ရခိုင်ပြည်နယ်အတွင်းက ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး ဖေ့စ်ဘွတ်စ်ပေါ်တွင် ရေးသားခဲ့သည့်အတွက် အတွက် ၆၆ ( ဃ ) ဖြင့် တရားစွဲခံထားရသော ရမ်းဗြဲမဲ ဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် နိုဝင်ဘာ ၁၆ ရက်က ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သည်။
အဆိုပါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးသည် ၂၀၁၈ ခုနှစ် အတွင်းက ရခိုင်ပြည်နယ်အတွင်းက တက္ကသိုလ်ဝင်တန်းအောင် စာရင်းနှင့် ပတ်သက်ပြီး အောင်ချက်ရာခိုင်းနုန်းကျဆင်းသည်ဟုဆိုကာ ၎င်း၏ ဖေ့စ်ဘွတ်စ် လူမှု ကွန်ရက် ပေါ်တွင် အချက်အလက်တချို့ မှားယွင်းရေးသားခဲ့သည့်အတွက် ပြည်နယ် ပညာရေးမှူးမှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တရားစွဲခံထားရသည့်အတွက် ဦးသန်းမောင်ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်သို့ ကာလရှည်စွာ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း နိုဝင်ဘာလ ၁၆ ရက်နေ့ ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးသို့ တက် ရောက်လာခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့မ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ပြီးနောက် စစ်တွေမြို့နယ် တရားရုံး၌ အာမခံ ရယူခဲ့သည်။
ရိုက်ကူး – မင်းအောင်ခိုင်











