံရေးအင်စတီကျူးရှင်းသစ်များကို တည်ဆောက်နေကြသည်။
ယခုလအစောပိုင်းတွင် စာရေးသူသည် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များ (APHR) ၏ အချက်အလက် ရှာဖွေရေးအဖွဲ့များနှင့် ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်နှင့် မဲဆောက်သို့ အတူသွားရောက်ခဲ့သည်။ ထိုဒေသများတွင် စာရေးသူသည် နေရပ်စွန့်ခွာလာရသည့် ကျောင်းဆရာ ဆရာမများ၊ ဆေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့သည်။
၎င်းတို့သည် ငြိမ်သက်နေသော သားကောင်များ မဟုတ်ဘဲ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန်သာမက နိုင်ငံတော်ကို ပြန်လည် စိတ်ကူးပုံဖော်နေသည့် လှုပ်ရှားမှု၏ ဗဟိုချက်တွင် ရှိနေကြသည်။ ၎င်းတို့၏ ရည်မှန်းချက်သည် ရဲရင့်သည်။ စစ်မှန်စွာ အားလုံးပါဝင်ခွင့်ရသည့် ဖက်ဒရယ်ပြည်ထောင်စုကို အောက်ခြေမှ အထက်သို့ တည်ဆောက်ရေးဖြစ်သည်။
ထိုလှုပ်ရှားမှု၏ ဗဟိုချက်တွင် ဖွဲ့စည်းပုံအသစ်တခုဖြင့် ဖက်ဒရယ်စနစ်အတွက် ရည်မှန်းချက်ကို ပုံဖော်ရန် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အောက်တွင် တည်ထောင်ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရှိသည်။ ထိုအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကြားကာလ ဥပဒေပြုအဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)၊ လူမျိုးစုနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူအများအပြား၏ ကျယ်ပြန့်သော ညွန့်ပေါင်းအဖွဲ့အဖြစ် စုစည်းထားသည်။
စာရေးသူတို့ စကားပြောသောအခါ စကားစုတရပ် အကြိမ်ကြိမ် ပဲ့တင်ထပ်နေပြီး “အောက်ခြေမှလာသည့် ဖက်ဒရယ်စနစ်” ဆိုသည့် စကားစုဖြစ်သည်။ ထိုကိစ္စသည် ဗဟိုချုပ်ကိုင်မှု ပယ်ဖျက်ရန် တောင်းဆိုမှုသက်သက် မဟုတ်ဘဲ အာဏာကို ခွဲဝေယူသည့်၊ ကွဲပြားစုံလင်မှုကို ကာကွယ်ကာ ၎င်းတို့အနာဂတ်ကို အမှန်တကယ် ကိုယ်စားပြုသည့် လူမှုအသိုက်အဝန်းများရှိသည့် နိုင်ငံရေးစနစ်ကို တောင်းဆိုခြင်းဖြစ်သည်။
မြန်မာ၏ ဖက်ဒရယ်စနစ်သည် အသစ်အဆန်း မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက် လူမျိုးစုများသည် နိုင်ငံ၏ ကြွယ်ဝသော ဘာသာစကားများ၊ ဘာသာရေးများနှင့် ယဉ်ကျေးမှုများကို ပေါင်းစပ်ထားခြင်းကို ထင်ဟပ်သည့် စနစ်တခုကို အမြဲတမ်း တောင်းဆိုသည်။
မြန်မာ၏ ဖက်ဒရယ်စနစ်သည် အသစ်အဆန်း မဟုတ်ပေ။ လွတ်လပ်ရေးရပြီးနောက် လူမျိုးစုများသည် နိုင်ငံ၏ ကြွယ်ဝသော ဘာသာစကားများ၊ ဘာသာရေးများနှင့် ယဉ်ကျေးမှုများကို ပေါင်းစပ်ထားခြင်းကို ထင်ဟပ်သည့် စနစ်တခုကို အမြဲတမ်း တောင်းဆိုသည်။
သို့သော် စစ်အုပ်စု အဆက်ဆက်သည် ၁၉၆၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ တကြိမ်၊ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တကြိမ်နှင့် ၂၀၂၁ ခုနှစ် စစ်အာဏသိမ်းမှုနောက်ပိုင်းတွင် တကြိမ် ထိုတောင်းဆိုမှုများကို ဗဟိုချုပ်ကိုင် အုပ်ချုပ်ရေးအောက်တွင် နှိပ်ကွပ်သည်။ ဖက်ဒရယ်စနစ်ကို ဘေးဖယ်ထားရုံသာမကဘဲ အမျိုးသားညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုဟုပင် သတ်မှတ်သည်။
ယနေ့တွင် အောက်ခြေမှ အထက်သို့ လာသည့် ဖက်ဒရယ်စနစ်သည် အယူအဆတခုမျှသာ မကတော့ဘဲ လက်တွေ့ ဖြစ်လာနေသည်။ ဥပမာအားဖြင့် ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် ၎င်း၏ ကြားဖြတ် အုပ်ချုပ်ရေးကောင်စီသည် အုပ်ချုပ်ရေးထိန်းချုပ်မှုကို ခုနစ်မြို့နယ်မှ ၁၆ မြို့နယ်သို့ တိုးချဲ့လိုက်သည်။
ထိုဒေသဆိုင်ရာ အင်စတီကျူးရှင်းများသည် ကျန်းမာရေးနှင့် ပညာရေးမှသည် လူမှုသိုက်အဝန်း တရားမျှတမှုအထိ ဝန်ဆောင်မှုများ ပေးနေသည်။ အမျိုးသားအဆင့်တွင် NUCC သည် ဖက်ဒရယ်စီမံအုပ်ချုုပ်ရေးအတွက် နိုင်ငံရေးမူကြမ်းဖြစ်သည့် ဖက်ဒရယ် အသွင်ကူးပြောင်းရေး အခြားအစီအစဉ် (AFTA) မှတဆင့် ညီညွတ်ရေးမူဘောင်တခုကို တိုးတက်အောင် လုပ်နေသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ပေါ်ပေါက်မည်ဟု မျှော်လင့်ရသည့် မူကြမ်းတခုနှင့်အတူ ထိုလုပ်ငန်းစဉ်သည် ယခင်မကြုံဖူးသည့် လူမျိုးစုစုံ ညှိနှိုင်းဆောင်ရွက်ခြင်းကို ထင်ဟပ်နေသည်။
သို့သော် အရေးပါသည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ NUG ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ အဆိုပြုချက်သည် လုံလောက်စွာ အာဏာခွဲဝေမှုက ခိုင်မာမှု မရှိခြင်းနှင့် လူနည်းစုအခွင့်အရေးများကို ခိုင်မာစွာ ကာကွယ်ရန် ပျက်ကွက်ခြင်း စသည့် လူမျိုးစုမိတ်ဖက်များထံမှ အပြုသဘောဆောင်သော တုံ့ပြန်အကြံပေးမှုများ ရင်ဆိုင်နေရသည်။
ထိုကိစ္စသည် လူမှုပဋိညာဉ်သစ် တည်ဆောက်ရန် အသေးစိတ်အားထုတ်မှုနှင့် တူပြီး ပဋိပက္ခ၏ အမာရွတ်များနှင့် မအောင်မြင်သော အပစ်အခတ်ရပ်စဲရေး သင်ခန်းစာများက ပုံဖော်သည့် အားထုတ်မှုဖြစ်သည်။ တရားမျှတမှု၊ ယှဉ်တွဲနေထိုင်ခြင်းနှင့် တာဝန်ယူမှု တာဝန်ခံမှုကို ဗဟိုပြုပြီး အဆင့်မြင့်သဘောတူညီချက် သို့မဟုတ် စစ်ရေးကို ဗဟိုမပြုပေ။
သို့သော် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးစီမံချက်သည် အမြဲလိုလို ဝိုင်းပတ်ပိတ်ဆို့ခံနေရသည်။ လေကြောင်းတိုက်ခိုက်မှုများ၊ နေရပ်စွန့်ခွာရမှုများနှင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရေးလုပ်ရပ်သာ မဟုတ်ဘဲ တော်လှန်ပုန်ကန်မှုဖြင့် ရည်မှန်းထားသော အရေးပါသည့် အနာဂတ်ကို ဖျက်ဆီးရန် အားထုတ်မှုများလည်း ဖြစ်သည်။
သို့သော် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးစီမံချက်သည် အမြဲလိုလို ဝိုင်းပတ်ပိတ်ဆို့ခံနေရသည်။ လေကြောင်းတိုက်ခိုက်မှုများ၊ နေရပ်စွန့်ခွာရမှုများနှင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရေးလုပ်ရပ်သာ မဟုတ်ဘဲ တော်လှန်ပုန်ကန်မှုဖြင့် ရည်မှန်းထားသော အရေးပါသည့် အနာဂတ်ကို ဖျက်ဆီးရန် အားထုတ်မှုများလည်း ဖြစ်သည်။
အတိတ်ကနှင့်မတူဘဲ ထိုလှုပ်ရှားမှုသည် စီမံအုပ်ချုပ်ရေး စတင်ရန် အပစ်အခတ်ရပ်စဲရေးကို စောင့်မနေပေ။ စီမံအုပ်ချုပ်မှု တည်ဆောက်ရေးကို ပဋိပက္ခ၏ ဗဟိုချက်တွင်ပင် လုပ်ဆောင်နေသည်။
လုံးဝ ကွဲပြားခြားနေသည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တုံ့ပြန်မှုသည် အကွဲကွဲအပြားပြား ဖြစ်နေသည်။
မလေးရှားနှင့် အင်ဒိုနီးရှားသည် ဒီမိုကရက်တစ်အတိုက်အခံ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရေး အရေးပါသည့် ခြေလှမ်းကို လှမ်းသည်။ ထိုင်းနိုင်ငံက ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စေရန် ဝိဝါဒကွဲသည့် သေနင်္ဂဗျူဟာကို ဖက်တွယ်ထားသည်။
