တက်စ်လာ (Tesla) ကားကုမ္ပဏီရဲ့ အလိုအလျောက်မောင်း စနစ် ဆော့ဖ်ဝဲ (FSD) ကို နောက်နှစ်မှာ တရုတ် နိုင်ငံတွင်း အပြည့်အဝ ခွင့်ပြုချက် ရရှိနိုင်မယ်လို့ ဆိုပါတယ်။
တက်စ်လာ CEO အီလွန်မတ်စ်က “တရုတ်နိုင်ငံမှာ ခွင့်ပြုချက် တစိတ်တပိုင်းတော့ ရရှိထားပါပြီ။ အလုံးစုံ ခွင့်ပြုချက် ကိုတော့ ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လ လောက်မှာ ရရှိမယ်လို့ မျှော်လင့်ရပါတယ်” လို့ ကြာသပတေးနေ့က တက်စ်လာရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
FSD ခေါ် တက်စ်လာရဲ့ အလိုအလျောက် မောင်းစနစ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက တရုတ်နိုင်ငံတွင်းမှာ တစိတ်တပိုင်း ခွင့်ပြုပေးထားခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ မတိုင်ခင်အထိ နည်းပညာနိမ့်ပြီး ဈေးသက်သာတဲ့ စနစ်ကိုသာ တက်စ်လာ ကားတွေမှာ ထည့်သွင်း ပေးထား နိုင်ခဲ့တာ လို့လည်း သိရပါတယ်။
အခု ကိစ္စရပ်နဲ့ ပတ်သက်ပြီး တရုတ် စက်မှုဝန်ကြီး ဌာနကို ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ တက်စ်လာရဲ့ အဓိက ဈေးကွက်တခုဖြစ်ပြီး၂၀၂၃ ခုနှစ်ရဲ့ ပထမ ၄ လပတ်ကာလမှာ တရုတ်နိုင်ငံတွင်း ဈေးကွက် ဝေစုရဲ့ ၁၅ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တရုတ်ပြည်တွင်း ကားကုမ္ပဏီတွေက တက်စ်လာ နဲ့ ဆင်တူပြီး ထပ်ဆောင်း ကုန်ကျစရိတ် ပေးစရာမလိုတဲ့ ယာဉ်မောင်း စနစ်တွေနဲ့ ဝယ်သူတွေကို ဆွဲဆောင်သွားတာကြောင့် အခုနှစ် ပြီးခဲ့တဲ့ ၄ လပတ်မှာတော့ ဈေးကွက် ဝေစု ၈ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။
တရုတ်ဝယ်သူ တချို့ဟာ အပြည့်အဝ အသုံးပြုခွင့်ရဖို့ အချိန်အကြာကြီး စောင့်စရာ မလိုလောက်ဘူးလို့ မျှော်လင့်ပြီး FSD အတွက် ၆၄,၀၀၀ ယွမ် (ဒေါ်လာ ၉၀၀၀) ကို ပေးဆောင်ခဲ့ကြပေမယ့် ခွင့်ပြုချက်ရဖို့ ကြာမြင့်ခဲ့ခြင်းက ကုမ္ပဏီနဲ့ ဝယ်သူတွေကြား အဓိက ပွတ်တိုက်မှုတွေ ဖြစ်စေခဲ့တယ် လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ဆော့ဖ်ဝဲကို တစိတ်တပိုင်းပဲ ခွင့်ပြုထားတာကြောင့် FSD ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ အမေရိကန်မှာ ထက် လျော့နည်းနေတယ်လို့ သိရပါတယ်။
တရုတ်မှာ FSD စနစ်ကို ဂီယာချိန်းခွင့် ပေးမထားတာမျိုးကြောင့် ကားပါကင် တနေရာ ကနေ တနေရာကို အလိုအလျောက် စနစ်နဲ့ အပြည့်အဝ ပို့ဆောင်ပေးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် FSD စနစ်ဟာ တရုတ်နိုင်ငံ လမ်းမကြီးတွေရဲ့ လမ်းအမှတ်အသား ဆိုင်းဘုတ်တွေကို အမျိုးအစား ခွဲနိုင်ဖို့လည်း အခက်အခဲတွေ ကြုံနေရကြောင်း သိရပါတယ်။
Ref : Reuters













