အရှိုအမျိုး သမီးများ အပါအဝင် မြန်မာ နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ ခွဲခြားဆက်ဆံ ခံရမှုနှင့် ဖိနှိပ်မှုများကို ဥပဒေ အရ ဖြေရှင်း ဆောင်ရွက်ပေးမှုများ၊ ဖိနှိပ်မှုများ ကို ဆန့် ကျင်ပြီး တရားမျှတမှု တန်းတူရရှိရေးနှင့် လူ့အခွင့်ရေးချိုးဖောက်ခံနေရသည့် အမျိုးသမီးများဘက်မှ လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် အရှိုအမျိုးသမီးများ အဖွဲ့အစည်း တည်ထောင်သူလည်း ဖြစ်သလို ဒါရိုက်တာ လည်းဖြစ်သည့် မိုင်သန့်စီဦး ကို ဧရာဝတီ သတင်းထောက် မိုးမိုးက ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ အစ်မ အနေနဲ့ အရှိုအမျိုးသမီးများ အဖွဲ့အစည်း အတွက် ဘာတွေ လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။အရှို အမျိုးသမီး အဖွဲ့အစည်းကို ၂၀၁၃ ခုနှစ်မှာ ထူထောင်ခဲ့တာပါ။ တည်ထောင်သူ တယောက်လည်း ဖြစ်ပါတယ်။ ဒီမတိုင် က ဘာသာရေး ဆရာမ တဦးဖြစ်ပါတယ်။ အဓိက အမျိုးသမီးတွေရဲ့ လိုအပ်ချက်က အများကြီး လိုသေးတယ်ဆိုတော့ အထူး လုပ် ဆောင်နေပါတယ်။ အရှို လူမျိုးတွေ နေထိုင်တာက ပြည်နယ်တခုအနေနဲ့ သီးသန့် ရှိနေတာ မဟုတ်တဲ့ အတွက် မြန်မာ ပြည်အနှံ့ အပြားမှာ အရှိုလူမျိုး တွေက နေထိုင်ကြတယ်။ ဒီလို နေထိုင်တဲ့ အခါမှာ ကျမတို့ရဲ့ Target က တနိုင်ငံလုံးမှာ ရှိပါတယ်။ အခုလောလောဆယ် အရင်ဦးဆုံး သွားပြီး Target ထားတဲ့ ဧရိယာကတော့ အရှိုလူမျိုးတွေ ရှိတဲ့ ကျေးရွာတွေ ၊ တောင်တွင်းကြီး မြို့ နယ် မကွေးတိုင်း ဒေသကြီးကို ထားထားတယ်။ ၂၀၁၉ ထဲမှာ နေပြည်တော်ကောင်စီနယ်မြေမှာ ရှိတဲ့ ပျဉ်းမနား ၊ လယ်ဝေးမြို့နယ်ထဲမှာ ရှိတဲ့ အရှိုရွာတွေ ကို target ထားပါတယ်။ လက်ရှိမှာ အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ၊ ခေါင်းဆောင်မွေးထုတ်ခြင်း ဆိုင်ရာ အသိပညာ တွေပေး နေပါတယ်။
မေး ။ ။ အမျိုးသမီးရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လုပ်ဆောင်နေပါသလဲရှင့်။
ဖြေ ။ ။ အကြမ်းဖက် ခံရပြီး ဒုက္ခရောက်နေတဲ့ အရှို အမျိုးသမီးလေးတွေကို တတ်နိုင်သလောက် ဥပဒေပိုင်းဆိုင်ရာ ဆက်ပြီး အကူ အညီ ပေးခြင်းတွေ ဆောင်ရွက်နိုင်ခဲ့တယ်။ ထွက်ပေါ်လာတဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို သူ့မြို့နယ် အလိုက် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ သူတို့ကို ကူညီခဲ့တယ်။ တောင်တွင်းကြီး မြို့နယ်က အဲဒီလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ရန်ကုန်မှာ လာနေထိုင်တာလည်း ရှိတယ်။ ရန်ကုန်မှာနေထိုင်စဉ် လည်း ကျမတို့က အမှုတွေကို ဖြေရှင်းပေးတယ်။
အမျိုးသမီးတယောက်ဆိုရင် ကာမလိမ်လည်မှုနဲ့ တရားစွဲထားလို့ ကူညီပေးနေတဲ့ အပိုင်းလည်း ရှိပါတယ်။ ကျေးရွာ ၄ ရွာက အမျိုး သမီး ၁၂ ဦးကိုလည်း အသက်မွေးဝမ်းကျောင်း အတွက် အနည်းငယ် ထောက်ပံ့မှုလေးတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အနေနဲ့ အခွင့်အရေး ရရှိမှုက ဘယ်လောက် အတိုင်းအတာအထိ ရရှိနေပြီလို့ သုံးသပ် ချင်ပါသလဲ။
