မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ ဘုရားအဆူ ၃၀ ကျော် ဖောက်ထွင်းခံရပြီးနောက် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ နေ့ညမပျက် လုံခြံုရေးများဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် နယ်မြေအေးချမ်းကာ ဒုစရိုက်မှုများ လျော့ကျနေပြီဖြစ်ကြောင်း ဧရာဝတီက သိရှိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် လုံခြံုရေးဆောင်ရွက်ခြင်းကို ဇုံ ၄ ဇုံ သတ်မှတ်ပြီး အဖွဲ့ ၄ ဖွဲ့ခွဲကာ အမှတ် ၃၅ လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ည လုံခြံုရေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ပူးပေါင်းအဖွဲ့တွင် အမှတ် ၃၅ လုံခြံုရေး ရဲတပ်ဖွဲ့ခွဲ ၊ နယ်မြေခံရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့၊ ရှေးဟောင်းသုတေသနအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်ကာ လုံခြံုရေးများဆောင်ရွက်လျက်ရှိသည်ကို ဧရာဝတီက မှတ်တမ်းတင် ဓာတ်ပုံများ လိုက်လံရိုက်ယူခဲ့သည်။
ပုဂံဒေသရှိ ဘုရားအဆူ ၃၀ ကျော် ဖောက်ထွင်းခံရမှုအား စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
ရိုက်ကူး/တည်းဖြတ် – ကျော်သူရ











