အိန္ဒိယ-မြန်မာနယ်စပ်ဟာ မူးယစ်ဆေးဝါးကုန်သွယ်ရေးအတွက် လမ်းကြောင်း အသစ် ဖြစ်လာတယ်လို့ ချင်းပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဌာန (CCPR) က ဩဂုတ် ၃၀ ရက်က ထုတ်ပြန်ပါတယ်။
မြန်မာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ကမ္ဘာ့ထိပ်တန်း ဘိန်းစိုက်ပျိုးထုတ်လုပ်နေတဲ့ အာဖဂန်နစ္စတန်ကို ကျော်လွန်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဘိန်းစိုက်ပျိုးမှု ဧကပေါင်း ၁၁၆၀၀၀ အထိ တိုးလာခဲ့တယ်လို့လည်း ကုလသမ္မဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာအရ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေရဲ့ ၈၈ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်မှာတွေ့ရပြီး ဒီလိုတရားမဝင် စိုက်ပျိုးထုတ်လုပ်နေတဲ့ ဘိန်းတွေကို အိန္ဒိယဈေးကွက်ကို တင်ပို့ရောင်းချဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အဓိက အသုံးပြုနေတာလို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါးကုန်သွယ်မှုဟာ နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုအထိကြီးထွားလာနေပြီး တချို့ဒေသတွေမှာ နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းကို လုပ်ကိုင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အတူလက်တွဲလုပ်ကိုင်နေတာကို တွေ့ရတယ်လို့လည်း ဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












