မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်း တွေကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာလုပ်တဲ့ မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲအတွင်း ထည့်ပြောသွားပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကို နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်နေပြီး မူဆယ်-မန္တလေးမီးရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းတွေကိုတော့ လက်ရှိမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းခေါင်းဆောင်က ပြောပါတယ်။
သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံစဉ်မှာလည်း တရုတ်အစိုးရ စီမံကိန်းတွေကို ကာကွယ်ပေးမှာဖြစ်ကြောင်း၊ အခွန်အခလျော့ချပြီး ကုန်သွယ်ရေးကို ပိုတိုးတက်ဖို့ကြိုးစားမယ့်အကြောင်းနဲ့ တရုတ်အစိုးရ ကြိုးပမ်းနေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းကိုလည်း အကောင်အထည်ဖော်ပေးမယ့်အကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အကောင်အထည်ဖော်လိုတဲ့ စီမံကိန်းအများစုဟာ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













