[irrawaddy_gallery]
“ရေမှမရှိတာ။ သင်္ကြန်မှာ ဘယ်ရေနဲ့ ပက်ရမှာလဲဗျာ”
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့်ကန်ပက်လက်မြို့တို့၏ သင်္ကြန်ရက်အတွင်း ကြားရသည့် ဒေသခံတို့၏ တူညီသော စကားသံဖြစ် သည်။
တန်ခူးလနွေ နေပူပူအောက်တွင် ကန်ပက်လက်မြို့၏ အတာသင်္ကြန်ပွဲတော်က ပျင်းရိဖွယ်ဖြစ်နေသည်။ သင်္ကြန်ဟုဆိုသော်လည်း ကလေးငယ်အချို့၏ ရေပြွတ်နှင့် ရေခွက်လေးထဲက ပါချီပါချဲ့ သင်္ကြန်ရေတို့က ချင်းတောင်၏ မပီမသ ရေသဘင်ပွဲတော်ကို သရုပ်ဖော် နေလေသည်။ မြို့တန်းရှည်အမျိုးအစားဖြစ်ပြီး၊ အတက်အဆင်း၊ အစအဆုံး၅မိုင်ခန့် ရှည်လျားသည့် ကန်ပက်လက်မြို့တွင် ရေပက်မဏ္ဍပ် တစ်ခုသာ ရှားရှားပါးပါး တွေ့ရသည်။
ထိုနည်းတူ ထင်းရှူးပင်၏ အကိုင်းအခက်များနှင့် အလှဆင်ထားပြီး၊ ရေမပက်သည့် မဏ္ဍပ်အချို့ကိုလည်း မင်းတပ်မြို့တွင် တွေ့နိုင်သည်။ မြို့မငြိမ်း၏ သီချင်းများနှင့် ဘန်နီဖြိုးသီချင်းများကို တလှည့်စီဖွင့်ကာ ကခုန်နေသည့် လူငယ်အချို့ကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် မင်းတပ်သင်္ကြန်က အသက်ဝင်သလိုလိုရှိသည်။ သို့သော် ခြောက်ကပ်လွန်းလှသည်။
ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ရာသီဥတု အပူရှိန်ကြောင့် သောက်သုံးရေရှားပါးမှုပြဿနာများ နေရာအနှံ့ ကြုံတွေ့နေပေရာ၊ ချင်းပြည် နယ် တောင်ပိုင်းသည်လည်း ယင်းဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
တောတောင်စိမ့်စမ်းများမှထွက်သည့် ရေကို အားကိုးရသည့် တောင်ပေါ်ဒေသတွင် ယခင်နှစ်များကထက် ရေထွက်နှုန်းနည်းပါးလာ ခြင်းကြောင့် အခက်ကြုံနေရကြောင်း ဒေသခံများကပြောသည်။
လူနေထူထပ်လာခြင်း၊ ရေသုံးစွဲမှုများလာခြင်းနှင့် သစ်တောပြုန်းတီးမှုများကြောင့် ရေထွက်စိမ့်စမ်းများလည်း တဖြည်းဖြည်း လျော့နည်း လာပေရာ ရေမလုံလောက်မှုပြဿနာ ပို၍ကြုံလာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
လွန်ခဲ့သည့် ၅နှစ်ဝန်းကျင်က နှစ်စဉ်ဧပြီနှင့် မေလများရောက်မှသာ ရေရှားပါးခြင်းကို ကြုံတွေ့လာရသော်လည်း ယခုနှစ်များတွင် ဖေဖော် ဝါရီနှင့် မတ်လများမှစတင်ကာ ကြုံလာရကြောင်း မင်းတပ်မြို့မှ ဒေသခံများကပြောသည်။
“ရေတစ်ပီပါကို ၁၂၀၀နဲ့ ဝယ်သုံးနေရတာလေ”ဟု မင်းတပ်မြို့မှ အိမ်ရှင်မ တစ်ဦးက သောက်သုံးရေရရှိနေမှုအခြေအနေကို ပြောပြသည်။
ထို့အတူ မတူပီမြို့တွင်လည်း ၂ဂါလံရေပုံတစ်ပုံလျှင် ၂၅၀ ကျပ်နှုန်းဖြင့် ဝယ်ယူသုံးစွဲနေရသည်ကိုတွေ့ရသည်။
မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ် ၃ခု၏ ရေပေးဝေရေးစနစ်မှာ တောင်ကျစိမ့်စမ်းရေမှတဆင့် သွယ်တန်းဖြန့်ဝေပုံချင်း တူညီကြ သည်။ မြို့မှအတန်ငယ်ကွာဝေးသော ရေထွက်စမ်းဦးနေရာရှိ ရေဖမ်းကန်မှတဆင့် မြို့နယ်အလိုက် စည်ပင်သာယာများက ပြန်လည်ဖြန့် ဝေပေးခြင်းဖြစ်သည်။
