ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ ရေအရင်းအမြစ်တွေ ပျက်စီးလာပြီး အရေပြားရောဂါအပါအဝင် လူသေဆုံးမှုတွေပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ဒါပေမဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေက ခွင့်မပြုတဲ့အတွက် တိကျတဲ့ ဓာတ်ခွဲသုတသနပြုမှုတွေ၊ ဆေးစစ်ချက်တွေကို လုပ်လို့မရဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ်က မြေရှားသတ္တု အများဆုံးထွက်ရှိရာ ဒေသတွေဖြစ်ခဲ့တဲ့ ကချင်အထူးဒေသ (၁) ချီဖွေ၊ ပန်ဝါနဲ့ ကန်ပိုက်တီ ဒေသတွေဟာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ရဲ့ ထိန်းချုပ်နယ်မြေတွေပါ။ ဒီကထွက်ရှိတဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံ ပိုဆောင်နေတာဖြစ်ပါတယ်။
NDA-K လက်ထက်မှာ မြေရှားသတ္တုတွေကို အထိန်းအကွပ်မရှိ တူးဖော်ထုတ်လုပ်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူတွေနဲ့ သုတသေပညာရှင်တွေက ပြောပါတယ်။ အဲဒီကာလတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း မိုးမောက်နဲ့ မံစီဒေသတွေမှာ မြေရှားသတ္တုတွေ တူးဖော်နေခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ တရုတ်-မြန်မာ နယ်စပ်က မြေရှားသတ္တု အဓိက ထုတ်လုပ်ရာ ဒေသတွေအားလုံးကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ထုတ်လုပ်မှု၊ တရုတ်နဲ့ ကုန်သွယ်မှုတွေကိုလည်း ဆက်လုပ်နေပါတယ်။
ဒါပေမဲ့ KIA အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်တဲ့ နည်းလမ်းတွေသုံးဖို့ ကချင်လူမျိုး သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဇုန်းသိန်း က ဧရာဝတီကို ဖြေဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy