အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စစ်အာဏာရှင်စနစ်အလွန် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းတွေဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဘယ်လိုပုံနဲ့ ပေါ်လာမလဲဆိုတာနဲ့ နှိုင်းယှဉ်စဉ်းစားပြီး လုပ်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လမ်းပြမြေပုံနဲ့ ဆက်စပ်စဉ်းစားဖို့ လိုတယ်။ လမ်းပြမြေပုံတွေကို အဓိကျတဲ့ နိုင်ငံရေးဇာတ်ကောင်တွေက သူတို့လုပ်ချင်တဲ့ပုံစံကို ဦးစားပေး ပုံဖော်ရေးသားလေ့ရှိတယ်။
စစ်ကောင်စီရဲ့ လမ်းပြမြေပုံ
စစ်ကောင်စီက သူတို့လုပ်ပေးမယ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အောက်မှာ ဖော်ပြထားတဲ့ လမ်းပြမြေပုံနဲ့ လုပ်ပေးမယ်လို့ ဆိုတယ်။ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဆိုတာဟာ သူတို့ရဲ့ လမ်းပြမြေပုံဖြစ်တယ်။ နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြလျက်ရှိတယ်။
စစ်ကောင်စီရဲ့ လမ်းပြမြေပုံက ၂၀၀၈ အခြေခံဥပဒေကိုပဲ ဆက်လက် ဆုပ်ကိုင်ထားတာမို့ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ် မပါဝင်တော့ပါ။ အချက် ၄ မှာ ဒီမိုကရေစီတို့၊ ဖက်ဒရယ်စနစ်တို့ ဆိုတာကို ဖော်ပြထားပြီး အချက် ၅ မှာ ရွေးကောက်ပွဲလုပ်၊ အာဏာလွှဲမယ်ဆိုတာ ဖော်ပြထားတယ်။
စစ်တပ်ကြီးစိုးရေးကို စနစ်တကျ စီမံ၊ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ဆိုတာကို ဘယ်လိုနည်းနဲ့မှ ဖော်ဆောင်လို့ မရနိုင်တာ အားလုံးအသိ ဖြစ်ပါတယ်။ သူတို့လုပ်မယ့် ရွေးကောက်ပွဲ တရားဝင်မှု ကင်းမဲ့တာ၊ နိုင်ငံတကာက အသိအမှတ်မပြုတာက တပိုင်းဖြစ်ပါတယ်။
စစ်တပ်ကြီးစိုးရေးကို စနစ်တကျ စီမံ၊ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ဆိုတာကို ဘယ်လိုနည်းနဲ့မှ ဖော်ဆောင်လို့ မရနိုင်တာ အားလုံးအသိ ဖြစ်ပါတယ်။ သူတို့လုပ်မယ့် ရွေးကောက်ပွဲ တရားဝင်မှု ကင်းမဲ့တာ၊ နိုင်ငံတကာက အသိအမှတ်မပြုတာက တပိုင်းဖြစ်ပါတယ်။
ဒီနေရာမှာ ထောက်ပြချင်တာက စစ်ကောင်စီ လုပ်ပေးမယ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံဟာ သူတို့က အာဏာထိန်းချုပ်ထားပြီး သူတို့ကပဲ တဖက်သတ် ဦးဆောင်လုပ်ပေးမယ့် အထက်ကနေ အောက်ကိုသွားတဲ့ (Top Down) လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတဲ့ အချက်ပါ။
Top Down လုပ်ငန်းစဉ်မှာ လမ်းပြမြေပုံ ဖော်ဆောင်သူတွေက သူတို့ လိုချင်တဲ့ နိုင်ငံရေးစနစ်ကို သွတ်သွင်းတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အများ သဘောတူ ပုံဖော်လုပ်ဆောင်တာမျိုး မဟုတ်ပါ။
ဒီမိုကရေစီပဋိညာဉ်ရဲ့ လမ်းပြမြေပုံ
အောက်မှာ တင်ပြထားတာကတော့ ဒီမိုကရေစီပဋိညာဉ် အခန်း ၃ မှာပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေး လမ်းပြမြေပုံ ဖြစ်တယ်။
(၁) စစ်အာဏာသိမ်းမှု အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပြုတ်ကျသည်အထိ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများ အပါအဝင် လူထုအထွေထွေသပိတ် လှုပ်ရှားမှုများကို အဆက်မပြတ် ဆက်လက်လှုပ်ရှား ဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း။
(၂) ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း။
(၃) နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် လူထုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း။
(၄) ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ရေးဆွဲအတည်ပြုခြင်း။
(၅) ဤပဋိညာဉ်နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Interim National Unity Government) ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း။
(၆) အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ အင်အားစုအားလုံး ပါဝင်သော ပြည်သူ့ ညီလာခံတရပ် ခေါ်ယူကျင်းပခြင်း။
(၇) အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
(၈) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း။
