စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို ဝင်ရောက်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း ဟာ ဒေသခံပြည်သူ ၉၀ ကျော်ကို ဖမ်းဆီးသွားပြီး တင့်ကားတပ်ရင်း တကရ (၆၀၀၆) ကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က နိုဝင်ဘာ ၄ ရက်နေ့ထိ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၉၂ ဦး ရှိနေပြီလို့ သိရပြီး အမျိုးသမီးရော အမျိုးသားပါ အသက်အရွယ်အမျိုးမျိုး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ပျူစောထီး အင်အား ၁၅၀ ပါ စစ်ကြောင်းဟာ ကန့်ဘလူ ခရိုင် အတွင်းက ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုး(တ)ရွာ၊ ဘူးကြီး စတဲ့ ကျေးရွာတွေကို ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။
အဲ့ဒီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က ကျီစုရွာကို ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းနှစ်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သလို ခင်ဦးမြို့နယ် မုံလှကျေးရွာက ခရစ်ယာန်ကျောင်းကို ဒရုန်းနဲ့ဗုံးချဖျက်ဆီးခဲ့ပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပြကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR