အသက်ဘေးလွတ်ရာ ပုန်းရှောင်နေကြရတဲ့ သိန်းနဲ့ချီတဲ့ ကရင်နီစစ်ရှောင်တွေဟာ ရိက္ခာပြတ်လပ်မှုအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပြီး နေ့စဉ်ထမင်းနပ်မှန်အောင်မစားရတော့တဲ့ အခြေအနေတွေပါကြုံတွေ့နေကြရပါတယ်။
ကရင်နီပြည်အတွင်း တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ ရာသီဥတုဆိုးရွားလို့ လမ်းပျက်စီးတာတွေကြောင့် ပြည်နယ်အတွင်း ကုန်စျေးနှုန်းတွေ ကြီးမြင့်ပြီး ကုန်ပစ္စည်း ပြတ်လပ်တာတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီကလည်း ကရင်နီပြည်ထဲကို ဆန်နဲ့ ဆေးဝါးတွေ ကုန်စည်စီးဆင်းမှု ပိတ်ပင်ထားတဲ့ အတွက် စစ်ရှောင်စခန်းတစ်ချို့မှာ ဆန်ပြတ်လပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
လတ်တလော ကရင်နီထဲ စစ်ရှောင်စခန်း ၂၀ နီးပါးဟာ ဆန်လုံးဝမရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီးတော့ အလှုရှင်လည်း နည်းပါးနေတာကြောင့် ထမင်းစားရဖို့ အတွက် နီးစပ်ရာမှာ ချေးငှားပြီး အချင်းချင်း မျှဝေစားနေ ရတဲ့ အခြေအနေ ကို ရောက်နေပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဝင်ပြုစုထားတဲ့ စာရင်းတွေ အရ လက်ရှိ ပြည်နယ်အတွင်းက မြို့နယ် ၇ ခုမှာ စစ်ရှောင်စခန်း ၄၀၀ ကျော်ရှိနေပြီး အားလုံးနီးပါးဟာ စားနပ်ရိက္ခာ ပြတ်လတ်မှု အခြေအနေ နဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကရင်နီ #စစ်ဘေးရှောင် #ရိက္ခာ #ဆန်
———————