(၉) အသွင်ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းခြင်း။
(၁၀) တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း။
(၁၁) တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း။
(၁၂) အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာ ကျင့်သုံးခြင်း။
အချက် ၁၂ ချက်ထဲက ရှစ်ချက် လုပ်ဆောင်ပြီးကြောင်းနဲ့ နောက်ထပ် လေးချက် ကျန်သေးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တာဝန်ရှိသူတွေက ပြောပါတယ်။ အချက် ၉ ဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ အစိုးရ မဖွဲ့ရသေးတာဟာ အသွင်ကူးပြောင်းရေးကာလ မရောက်သေးကြောင်း NUCC တာဝန်ရှိသူတွေ သတ်မှတ်ထားလို့ ဖြစ်တယ်လို့ နားလည်ရတယ်။
အသွင်ကူးပြောင်းရေးကာလဟာ စစ်အာဏာရှင်စနစ်ဖြုတ်ချပြီးမှ ဖြစ်လာမယ်လို့ ပြောသူတွေရှိသလို အခုကို စတင်နေပြီလို့ ပြောနေသူတွေလည်း ရှိတယ်။
အသွင်ကူးပြောင်းရေးကာလဟာ စစ်အာဏာရှင်စနစ်ဖြုတ်ချပြီးမှ ဖြစ်လာမယ်လို့ ပြောသူတွေရှိသလို အခုကို စတင်နေပြီလို့ ပြောနေသူတွေလည်း ရှိတယ်။ စစ်ကောင်စီဘက်က စစ်စခန်းတွေ၊ နယ်မြေတွေ၊ မြို့တွေ ဆုံးရှုံးပြီးရင်း ဆုံးရှုံးနေတာ၊ လွတ်မြောက်နယ်မြေတွေ များလာတာ၊ လွတ်မြောက်လာတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EAO/ERO) တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အုပ်ချုပ်ရေး လုပ်ဆောင်နေတာ၊ ပြည်သူတွေကို အဓိကကျတဲ့ ဝန်ဆောင်မှုတွေ ပေးနေတာတွေဟာ အသွင်ကူးပြောင်းရေးကာလ စတင်နေပြီဆိုတာကို ညွှန်းဆိုတဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ဖြုတ်ချပြီးမှ အချက် ၉ အရ အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့မယ်လို့ပြောရာမှာ ကျန်တဲ့ သုံးချက်ကို အသွင်ကူးပြောင်းရေးကာလ အစိုးရက ဆက်လုပ်မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ သေချာတာက လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အသွင်ကူးပြောင်းရေးကာလ အစိုးရ မဟုတ်ဘဲ အသစ်ဖွဲ့တာ၊ ဒါမှမဟုတ် NUG ကို ပြောင်းလဲ ဖွဲ့စည်းတာမျိုးဖြစ်တယ် ဆိုတာကို လမ်းပြမြေပုံအရကို သက်သေပြနေတယ်။
အသွင်ကူးပြောင်းရေးကာလ အခုစတင်နေပြီလို့ သတ်မှတ်ရင် NUG ကို အခုပဲ ပြောင်းလဲ ဖွဲ့စည်းနိုင်ပြီး အသွင်ကူးပြောင်းကာလ အစိုးရ တည်ထောင်လို့ ရတယ်။ ဒီကိစ္စကို အောက်မှာ ဆက်လက် ဆွေးနွေးဖို့ ရှိပါတယ်။
အသွင်ကူးပြောင်းရေးအစိုးရက ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ်ဆိုတာဟာလည်း Top Down လုပ်ငန်းစဉ်ပါ။ အချက် ၁၀ အရ တိုင်းပြုပြည်ပြုညီလာခံ (သို့မဟုတ်) တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ၊ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်ဆိုရာမှာ လက်တွေ့ကျကျ စဉ်းစားရမယ့် အချက်တွေရှိတယ်။
တိုင်းပြည်ပြည်ပြုလွှတ်တော်အမတ်တွေက သူတို့သဘောနဲ့ သူတို့ရေးပြီး အချက် ၁၁ အရ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်ဆိုတာ အန္တရာယ်များတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ဥပဒေရေးရာမှာ အခြေခံရမယ့် မူတွေကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ပါဝင်မယ့် ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေက အရင် ချမှတ်ပေးထားသင့်တယ်။
တခါ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုတာကို ရှောင်သင့်တယ်။ မြန်မာနိုင်ငံမှာ ဗမာလူဦးရေက ထက်ဝက်ကျော် ဖြစ်နေတဲ့အတွက် ဗမာတွေရဲ့ သဘောထားက ကျန်တိုင်းရင်းသားတွေရဲ့ သဘောထားကို လွှမ်းမိုးသွားလိမ့်မယ်။
အမေရိကန် ပြည်ထောင်စုမှာ ၁၇၈၈ ခုနှစ်က ဖက်ဒရယ် အခြေခံဥပေဒကို အတည်ပြုသလိုမျိုး ဖက်ဒရယ် ပြည်ထောင်စုမှာ ပါဝင်မယ့် ပြည်နယ်တွေက သီးခြားစီ အတည်ပြုပြီး၊ ပြည်နယ် စုစုပေါင်း (XX) ရာခိုင်နှုန်းက အတည်ပြုရမယ် ဆိုတာမျိုး ဖြစ်သင့်တယ်။ ဒါမှ တိုင်းရင်းသားလူမျိုးအသီးသီ အခြေခံဥပဒေကို အတည်ပြုနိုင်မှာ၊ တန်းတူအခွင့်အရေး ရမှာ ဖြစ်တယ်။ (အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲပုံနဲ့ အတည်ပြုပုံကို လေ့လာနိုင်အောင် ဆောင်းပါး အဆုံးမှာ နောက်ဆက်တွဲ အနေနဲ့ ဖော်ပြထားပါတယ်။)
သေချာတာက ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံဟာလည်း Top Down ဖြစ်တယ်။ စစ်ကောင်စီရဲ့ လမ်းပြမြေပုံရော ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံရောဟာ ဗဟိုအာဏာပိုင်အဖွဲ့ တခုက လုပ်ဆောင်ပေးတာ ဖြစ်တယ်။ Top Down မှာ ပြည်နယ်တွေက အခြေခံဥပဒေရဲ့ အမွေးဖွားခံတွေလို ဖြစ်နေတယ်။ Top Down ပုံစံဟာ လက်တွေ့ စစ်ရေး၊ နိုင်ငံရေး ဖြစ်ထွန်းမှုတွေနဲ့ ကိုက်ညီမှုရှိလား ဆန်းစစ်ရပါမယ်။
သေချာတာက ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံဟာလည်း Top Down ဖြစ်တယ်။ စစ်ကောင်စီရဲ့ လမ်းပြမြေပုံရော ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံရောဟာ ဗဟိုအာဏာပိုင်အဖွဲ့ တခုက လုပ်ဆောင်ပေးတာ ဖြစ်တယ်။ Top Down မှာ ပြည်နယ်တွေက အခြေခံဥပဒေရဲ့ အမွေးဖွားခံတွေလို ဖြစ်နေတယ်။ Top Down ပုံစံဟာ လက်တွေ့ စစ်ရေး၊ နိုင်ငံရေး ဖြစ်ထွန်းမှုတွေနဲ့ ကိုက်ညီမှုရှိလား ဆန်းစစ်ရပါမယ်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းထဲက ပေါ်လာမယ့် လမ်းပြမြေပုံ
လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းဟာ လွတ်မြောက်တဲ့ တိုင်းရင်းသားပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေ တိုးများလာရေးကို ဦးတည်နေတယ်။ လွတ်မြောက်လာတဲ့ ပြည်နယ်နဲ့ နယ်မြေတွမှာ EAO/ERO တွေနဲ့ တော်လှန်ရေးအင်အားစုတွေက အုပ်ချုပ်ရေးလုပ်နေကြပါပြီ။
ဗဟိုအာဏာပိုင်အဖွဲ့ ထိန်းချုပ်မှု၊ လမ်းညွှန်မှုအောက်မှာ သွားနေတာမျိုး မဟုတ်ပါ။ နှိုင်းယှဉ်ချက်အရပြောရင် အမေရိကန်မှာ တော်လှန်ရေးအပြီး ၁၇၇၆ ခုနှစ်မှာ လွတ်လပ်တဲ့ ပြည်နယ် ၁၃ ခု ပေါ်လာသလို ဖြစ်ပါတယ်။
အဲဒီပြည်နယ် ၁၃ ခုဟာ အစပိုင်းမှာ ကွန်ဖက်ဒရေးရှင်း လျော့ရိလျော့ရဲ မဟာမိတ်ပုံစံနဲ့ ရပ်တည်ခဲ့တယ်။ နှစ်အနည်းငယ် ကြာတဲ့အခါ ဘုံအကျိုးစီးပွားအတွက် ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်တာကို သိလာကြတယ်။
၁၇၈၇ ခုနှစ်မှာ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲ၊ ၁၇၈၈ ခုနှစ်မှာ ပြည်နယ်တွေက သီခြားစီ အတည်ပြုပြီး၊ ၁၇၈၉ ခုနှစ်မှာ ကွန်ဖက်ဒရေးရှင်းကနေ ဖက်ဒရယ်နိုင်ငံအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်။ ဖက်ဒရယ်အစိုးရ ဖြစ်လာမယ့် အစိုးရတရပ်ကို ပြည်နယ် ၁၃ ခုက လုပ်ပိုင်ခွင့်အာဏာ သတ်မှတ်ပြီး မွေးဖွားပေးလိုက်တာပါ။ ဖက်ဒရယ်အစိုးရက ပြည်နယ်တွေကို မွေးဖွားပေးတာ မဟုတ်ပါ။ ပြည်နယ်တွေက ပူးပေါင်းပြီး ဖက်ဒရယ်အစိုးရကို မွေးဖွားပေးတဲ့ အောက်ခြေကနေ အထက်ကို သွားတဲ့ Bottom Up ပုံစံဖြစ်ပါတယ်။
ဘယ်လို ဖက်ဒရယ်စနစ်လဲ၊ ဘယ်လို ဒီမိုကရေ စီစနစ်လဲ၊ ဘယ်လို လွှတ်တော်စနစ်လဲ၊ ဘယ်လို အစိုးရစနစ်လဲ၊ အာဏာဘယ်လို ခွဲဝေကျင့်သုံးမလဲ စတဲ့ အရေးကြီး နိုင်ငံရေးမူတွေကို ပြည်နယ်တွေက ဆုံးဖြတ်တာပါ။ ဗဟိုအာဏာပိုင်အဖွဲ့တခုက ဆုံးဖြတ်တာ မဟုတ်ပါ။
လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းထဲက ပေါ်လာမယ့်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်မယ့် လမ်းပြမြေပုံဟာ Bottom Up ပုံစံ ဖြစ်ပါတယ်။ Bottom Up လုပ်ငန်းစဉ်မှာ အခြေခံဥပဒေတရပ်ရပ်ကို ကြိုတင်ရေးထားတာမျိုး မရှိပါ။ ဖက်ဒရယ်ပြည်ထောင်စုမှာ လာရောက်ပူးပေါင်းမယ့် ပြည်နယ်တွေ၊ ယူနစ်တွေက ပူပေါင်းဖို့ အချိန်တန်တဲ့အခါကျမှ ရေးဆွဲရမှာပါ။
လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းထဲက ပေါ်လာမယ့်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်မယ့် လမ်းပြမြေပုံဟာ Bottom Up ပုံစံ ဖြစ်ပါတယ်။ Bottom Up လုပ်ငန်းစဉ်မှာ အခြေခံဥပဒေတရပ်ရပ်ကို ကြိုတင်ရေးထားတာမျိုး မရှိပါ။ ဖက်ဒရယ်ပြည်ထောင်စုမှာ လာရောက်ပူးပေါင်းမယ့် ပြည်နယ်တွေ၊ ယူနစ်တွေက ပူပေါင်းဖို့ အချိန်တန်တဲ့အခါကျမှ ရေးဆွဲရမှာပါ။
ပူးပေါင်းမယ့် ပြည်နယ်တွေက အထက်မှာ တင်ပြခဲ့တဲ့ အမေရိကန် ဥပမာလို လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူတွေကို အများသဘောတူ သတ်မှတ်ပြီးမှ ရေးဆွဲတာမျိုးပါ။ ကြိုတင်ရေးထားတဲ့ အခြေခံဥပဒေ တရပ်ကို သွတ်သွင်းတာမျိုး မဟုတ်ပါ။
အခုအခါမှာ မြန်မာ့နိုင်ငံရေးအင်အားစုတချို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အခြေခံဥပဒေ ရေးဆွဲနေတာ တွေ့နေရတယ်။ အဲဒါတွေဟာ နောင်တချိန် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေရေးဆွဲဖို့ လိုအပ်လာရင် အတွေ့အကြုံရအောင် လေ့ကျင့်တဲ့သဘောဖြစ်သင့်တယ်။ သွတ်သွင်းဖို့ အခြေခံဥပဒေတရပ် ကြိုတင် ရေးထားတာမျိုး မဖြစ်သင့်ပါ။
နိုင်ငံတော်အဆင့် အသွင်ကူးပြောင်းရေးအစိုးရ
EAO/ERO တွေဟာ သူတို့ ထိန်းချုပ်နယ်မြေတွေမှာ အရင်ကတည်းက အုပ်ချုပ်ရေးလုပ်ငန်းတွေ ချမှတ်လုပ်ဆောင်တဲ့ အတွေ့အကြုံရှိပါတယ်။ အခုဆို EAO/ERO တွေ ထိန်းချုပ်တဲ့ လွတ်မြောက်နယ်မြေတွေ ကျယ်လာပြီး အုပ်ချုပ်ရေးအပြင် အခြေခံကျတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုပါ တိုးချဲ့လုပ်ဆောင်နေပါတယ်။ ဒါတွေကို ခြုံလိုက်ရင် EAO/ERO တွေရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့ ခေါင်းဆောင်တွေဟာ de facto တရားဝင်မှု ရှိပါတယ်။
EAO/ERO တွေဟာ ကိုယ့်ဒေသအတွက်ကိုသာ အဓိကထား တော်လှန်ရေး၊ နိုင်ငံရေး လုပ်လာကြတဲ့အတွက် နိုင်ငံတော်အဆင့်နိုင်ငံရေး (national politics) မှာ ဗမာတွေကို အလိုအလျောက် နေရာပေးထားသလို ဖြစ်လာခဲ့တယ်။ တိုင်းရင်းသားတွေက မိမိတို့ဘာသာ နိုင်ငံတော်အဆင့်နိုင်ငံရေးကနေ ကင်းကွာအောင်နေပြီး ဗမာတွေကို ခြယ်လှယ်ခွင့် ပေးထားသလို ဖြစ်နေတယ်။
၁၉၄၇ အခြေခံဥပဒေ အခန်း ၁၀ အရ တိုင်းရင်းသားပြည်နယ်တွေဟာ လွတ်လပ်ရေးရပြီး ၁၀ နှစ် အကြာမှာ ခွဲထွက်လိုက ခွဲထွက်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဘယ်တိုင်းရင်းသားကမှ ခွဲထွက်ဖို့ မကြိုးစားခဲ့ဘူး။ ၁၉၄၇ အခြေခံဥပဒေက ဗမာတွေကြီးစိုးတဲ့ ဖက်ဒရယ်စနစ်အတုကို ပြဋ္ဌာန်းထားတယ်။ တိုင်းရင်းသားအားလုံး တန်းတူဖြစ်စေမယ့် ဖက်ဒရယ်စနစ်စစ်စစ် ရရှိရေးအတွက်သာ ငြိမ်းချမ်းစွာ ကြိုးပမ်းခဲ့တယ်။
၁၉၅၈-၁၉၆၂ ခုနှစ်တွေမှာ တွေ့ခဲ့ရတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်လှုပ်ရှားမှုဟာ ဗမာကြီးစိုးတဲ့ နိုင်ငံရေးကို အဆုံးသတ်ပြီး တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူ နိုင်ငံတော်အဆင့် နိုင်ငံရေးမှာ ပါဝင်ခွင့်ရဖို့ ကြိုးပမ်းမှုပါ။
ဒါပေမဲ့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖက်ဒရယ်စစ်စစ်စနစ် တောင်းဆိုတဲ့ တိုင်းရင်းသား အားလုံးကို လက်နက်ကိုင်တော်လှန်ရေးဆီ တွန်းပို့ လိုက်တယ်။ တိုင်းရင်းသားတိုင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အလျှိုအလျှို ပေါ်လာကြတယ်။ အဲဒီကတည်းက တိုင်းရင်းသားတွေဟာ မိမိလူမျိုး လွတ်မြောက်ရေးကိုသာ အဓိကထားလာပြီး နိုင်ငံတော်အဆင့်နိုင်ငံရေးနဲ့ ကင်းကွာလာခဲ့တယ်။ စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်မှုအောက်မှာ ဗမာတွေကလည်း တိုင်းရင်းသားတွေ လိုလားတောင်းဆိုတဲ့ ဖက်ဒရယ်စနစ်ဆိုတာကို ခွဲထွက်ရေးယောင်ယောင် မရေမရာ နားလည်ခံယူထားကြတယ်။
နွေဦးတော်လှန်ရေးနဲ့အတူ တန်ဖိုးကြီးတဲ့ အပြုသဘော ဖြစ်ထွန်းမှုတွေထဲမှာ တိုင်းရင်းသားတွေ လိုလားတောင်းဆိုတဲ့ ဖက်ဒရယ်စနစ်ကို ဗမာတွေက ထောက်ခံ၊ လက်ခံလာကြပြီး နားလည်အောင် လေ့လာဆည်းပူးနေကြတာ၊ EAO/ERO ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်က လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ လွတ်မြောက်ရေး ခေါင်းဆောင်တွေအဖြစ် လက်ခံ၊ ယုံကြည်လာတာတွေ ပါဝင်တယ်။
