အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ရွေးကောက်ပွဲကို ချင်းတိုင်းရင်းသားတွေအနေနဲ့ မပါဝင်ဖို့ ဆန့်ကျင် ကန့်ကွက်ကြဖို့ အမေရိကန်ရောက် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ နို၀င်ဘာလ ၈ ရက်နေ့က ပြုလုပ်တဲ့ ချင်းနှစ်သစ်ကူးနေ့အခမ်းအနားမှာ တိုက်တွန်းပြောဆိုလိုက်ကြတာပါ။
စစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲဟာ အောင်မြင်ရင်လည်း စစ်အာဏာရှင်စနစ်က ဆက်လက်ရှင်သန်နေဦးမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို မပူးပေါင်း၊ မပါဝင်ကြဖို့ တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
စစ်ကော်မရှင်က အပိုင်း ၃ ပိုင်းခွဲကျင်းပမယ်လို့ဆိုထားတဲ့ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအကြိမ်အဖြစ် မြို့နယ် ၁၀၂ မြို့နယ်ကျင်းပမယ်လို့ကြေညာထားပြီး ဒီမြို့နယ်ထဲမှာ ချင်းပြည်နယ်က တီးတိန်နဲ့ဟားခါးမြို့နယ်တွေပါဝင်မှာဖြစ်ပါတယ်။













