မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့စောင့်တပ် ဖွဲ့ဖို့အတွက် တပ်သားသစ်စုဆောင်းမယ်လို့ပြောဆိုလာမှု အပေါ် ဒေသခံတွေက လက်မခံဘဲကန့်ကွက်ထားတယ်လို့သိရပါတယ်။
TNLA အရာရှိအချို့က မတ်လ ၆ ရက်နေ့မှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး မိုးကုတ်မှာမြို့စောင့်တပ်ဖွဲ့စည်းဖို့အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းအမျိုးသားတွေကို တပ်သားသစ်စုဆောင်းဖို့ပြောခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
မိုးကုတ်မြို့မှာ မြို့စောင့်တပ်အဖြစ်ဖွဲ့စည်းဖို့ တပ်သားသစ်စုဆောင်းဖို့နဲ့ပတ်သက်ပြီး TNLA ဘက်က သူတို့ရဲ့ထုတ်ပြန်ထားတဲ့တပ်သားသစ်စုဆောင်ရေးမူဝါအရ စုဆောင်းမယ်လို့ အတည်ပြုပေမယ့် ဒေသခံတွေရဲ့ကန့်ကွက်မှုနဲ့ပတ်သက်ပြီးတော့ မသိရသေးဘူးလို့ TNLAပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးက ပြောပါတယ်။
ဒီပြဋ္ဌာန်းထားတဲ့မူဝါဒတွေအတိုင်း မိုးကုတ်မြို့မှာလည်း ကျင့်သုံးသွားမှာဖြစ်ပြီးမဖြစ်မနေ စစ်မှုထမ်းကြရမှာလို့ TNLA ကဆိုပါတယ်။ ပတ္တမြားမြေလို့တင်စား ခေါ်ဝေါ်ကြတဲ့ မိုးကုတ်မြို့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက TNLA တော်လှန်ရေးပူးပေါင်းတပ်တွေအပြီးသတ်သိမ်းပိုက်ပြီးမြို့သိမ်းတိုက်ပွဲဆင်နွှဲထားပြီးဒေသခံတွေ သောင်းသောင်းဖြဖြကြိုဆိုအောင်ပွဲခံခဲ့တဲ့မြို့တမြို့ဖြစ်ပါတယ်။
သိမ်းပိုက်တဲ့ပြီးနောက်ဒီမြို့မှာ TNLA အုပ်ချုပ်ရေးတာဝန်ရှိသူတွေရပ်မိရပ်ဖတွေအပြင် PDF တပ်ရင်းတွေပါဝင်တဲ့ မိုးကုတ်ဗျူဟာတို့ပူးတွဲပါဝင်တဲ့ မိုးကုတ်မြို့စီမံအုပ်ချုပ်ရေးကော်မတီ ကိုဖွဲ့စည်းပြီးမြို့တွင်းအုပ်ချုပ်ရေး လုပ်ငန်းတွေကိုလည်ပတ်နေတာပါ။
#မြန်မာ #ဧရာဝတီ #မြို့စောင့်တပ် #မိုးကုတ် #TNLA #PDF
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