နွေဦးတော်လှန်ရေးနဲ့အတူ တန်ဖိုးကြီးတဲ့ အပြုသဘော ဖြစ်ထွန်းမှုတွေထဲမှာ တိုင်းရင်းသားတွေ လိုလားတောင်းဆိုတဲ့ ဖက်ဒရယ်စနစ်ကို ဗမာတွေက ထောက်ခံ၊ လက်ခံလာကြပြီး နားလည်အောင် လေ့လာဆည်းပူးနေကြတာ၊ EAO/ERO ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်က လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ လွတ်မြောက်ရေး ခေါင်းဆောင်တွေအဖြစ် လက်ခံ၊ ယုံကြည်လာတာတွေ ပါဝင်တယ်။
ဒီအခြေအနေဟာ ဗမာ မဟုတ်တဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ နိုင်ငံတော်အဆင့်နိုင်ငံရေး ဦးဆောင်မှုနေရာကို တက်လှမ်းဖို့၊ မိမိပြည်နယ် လူမျိုးရေးအပြင် တနိုင်ငံလုံးအရေးမှာ ဦးဆောင်မှုပေးဖို့ အသင့်တော်ဆုံးအချိန်ကို ဆိုက်ရောက်နေပါတယ်။
တိုင်းရင်းသားပြည်နယ်တွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ဒေသအလိုက် သီးခြားစီဖြစ်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေကို တနိုင်ငံလုံး အတိုင်းအတာဆောင်မယ့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အဖြစ် အဆင့်မြှင့်တင်ဖို့ အချိန်တန်နေပါပြီ။ တနိုင်ငံလုံး အသွင်ကူးပြောင်းပြီး လွတ်မြောက်ပါမှ အခုလွတ်မြောက်နေတဲ့ နယ်မြေတွေ အာမခံချက် ရှိမယ်။
အထက်က အချက်တွေအားလုံးကို ပေါင်းခြုံလိုက်ရင် EAO/ERO ခေါင်းဆောင်တွေ ပါဝင်တဲ့ အစိုးရတရပ် ဖော်ဆောင်ဖို့ လိုအပ်နေပါပြီ။ အဲဒီအစိုးရဟာ နိုင်ငံတော်အဆင့် အသွင်ကူးပြောင်းရေးအစိုးရ ဖြစ်လာပါမယ်။ အဲဒီအစိုးရဟာ NUG ကို ပြောင်းလဲ ဖွဲ့စည်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ လက်ရှိ NUG အစိုးရ မဟုတ်ဘူး။ အခုအချိန်မှာ အသွင်ကူးပြောင်းရေးအစိုးရမှာ ပါဝင်နိုင်တဲ့ EAO/ERO တွေ ပါဝင်ဖွဲ့စည်းပြီး အခြေအနေအရ နောက်မှ ပါဝင်လာနိုင်မဲ့ EAO/ERO ခေါင်းဆောင်တွေအတွက်လည်း တံခါးဖွင့်ထားပေးရမယ်။
အသွင်ကူးပြောင်းရေးအစိုးရအတွက် အခြေခံဥပဒေ
အသွင်ကူးပြောင်းရေးကာလမှာ လိုအပ်တဲ့ ပြဋ္ဌာန်းချက်တွေကိုသာ အဓိကထား ဖော်ပြမယ့် အသွင်ကူးပြောင်းရေးကာလ အစိုးရ အခြေခံဥပဒေ လိုအပ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ ရေးဆွဲတဲ့ လုပ်ငန်းစဉ်ဟာလည်း အများပါဝင်နိုင်မှု (inclusive) နဲ့ ပွင့်လင်းမြင်သာမှု (transparency) ရှိဖို့လိုမယ်။ အများပါဝင်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိပါမှ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်ဟာ တရားဝင်မှုရှိနိုင်မယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် လမ်းပြမြေပုံထဲက ရှစ်ချက်ကို လုပ်ဆောင်ပြီးဖြစ်တယ်လို့ NUCC တာဝန်ရှိသူတွေက ပြောတဲ့အတွက် အချက် ၈ ဖြစ်တဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးပြီလို့ နားလည်ပါတယ်။
ဘယ်အချိန်က ဘယ်သူတွေ ဘယ်လိုမျိုး ရေးဆွဲခဲ့သလဲဆိုတာကို ထုတ်ပြန်ပြီးသား ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ သိရှိသူနည်းပါတယ်။ အများပါဝင်မှု၊ ပွင်လင်းမြင်သာမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်နိုင်တယ်။ အဲဒီကတဆင့် ရေးဆွဲထားပြီးဆိုတဲ့ အခြေခံဥပဒေအပေါ် မေးခွန်းထုတ်မှု ဖြစ်လာနိုင်တယ်။ အများပါဝင်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ် နောက်တကျော့ ပြန်လုပ်ဖို့ လိုအပ်မယ်။
ရေရှည်မှာ ကျင့်သုံးမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် နိုင်ငံ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို အသွင်ကူးပြောင်းရေးအစိုးရ လက်ထက်မှာ ရေးဆွဲရမှာ ဖြစ်ပါတယ်။
ရေရှည်မှာ ကျင့်သုံးမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် နိုင်ငံ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို အသွင်ကူးပြောင်းရေးအစိုးရ လက်ထက်မှာ ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တောင်အာဖရိကမှာ လုပ်ဆာင်ခဲ့တာကို လိုအပ်ရင် ကိုးကားနိုင်အောင် တင်ပြလိုပါတယ်။
