စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာတို့ နိုဝင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်နေတဲ့ မဟာမဲခေါင်အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
ကြိုတင်စီစဥ်မထားဘဲ သီးခြားတွေ့ဆုံဖြစ်ခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က မီဒီယာတွေကို ဖြေကြားထားသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေရဲ့ အချက်အလက်တွေ မျှဝေပေးဖို့ စစ်ခေါင်းဆောင်က တောင်းခံခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ထိုင်းဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂ ထောင်ကျော် ထိစပ်နေသလို စီးပွားရေးအရလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက် ထိုင်းအစိုးရဘက်ကတော့ မြန်မာရဲ့ ဘယ်အစိုးရကိုမဆို ဆက်ဆံရတာဖြစ်တယ်လို့ ထိုင်း-မြန်မာအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ကျင်းပမဲ့ ရွေးကောက်ပွဲအကြောင်းကို ရှင်းပြခဲ့သလို ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့ တာဟာ စစ်ကောင်စီပြုလုပ်တဲ့
ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို ထောက်ခံရာရောက်တယ်လို့ ထိုင်းအတိုက်ခံပါတီတခုဖြစ်တဲ့ မျှတခြင်းပါတီ (Fair Party) ရဲ့ အောက်လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က လူမှုကွန်ရက်ကတဆင့် ဝေဖန်ထားပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #ရွှေ့ပြောင်းလုပ်သား #ပေထုန်တန်ရှင်နာဝပ် #Fair Party
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy