မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွက် တော်လှန်ရေး အင်အားစုတွေဘက်က အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို အချက် ၃ ချက်ကို တင်ပြ၊ ဆွေးနွေးထားတယ်လို့ ဧရာဝတီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
မလေးရှားမှာ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၀ ရက်အထိ ၃ ရက်တာ ကျင်းပခဲ့တဲ့ (Stakeholder Engagement Meetings on Myanmar– SEMs) လို့ ခေါ်တဲ့ မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့ အစည်းအဝေးမှာ တင်ပြ၊ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒါဟာ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေရဲ့ ၃ ကြိမ်မြောက် တွေ့ဆုံ၊ ဆွေးနွေးမှု ဖြစ်တယ်လို့လည်း သိရပါတယ်။
SEMs မှာ တော်လှန်ရေးအင်အားစုတွေ တင်ပြခဲ့တဲ့ အချက်တွေကို လာမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပြီး ဒီအစည်းအဝေးကို အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခြားကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေသလို မြန်မာ့အရေးကို အထူးအလေးပေး ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း အာဆီယံဘက်က ပြောပါတယ်။
ဒါပေမယ့် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ဒီအစည်းအဝေး တက်ရောက်ခွင့် မပြုဘူးလို့ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က အောက်တိုဘာ ၂၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