တောင်အာဖရိကမှာ အသားအရောင်ခွဲခြားမှု ကာလအလွန်မှာ ၁၉၉၄ ခုနှစ် ကြားဖြတ်အခြေခံဥပဒေနဲ့ (တောင်အာဖရိကမှာ Interim Constitution လို့ခေါ်) နဲ့ အုပ်ချုပ်နေတဲ့ အစိုးရလက်ထက်မှာ အနာဂတ်မှာ ကျင့်သုံးမယ့် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲပါတယ်။
အဲဒီလိုရေးဆွဲရာမှာ အခြေခံရမယ့် အခြေခံဥပဒေဆိုင်ရာမူ ၃၄ ချက်ကို ၁၉၉၃ ခုနှစ်၊ ဧပြီလမှာ ပြုလုပ်တဲ့ နိုင်ငံရေးအင်အားစု ပေါင်းစုံ ပါဝင်တဲ့ Multi-Party Negotiation Process ကနေ သတ်မှတ်ပေးလိုက်တယ်။ နှစ်နှစ် အချိန်ယူ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေသစ်ကို သာမန် ဥပဒေပြုလွှတ်တော်ကနေ အသွင်ပြောင်းလာတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်က ၁၉၉၆ ခုနှစ်၊ မေလ ၈ ရက်မှာ ၈၆ ရာခိုင်နှုန်း ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေပြဋ္ဌာန်းချက်တချို့ဟာ အခြေခံဥပဒေဆိုင်ရာမူတွေနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရှိရတဲ့အတွက် အတည်ပြုချက်ပေးဖို့ အခြေခံဥပဒေဆိုင်ရာ တရားရုံးက စက်တင်ဘာလ ၆ ရက်မှာ ပယ်ချခဲ့ပါတယ်။ အောက်တိုဘာလ ၁၁ ရက်မှာ ပြန်လည် ပြင်ဆင်ထားတဲ့ အခြေခံဥပဒေကို တင်ပြတဲ့အခါမှ အခြေခံဥပဒေတရားရုံးက အတည်ပြုခဲ့တယ်။
သမ္မတ နယ်လ်ဆင် မန်ဒဲလားက ဒီဇင်ဘာလ ၁၀ ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ တောင်အာဖရိက အခြေခံဥပဒေသစ် ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အသက်ဝင်လာပါတယ်။
တောင်အာဖရိက အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်မှာ အရေးကြီး အဆင့် သုံးဆင့် ပါနေတာကို သတိပြုသင့်တယ်။ (၁) နိုင်ငံရေးအင်အားစုတွေ အခြေခံဥပဒေဆိုင်ရာမူ ၃၄ ချက်ကို ကြိုတင်ညှိနှိုင်း သဘောတူညီရယူခဲ့ခြင်း၊ (၂) ထိုအခြေခံမူတွေအရ တိုင်းပြုပြည်ပြုလွှတ်တော်က ဥပဒေရေးသားခြင်း၊ (၃) ကြိုတင်ရယူထားတဲ့ အခြေခံမူတွေနဲ့ ရေးထားတဲ့ အခြေခံဥပဒေ ကိုက်ညီမှု ရှိ၊ မရှိ လွတ်လပ်တဲ့ တရားရုံးက စိစစ်ခြင်း ဆိုတာတွေပါ။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရဟာ တောင်အာဖရိကမှာလို အများပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကို ကမကထပြု ကျင်းပပြီး အနာဂတ်မှာ ကျင့်သုံးမယ့် အခြေခံဥပဒေအတွက် အရေးကြီး အခြေခံဥပဒေဆိုင်ရာမူတွေကို ချမှတ်ပေးဖို့လိုမယ်။
အခြေခံဥပဒေဆိုင်ရာ မူတွေကို ဆွေးနွေးတာဟာ မတူကွဲပြားတဲ့ အင်အားစုတွေအကြား နိုင်ငံရေး ဘုံသဘောတူညီချက် ရရှိအောင် ညှိနှိုင်းတာဖြစ်လို့ အသင့်ရေးဆွဲထားပြီးသား အခြေခံဥပဒေတရပ်လုံးကို ဆွေးနွေးတာနဲ့ မတူပါ။ ပုဒ်ထီး၊ ပုဒ်မ မျိုးစုံနဲ့ အသေးစိတ် အသင့်ရေးထားတဲ့ အခြေခံဥပဒေကို ဆွေးနွေးရင် အငြင်းပွားဖွယ်ရာတွေ အများအပြား ထွက်လာပြီး သဘောတူညီမှုရဖို့ ခက်ခဲနိုင်ပါတယ်။ ဥပဒေ ပုဒ်ထီး၊ ပုဒ်မတွေကို အသေးစိတ် ဆွေးနွေးတာဟာ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေက လုပ်ရမယ့် အလုပ်ပါ။
အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ယူမယ့် EAO/ERO ခေါင်းဆောင်တွေအတွက် အရေးကြီးပြီး ပိုမိုလုပ်သင့်တာက အခြေခံဥပဒေဆိုင်ရာမူတွေကို မတူကွဲပြားတဲ့ အုပ်စုတွေအကြား ဆွေးနွေး၊ ညှိနှိုင်း၊ သဘောတူညီမှုရအောင် လုပ်ဖို့ဖြစ်ပါတယ်။
အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ယူမယ့် EAO/ERO ခေါင်းဆောင်တွေအတွက် အရေးကြီးပြီး ပိုမိုလုပ်သင့်တာက အခြေခံဥပဒေဆိုင်ရာမူတွေကို မတူကွဲပြားတဲ့ အုပ်စုတွေအကြား ဆွေးနွေး၊ ညှိနှိုင်း၊ သဘောတူညီမှုရအောင် လုပ်ဖို့ဖြစ်ပါတယ်။
အဲဒီမူတွေကို အခြေခံပြီး တိုင်းပြုပြည်ပြုလွှတ်တော်၊ သို့မဟုတ် ပညာရှင်အုပ်စု၊ သို့မဟုတ် ရှိနေတဲ့နိုင်ငံရေး အခင်းအကျင်းနဲ့အညီ ဖော်ဆောင်နိုင်တဲ့အဖွဲ့က အခြေခံဥပဒေ ဖြစ်လာအောင် ဆက်လက်ရေးဆွဲနိုင်တယ်။ တောင်အာဖရိကမှာလို ရေးဆွဲလိုက်တဲ့ အခြေခံဥပဒေဟာ ကြိုတင်ချမှတ်ထားတဲ့ အခြေခံဥပဒေဆိုင်ရာမူတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်မယ့်အဖွဲ့နဲ့ လုပ်ငန်းစဉ်လည်း ရှိသင့်တယ်။
