ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသမှာ တချိန်က တန်ခိုးထွားခဲ့ကြတဲ့ စစ်တပ်ရဲ့ ဩဇာခံ ‘ဝေ၊ လျှို၊ မြီ နဲ့ ပယ်’ ကိုးကန့် မိသားစုကြီး ၄ စုကို ကျားဖြန့် ရာဇဝတ်ဂိုဏ်း လုပ်ကိုင်သူတွေအဖြစ်နဲ့ တရုတ်နိုင်ငံဘက်က တရားရုံးတင် ပြစ်ဒဏ် ချမှတ်နေပြီ ဖြစ်ပါတယ်။
ဒီမိသားစုကြီး ၄ စုဟာ စစ်တပ်က နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး လုပ်ပိုင်ခွင့် အာဏာတွေ အပြည့်အဝ ပေးခဲ့လို့ ကိုးကန့်ဒေသထဲ တန်ခိုးထွားလာခဲ့တာဖြစ်ပြီး ဒီမိသားစုတွေရဲ့ ရာဇဝတ်ဂိုဏ်းကွန်ရက်တွေမှာ မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့လည်း တရုတ်သတင်းဌာနတွေက တရားခံတွေနဲ့ အမှုစစ်အရာရှိတွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ဖော်ပြပါတယ်။
ဒီမိသားစုကြီး ၄ စု ရဲ့ ရာဇဝတ်ဂိုဏ်းကွန်ရက်တွေကြောင့် နှစ်စဉ် ဘီလီယံနဲ့ချီတဲ့ ယွမ်ငွေတွေ ဆုံးရှုံးနေရပြီး တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်၊ ပိုင်ဆိုင်မှုတွေ ထိခိုက်မှုတွေ ရှိနေသလို ဒီရာဇဝတ်ဂိုဏ်းတွေမှာ အတင်းအကြပ် ဖမ်းဆီး၊ နှိပ်စက်ခံရတာ၊ သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်လို့လည်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က ဆိုထားပါတယ်။
တရုတ်အလိုရှိနေတဲ့ ဒီသူတွေကို မြန်မာစစ်တပ် ကိုယ်တိုင် ၂၀၂၃၊ ဇန်နဝါရီမှာ ဖမ်းဆီးပေးခဲ့ပြီး နေပြည်တော် လေဆိပ်ကနေ တရုတ်နိုင်ငံကို တိုက်ရိုက် လွှဲပြောင်း ပေးအပ်ခဲ့တာပါ။ လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်က ဒီရာဇဝတ်မှုတွေကို စုံစမ်း၊ စစ်ဆေးမှုတွေနဲ့ တရားစီရင်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူ၊ ကိိုင်တွယ်သွားမယ်လို့လည်း ထုတ်ပြန် ပြောဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