ဖြေ ။ ။ အခု လှုပ်ရှားနေတဲ့ ဒေသတွေမှာ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ ရရှိမှု အခွင့်အရေးဟာ ရာခိုင်နှုန်း အားဖြင့် ၃၀ ရာခိုင်နှုန်းလောက်ပဲ ရနေမယ်လို့ ကျမ အနေနဲ့ မြင်ပါတယ်။
မေး ။ ။ ဘယ်နေရာတွေမှာ အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှု အများဆုံး ဖြစ်နေပါသလဲ ။
ဖြေ ။ ။ အဓိက တော့ မိသားစု တစုမှာ ရိုးရာကလည်း ရှိနေတော့ အိမ်ထောင်ရေး ပါ။ အမျိုးသမီးတွေက မိခင်နေရာမှာ ပဲ ဖြစ်ဖြစ် ၊ သားသမီးနေရာမှာပဲ ဖြစ်ဖြစ် သူတို့နေရတဲ့ အခါ အမျိုးသားတွေနဲ့ ယှဉ်လိုက်ရင် အခွင့်ရေး ရတာ နည်းပါးလွန်းတယ်။ ဥပမာ အနေနဲ့ အမျိုး သားနဲ့ အမျိုးသမီး ပညာ အရည်အချင်းတန်းတူ ဖြစ်ရင်တောင်မှပဲ အမျိုးသားကို ဦးစားပေးတဲ့ အရာက များပါတယ်။ ဘာသာရေးထဲမှာ လည်း ဒီလိုပါပဲ ။ အခွင့်အရေး အရ ဆိုရင် အမျိုးသားတွေကပဲ ဦးစားပေးခံနေရပါတယ်။
မေး ။ ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုကို နှစ်စဉ်လုပ်ကြတယ်။ ဆရာမတို့ အဖွဲ့အစည်းအနေနဲ့ရော ဘာတွေဆောင်ရွက်ခဲ့ပြီး၊ ဘယ်လိုရလဒ်မျိုးတွေ ရတယ်ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ၁၆ ရက်တာ လှုပ်ရှားမှုကို နေရာအနှံ့မှာ လုပ်ခဲ့တယ်။ ပျဉ်းမနားပြီးတော့ တောင်တွင်းကြီး အထက ၁ မှာ ဟောပြောပွဲ လုပ်တယ်။ အဲဒီနေ့က ဟောပြောပွဲမှာ အခန်းက လူ ၃၀၀ လောက်ပဲ ဆံ့တယ်။ အဲဒီဟောပြောပွဲမှာ ဖခင်အရင်းရဲ့ စော်ကားခံရတဲ့ ၉ တန်းကျောင်းသူလေးတယောက် ပါလာတယ်။ သူတို့ကျောင်းစာသင်ခန်းက စာသင်ချိန်ပြီးတုန်း ဆရာမက နားထောင်ချင်တဲ့ ကျောင်းသားတွေ သွားပြီးနားထောင်ကြ ဆိုပြီး လွှတ်လိုက်တာမှာ အဲဒီကလေးမလေး ပါလာတာ။ သူက ချက်ချင်းအသိပညာရသွားတယ်။
ဒီလိုမျိုး ငါ အားကိုးလို့ ရမယ်ဆိုတဲ့ အဖွဲ့တွေ ရှိတယ်ဆိုတာ သိသွားတယ်။ သူ့မှာ အမေက သူငယ်ငယ်လေးတည်းက နောက်အိမ် ထောင်ပြုသွားတယ်။ သူက အဘိုးနဲ့ နေရတာ ။ အဖေနဲ့က ကြီးမှ ပြန်နေရတော့ ၂ ဦးထဲ နေရတဲ့ အခါ ဒီလိုမျိုး ပြသနာတွေ ဖြစ်လာ တယ်။ ခြိမ်းခြောက်တာလည်းခံရတယ်။ ဖွင့်လည်း မပြောရဲဘူး။ ဘယ်သူ့ကို ပြောရမှန်းလည်း မသိဘူး။ သူခံစားနေရတာ တနှစ်ကျော် နေပြီ။
အဲဒီအချိန်မှာ သူဖွင့်ပြောလာတယ်။ သူ့ အဘိုးလည်း ပါလာတယ်။ ရန်ကုန်က စိတ်ချရတဲ့ သူ့အမျိုးဆီမှာပဲနေတယ်။ ကျမနဲ့လည်း အဆက် အသွယ် ရှိတယ်။ သူ့ရဲ့ အဖေကတော့ လိုက်ရှာတာမျိုးတော့ မရှိသေးဘူး။ ကျမလည်း သတင်းနားထောင်နေပါတယ်။ ဘာမှ မယူတော့ပဲ အိမ်ကနေ ထွက်သွားရတာ ဆိုတော့ သူ့အတွက် ပညာရေး အရ အခက်အခဲတော့ ရှိမယ်။
မေ။ ။ အမျိုးသမီးတွေ အတွက် ပြသနာတွေ ဖြေရှင်းတဲ့ အခါမှာ ဘယ်လို ဖြစ်စဉ်တွေ အများဆုံး ဖြေရှင်းပေးရသလဲ။
ဖြေ ။ ။တွေ့နေရတာတော့ အိမ်ထောင်ရေးပြသနာ ၊ ကာမလိမ်လည်မှု၊ အိမ်ထောင်တခုမှာဆိုရင်လည်း အမျိုးသားက အမျိုးသမီး တဦးကို လက်ထပ်ပြီး ၂ နှစ်လောက် ပေါင်းပြီး ထားခဲ့တယ်။ နောက်တဦးကို လက်ထပ်ယူတယ်။ နောက်တဦးကိုလည်း တနှစ်လောက် ပေါင်းပြီး ကလေး တယောက်လောက်ရရင် ထားခဲ့တယ်။ အခု ကျမဆီမှာ ရှိနေတာ အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးက ၄ ယောက်မြောက်ပေါ့နော်။ သူပြီးသွားတော့လည်း သူကလေး အသက် ၂ နှစ် လောက်မှာ ထားခဲ့ပြီး နောက်တယောက်ကို ထပ်ယူတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေလည်း ရှိပါတယ်။
မေး ။ ။ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိနေတော့ တလင်တမယား ဥပဒေက မထိရောက်လို့လား။ ဘယ်လိုမြင်ပါသလဲ ။
ဖြေ ။ ။ ကျမတို့က လုပ်ငန်းတခုလုပ်မယ်ဆိုရင် အဖွဲ့တွေ ဖွဲ့ရတယ်။ ရှေ့နေ အဖွဲ့၊ ရဲတပ်ဖွဲ့၊ CSO၊ NGO၊ ရပ်ရွာ အုပ်ချုပ်ရေးမှူး တွေ ဖွဲ့ပြီးတော့မှ လုပ်တာ ဖြစ်ပါတယ်။ လုပ်ငန်းလည်း အောင်မြင်ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးတွေ တက်လာတဲ့ အခါမှာ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းတာဖြစ်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် နယ်မှာ ဖြစ်တဲ့ အခါ ဥပဒေပိုင်းဆိုင်ရာ အားနည်းတာ ရှိတယ်။ အသိပညာပိုင်းကအစ အားနည်းတာလည်း ပါတယ်။ ဒီလို အဖွဲ့အစည်းတွေနဲ့ လုပ်ခြင်းအားဖြင့် တရားခံကို ဖမ်းမိတာ ရှိတယ်။ ဒါပေမယ့် တရားစွဲတဲ့ အမျိုးသမီးကိုယ်တိုင်က သူ့ကိုဖောက်ပြန်တဲ့ အမျိုးသားက သူနောက်တယောက်ယူထားတာက တရားစွဲသူ အမျိုးသမီး ရဲ့ တူမ ဖြစ်နေပြီး ဆေးရုံမှာ ကလေးမွေးနေတဲ့ အချိန်ဖြစ် နေ တော့ ရဲက သွားဖမ်းရတော့မလားဆိုတော့ တူမလေးကိုလည်းသနားတော့ လက်လျော့ရတဲ့ သဘောလည်း ရှိတာပေါ့။
အမျိုးသမီးတွေက သိတဲ့ အတိုင်းပဲလေ။ ခံစားချက်က များတဲ့ အခါ မပြတ်သားဘူး။ ဥပဒေ စိုးမိုးလားဆိုတော့လည်း ဥပဒေကလည်း လက်တွေ့ကျင့်သုံးတာ အားနည်းတဲ့ အပိုင်းရှိတယ်။ အချိန်က တော်တော်ကြာတာလည်း ရှိတယ်။ အဲဒီလို အချိန်ကြာရင် စိတ်ပျက်ပြီး တော့မှ၊ တရားရုံး သွားတဲ့ စရိတ်၊ စခန်းသွားတဲ့ စရိတ်နဲ့ပဲ တော်တော်လေးကို စိတ်ပျက်တဲ့ အပိုင်း တွေ ရွာတွေဘက်မှာ ရှိကြတယ်။
ဥပဒေကို လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာ လည်း အားနည်းချက်လေးတွေလည်း ရှိတယ်။ ရှေ့နေနဲ့ ရဲကြားမှာကိုပဲ ရှေ့နေက ရဲဘက်ကို လွတ်လိုက်၊ ရဲက ရှေ့နေဘက် လွတ်လိုက်နဲ့ ဆိုတော့ အခက်အခဲတွေ ကြုံရတာ ရှိပါတယ်။
မေး ။ ။ ဖြည့်စွက် ပြောချင်တာ ရှိရင် ပြောပေးပါရှင့်။
ဖြေ ။ ။ အသိပညာပေးတဲ့ အခါမှာ အမျိုးသမီးတွေအတွက် မကပဲ ကျောင်းသူတွေ ၊ ကျောင်းသားတွေ အတွက်ပါ လိုအပ်လာ တယ်။ ကျောင်းတွေမှာ အသိပညာပေးဟောပြောပွဲတွေ အများကြီး လုပ်ဖို့ လိုတယ်လို့ မြင်တယ်။ အရှို တွေ ရှိတဲ့ နေရာတွေကို အကုန် ရောက်နိုင်အောင် လည်း သွားလည်းသွားနေပါတယ်။ အရှိုတွေမှ မဟုတ်ဘဲ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုများလည်း ရှိပါတယ်။