ဖက်ဒရယ်ဒီမိုကရေစီ အခြေခံဥပဒေသစ်ကို တနိုင်ငံလုံး လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုတာမျိုး မလုပ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်မှာ ပါဝင်မယ့် ပြည်နယ်တွေ၊ ယူနစ်တွေက သီးခြားစီ အတည်ပြုဖို့လိုမယ်။ စုစုပေါင်း ပြည်နယ်၊ ယူနစ် (XX) ရာခိုင်နှုန်း အတည်ပြုရင် အခြေခံဥပဒေ အသက်ဝင်တယ်လို့ သတ်မှတ်နိုင်တယ်။ အမေရိကန် ပြန်ထောင်စုမှာ အတည် ပြုခဲ့သလိုမျိုးပါ။
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်လာမယ့်ပုံစံဟာ Top Down ပုံစံမဟုတ်ဘဲ အမေရိကန် ပြည်ထောင်စုမှာ ပေါ်လာသလို Bottom Up ပုံစံဖြစ်ဖို့ တာစူနေတာကို အထက်မှာ တင်ပြခဲ့ပြီးဖြစ်တယ်။ အဲဒါနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ် ဖြစ်သင့်ပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲ၊ အတည်ပြုပုံ
အမေရိကန် ပြည်ထောင်စုမှာ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ဖြစ်စဉ်ဟာ အမေရိကန်သမိုင်းမှာ အရေးအပါဆုံး အကူးအပြောင်းတခုဖြစ်ပါတယ်။ ၁၇၇၆ ခုနှစ်ကတည်းက ပြည်နယ် ၁၃ ခု ကျင့်သုံးလာတဲ့ Articles of Confederation ကို ပိုမိုအားကောင်းတဲ့ ဖက်ဒရယ်အစိုးရစနစ်အဖြစ် ကူးပြောင်းတဲ့ သမိုင်းမှတ်တိုင်ပါ။ အမေရိကန် ပြည်ထောင်စု အခြေခံဥပေဒ ရေးဆွဲခြင်းနဲ့ အတည်ပြုခြင်းဖြစ်စဉ်ထဲက အဓိကအဆင့်တွေနဲ့ အဖြစ်အပျက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
(၁) အခြေခံဥပဒေရေးဆွဲခြင်း ။ ။ အမေရိကန်အခြေခံဥပဒေကို ၁၇၈၇ ခုနှစ်၊ မေလ ၂၅ ရက်မှ စက်တင်ဘာလ ၁၇ ရက်အထိ ဖီလာဒဲလ်ဖီးယားမြို့မှာ ကျင်းပတဲ့ အခြေခံဥပဒေညီလာခံ (Constitutional Convention) မှာ ရေးဆွဲခဲ့တယ်။ ပြည်နယ် ၁၃ ခုအနက် ရိုဒီအိုက်စ်လန် ပြည်နယ်မှအပ ၁၂ ခုက ကိုယ်စားလှယ်တွေ စုဝေးပြီး Articles of Confederation ရဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့နဲ့ အားကောင်းတဲ့ အစိုးရစနစ်သစ်တစ်ခု ဖန်တီးဖို့ ဆွေးနွေးခဲ့ကြတယ်။
(၂) အခြေခံဥပဒေကို လက်မှတ်ရေးထိုးခြင်း ။ ။ ၁၇၈၇ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ အခြေခံဥပဒေကို ကိုယ်စားလှယ် ၅၅ ဦးအနက် ၃၉ ဦးက လက်မှတ်ရေးထိုးခဲ့တယ်။ အဲဒီနောက် အခြေခံဥပဒေကို အတည်ပြု ပေးနိုင်ရန် ပြည်နယ်တွေကို ပေးပို့ခဲ့တယ်။
(၃) အတည်ပြုခြင်းဖြစ်စဉ် ။ ။ အခြေခံဥပဒေသစ် အသက်ဝင်လာဖို့အတွက် ပြည်နယ် ၁၃ ခုအနက် အနည်းဆုံး ကိုးခု အတည်ပြုဖို့ လိုအပ်တယ်။ အတည်ပြုတဲ့ဖြစ်စဉ်မှာ ပြည်နယ်တွေက သီးသန့် ညီလာခံတွေ ကျင်းပပြီး အခြေခံဥဒေကို ဆွေးနွေး၊ အတည်ပြုခဲ့ကြတယ်။
(၄) ဖက်ဒရယ်စနစ် လိုလားသူတွေ (Federalists) နဲ့ ဆန့်ကျင်သူတွေ (Anti-Federalists) ။ ။ ဖက်ဒရယ်စနစ် လိုလားသူများက အခြေခံဥပဒေကို ထောက်ခံပြီး အားကောင်းတဲ့ ဗဟိုအစိုးရ လိုလားကြသူတွေပါ။ ဖက်ဒရယ်စနစ်လိုလားသူ အလက်ဇန်းဒါး ဟာမီလ်တန်၊ ဂျိမ်းစ် မက်ဒီဆန်နဲ့ ဂျွန်ဂျေး တို့က ဖက်ဒရယ်စာတမ်း (Federalist Papers) တွေ ရေးသားကာ အခြေခံဥပဒေကို ထောက်ခံခဲ့ကြတယ်။
ဖက်ဒရယ်စနစ် ဆန့်ကျင်သူတွေက အခြေခံဥပဒေသစ်ကို ကန့်ကွက်ကြတယ်။ ဗဟိုအစိုးရအာဏာ လွန်ကဲမှာကို စိုးရိမ်ပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အာမခံချက် မပါဘူးလို့ ထောက်ပြကြတယ်။ ဒါကြောင့် နိုင်ငံသားအခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်တွေ (Bill of Rights) ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်။
ဖက်ဒရယ်စနစ် ဆန့်ကျင်သူတွေက အခြေခံဥပဒေသစ်ကို ကန့်ကွက်ကြတယ်။ ဗဟိုအစိုးရအာဏာ လွန်ကဲမှာကို စိုးရိမ်ပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အာမခံချက် မပါဘူးလို့ ထောက်ပြကြတယ်။ ဒါကြောင့် နိုင်ငံသားအခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်တွေ (Bill of Rights) ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်။