ဖိလစ်ပိုင်က သံတမန်ရေး မူဘောင်သစ် တောင်းဆိုသည်။ ကမ္ဘောဒီးယားက စစ်ကောင်စီ၏ ရွေးကောက်ပွဲတု အစီအစဉ်ကို ကျေနပ်နေသည်။ ဘုံသဘောတူညီချက် ငါးချက်ကို ဖြည့်ဆည်းရန် ပျက်ကွက်နေသော်လည်း ထိုအဖွဲ့က စစ်ကောင်စီကို တရားဝင်အဖွဲ့ဝင်ဟု ဆက်လက် သတ်မှတ်သည်။ ပြဿနာ၏ ဗဟိုချက်မှာ အာဆီယံပဋိညာဉ်၏ အခြေခံကျသော လစ်ဟာမှုဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသည့် အစိုးရပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ယန္တရားမရှိခြင်း ဖြစ်သည်။
မြန်မာ၏ အနာဂတ်ကို ဗိုလ်ချုပ်များ သို့မဟုတ် ရွေးကောက်ပွဲဇာတ်ညွှန်းများက ရေးသားနေသည် မဟုတ်ပေ။ လွတ်မြောက်မြို့နယ်များတွင် ပြုစုပြီး သတ္တိနှင့် ဆုံးဖြတ်ချက်က မောင်းနှင်သည့် စာသင်ခန်းများတွင် ရှင်သန်နေသည့် ဖက်ဒရယ်ပဋိညာဉ်တွင် ရေးသားထားသည်။
လမ်းကြောင်းပြောင်းရန် အချိန်မီသေးသည်။ တိုးချဲ့ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး အာဆီယံခေါင်းဆောင်များ၏ ကြေညာချက် (၂၀၂၅ ခုနှစ်၊ မေလ) သည် ကြိုဆိုရမည့် ခြေလှမ်းတခုဖြစ်သည်။
မလေးရှားသည် လူသားချင်းစာနာမှုဆိုင်ရာ ပါဝင်ပတ်သက်သူများနှင့်အတူ အပစ်အခတ်ရပ်စဲရေး လိုက်နာမှုကို အတည်ပြုရန်၊ အရပ်သားများကို ကာကွယ်ရန်၊ ဘေးကင်းလုံခြုံပြီး အချိန်မီ အကူအညီပေးပို့ရေးအတွက် အရပ်သား ဦးဆောင်သည့် နယ်စပ်လေ့လာစောင့်ကြည့်အဖွဲ့တခု စတင်ခြင်းဖြင့် ထိုကိစ္စကို အရှိန်မြှင့်တင်သင့်သည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ခြောက်လ အချိန်ကျန်သေးသောကြောင့် မလေးရှားသည် မြန်မာ့ ဒီမိုကရေစီရေးအတွက် အဆင့်မြင့် နိုင်ငံတကာညီလာခံကို အဆိုပြုပြီး အာဆီယံ၊ ကုလသမဂ္ဂတို့နှင့် ပူးတွဲကျင်းပနိုင်သည်။
ထိုသို့သော ထိပ်သီးဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေးအတွက် ပထမဆုံး တရားဝင်စင်မြင့်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ထိုထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ NUG, တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်များ ပါဝင်မည်ဖြစ်သည်။
မြန်မာ၏ အနာဂတ်ကို ဗိုလ်ချုပ်များ သို့မဟုတ် ရွေးကောက်ပွဲဇာတ်ညွှန်းများက ရေးသားနေသည် မဟုတ်ပေ။ လွတ်မြောက်မြို့နယ်များတွင် ပြုစုပြီး သတ္တိနှင့် ဆုံးဖြတ်ချက်က မောင်းနှင်သည့် စာသင်ခန်းများတွင် ရှင်သန်နေသည့် ဖက်ဒရယ်ပဋိညာဉ်တွင် ရေးသားထားသည်။
အာဆီယံက ရင်ဆိုင်ရမည့်မေးခွန်းမှာ မည်သို့ ဆက်လက် လုပ်ရမည်မဟုတ်ဘဲ မြန်မာနိုင်ငံသစ်ကို စိတ်ကူးပုံဖော် တည်ဆောက်ရဲသူများနှင့် ရပ်တည်ရန် အသင့် ရှိ၊ မရှိဆိုသောကိစ္စ ဖြစ်သည်။
(Lowy Institute ပါ Yuyun Wahyuningrum ၏ Myanmar’s federal future cannot be built on the junta’s foundations ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလခြေဥအတည်ပြုပြဌာန်း (ရုပ်/သံ)
ဖက်ဒရယ်ဒီမိုကရေစီ၊ အသွင်ကူးပြောင်းရေးကာလ အစိုးရနဲ့ အခြေခံဥပဒေသစ်
“ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကိုပဲ ဦးတည်ရမယ်”
လူထုဦးဆောင်တဲ့ ဖက်ဒရယ်စနစ်အတွက် အဆင်သင့်ဖြစ်နေပြီလား (ရုပ်/သံ)
“စစ်အာဏာရှင် စနစ်ပြုတ်ကျမှ ဖက်ဒရယ် အခွင့်အရေးရမှာ”(ရုပ်/သံ)














