မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေကနေ ဖမ်းဝရမ်းထုတ်ပြန်တဲ့အခါ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် Mr. Nicholas Koumjian က ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးရဲ့ ဖွင့်ပွဲနေ့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ရေးနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေးတွေကို လုပ်ဆောင်နေပြီး၊ စုံစမ်းရေးလုပ်ငန်းစဉ်တွေကိုတော့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ နိုင်ငံတကာတရားရုံး နဲ့ အာဂျင်တီးနားတရားရုံးတွေဆီ သက်သေတွေ ပေးထားပြီးပြီလို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေပြီး၊ စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေကိုလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ ရခိုင်ပြည်နယ်အရေးကိစ္စကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကို စုံစမ်းစစ်ဆေးကာ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်းပြောခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်ခေါင်းဆောင် #ဖမ်းဝရမ်း #ကုလသမဂ္ဂ #IIMM
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