(၅) အဓိကပြည်နယ်များ၏ အတည်ပြုခြင်း ။ ။ ဒီလာဝဲယားပြည်နယ်က ၁၇၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပထမဆုံး အတည်ပြုခဲ့တယ်။ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ၁၇၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အတည်ပြုခဲ့တယ်။ နိုင်ငံသားအခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းမယ်လို့ အာမခံချက် ရပြီးနောက် မက်ဆာချူးဆက်ပြည်နယ်က ၁၇၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အတည်ပြုခဲ့တယ်။
ဗာဂျီးနီးယားပြည်နယ်က ၁၇၈၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ အတည်ပြုခဲ့ပြီး၊ နယူးယောက်ပြည်နယ်က ဇူလိုင်လ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့တယ်။ နိုင်ငံသားအခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းမယ်လို့ အာမခံချက်ရပြီးနောက် နယူး ဟမ့်ရှိုင်းယားပြည်နယ်က ၁၇၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ နဝမမြောက်ပြည်နယ်အဖြစ် အတည်ပြုခဲ့ပြီး အခြေခံ ဥပဒေကို တရားဝင် အာဏာသက်ရောက်စေခဲ့တယ်။
၁၇၈၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ Articles of Confederation ကို အစားထိုးပြီး ခိုင်မာအားကောင်းတဲ့ ဖက်ဒရယ်အစိုးရသစ် ပေါ်လာပါတယ်။ ကျန် ပြည်နယ် လေးခု အတည်မပြုသေးခင်ကတည်းက အခြေခံဥပဒေက အသက်ဝင်နေပြီး အမေရိကန် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပေါ်ပေါက်နေပါပြီ။
(၆) အတည်ပြုမှု ပြီးဆုံးခြင်း ။ ။ ၁၇၉၀ ပြည့်နှစ်မှာမှ ပြည်နယ် ၁၃ ခုလုံး အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ ရိုဒီအိုက်စ်လန် ပြည်နယ်က ကနဦးမှာ အတည်ပြုဖို့ ခုခံငြင်းဆန်ခဲ့ပြီး ၁၇၉၀ ပြည့်နှစ်၊ မေလ ၂၉ ရက်နေ့မှာ နောက်ဆုံး အတည်ပြုတဲ့ပြည်နယ် ဖြစ်လာပါတယ်။
(၇) နိုင်ငံသားအခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်များ ။ ။ ဖက်ဒရယ်စနစ် ဆန့်ကျင်သူတွေရဲ့ တောင်းဆိုချက်အရ ၁၇၈၉ ခုနှစ်မှာ အသစ်ပေါ်လာတဲ့ အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေ ပထမဆုံးပြင်ဆင်ချက် ၁၀ ချက်ကို တင်သွင်းခဲ့ပြီး ၁၇၉၁ ခုနှစ်မှာ ပြည်နယ်တွေက အတည်ပြုခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်တွေကို Bill of Rights လို့ ခေါ်ဆိုပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အာမခံပေးထားပါတယ်။
အမေရိကန် အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုနိုင်ခြင်းဟာ အမေရိကန် ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ခြင်းဖြစ်တယ်။ ယနေ့တိုင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အခြေခံဥပဒေအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေနိုင်တာဟာ မှန်ကန်တဲ့ ရေးဆွဲရေးလုပ်ငန်းစဉ်နဲ့ အတည်ပြုရေး လုပ်ငန်းစဉ်ကြောင့်ပါ။
အမေရိကန် အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုနိုင်ခြင်းဟာ အမေရိကန် ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ခြင်းဖြစ်တယ်။ ယနေ့တိုင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အခြေခံဥပဒေအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေနိုင်တာဟာ မှန်ကန်တဲ့ ရေးဆွဲရေးလုပ်ငန်းစဉ်နဲ့ အတည်ပြုရေး လုပ်ငန်းစဉ်ကြောင့်ပါ။
(စာရေးသူသည် ဖက်ဒရယ်စနစ်နှင့် အခြေခံ ဥပဒေရေးရာ လေ့လာသူဖြစ်သည်။ ၁၉၉၀ လွန်နှစ်များအတွင်း ထိုင်း-မြန်မာနယ်စပ် DAB/NCUB တပ်ပေါင်းစု၏ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည်။)
You may also like these stories:
အခြေခံဥပဒေထက် ကြေညာစာတမ်း အရင်ထုတ်ဖို့ လိုသည်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး စစ်ကောင်စီ ဆွေးနွေး
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရဲရဲရေးဆွဲဖို့လိုတယ်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနမူနာ ဖြစ်လာနိုင်သော ပထမဆုံး ချင်းဖွဲ့စည်းပုံအခြေခံဥပဒေ
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်














