ရခိုင်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကတဆင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံအရပ်သားတွေက ဧရာဝတီကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၇ ရက်၊ တရက်တည်းမှာပဲ ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၁၁ နာရီ မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၅ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ (Ponnagyun Youths Association) အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီနေ့တရက်ထဲမှာပဲ ည ၈ နာရီကျော်လောက်မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာရှိတဲ့ မြို့သစ်ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက်သေဆုံးခဲ့ပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။