“တကယ်လိုအပ်တာက ရေဂါလံ ၆သောင်း ၃ထောင် ရှိတယ်။ ဒါပေမယ့် စည်ပင်သာယာအနေနဲ့ တစ်ရက်ကို ရေဂါလံ ၅သောင်းပဲ ပေးနိုင် ပါတယ်။ ပေးဖို့ရေက မလောက်တာဗျ။ ရေစမ်းဦးတွေက ရေထွက်နည်းလာတယ်”ဟု ကန်ပက်လက်မြို့နယ်စည်ပင်သာယာမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
မင်းတပ်မြို့ရှိ တည်းခိုခန်းတွင် “သတိ-ရေရှားသဖြင့် အဝတ်လျှော်ခြင်းမပြုကြပါရန်” ဟု မေတ္တာရပ်ခံစာ ရေးထားသည်ကို တွေ့ရသည်။
ဒေသခံများ၏ပြောစကားအရ ရေဝေရေလဲတောများပျက်စီးကာ ရေရှားပါးလာသည်မှာ ၄နှစ်၊၅နှစ်အတွင်း ပို၍သိသာလာကြောင်း သိရသည်။
သဘာဝစမ်းရေထွက်ပေါက်များမှာ ယခင်က၁၂လရာသီလုံးရေမပြတ်သော်လည်း၊ယခုနောက်ပိုင်းတွင် ရေမထွက်တော့သော စမ်းခြောက် များဖြစ်လာသည်ဟု ဆိုကြသည်။ မင်းတပ်မြို့နှင့် ၉မိုင်အကွာရှိ စိမ့်စမ်းမှ သွယ်တန်းပေးဝေသည့် ရေကလည်း လူဦးရေများလာခြင်း ကြောင့် တစ်မြို့နယ်လုံးအတွက် မစို့မပို့ဖြစ်နေသည်ကိုတွေ့ရသည်။ စည်ပင်မှရေသွယ်ရာပိုက်လိုင်းတစ်လျှောက်တွင် ရေဘုံပိုင် လုံ လောက်စွာ မရှိသဖြင့် ဒေသခံများက ကြားဖြတ် သုံးစွဲခြင်း၊ ရေခံကန်မရှိဘဲ ရေများအလဟသ လျှံထွက်နေသည်ကိုလည်း တွေ့ရသည်။
ရေရှားပါးမှုကြောင့် သောက်သုံးရေအခက်အခဲအပြင်၊ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း သက်ရောက်မှုများရှိနေသည်ကို တွေ့ရသည်။
“ရေမလောက်တော့ အသီးတွေက သေးတယ်။ ဈေးကောင်းမရဘူးပေါ့။ ရေနိုင်ရင် အရမ်းဖြစ်ထွန်းတယ်” ဟု မင်းတပ်မြို့နယ်၊ ပန်းသြ ကျေးရွာမှ စတော်ဘယ်ရီခြံလုပ်ငန်းလုပ်ကိုသူ တစ်ဦးကပြောသည်။
မင်းတပ်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသည့် ဆလိုင်းအွမ်ခေါဂေက “ အရင်နှစ်တွေက ၆ လက်မပိုက်နဲ့ ရေတင်လို့ရနေတာဟာ၊ အခုဆိုရင် ၃လက်မပိုက်နဲ့မပြည့်တော့ဘူး။ ချင်းပြည်နယ်မှာ ရေခမ်းလာတဲ့ အပိုင်းကို အဓိကကူညီဖို့ လိုအပ်နေ ပါတယ်”ဟု ပြောသည်။
ချင်းပြည်နယ်ရှိ ရေရှားပါးမှုပြဿနာသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသော အကျိုးဆက်တစ်ခုဖြစ်နေရာ သစ်တောပြုန်းတီးမှုဖြစ်စေနိုင်သည့် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်အစား၊ ပိုမိုကောင်းမွန်သော မြေအသုံးချမှု အသိပညာပေးလုပ် ငန်းများလည်း အရေးတကြီးလုပ်ကိုင်ရန်လိုအပ်နေကြောင်း သူက ဆက်လက်ပြောသည်။
မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့များရှိ ကျေးရွာများတွင် ရေဘုံပိုင်များ၊ ရေကန်များနှင့် ရေရရှိရေးအတွက် လွန်ခဲ့သည့် ၁၉၈၀ ဝန်း ကျင်မှ စတင်ကာ UNICEF မှလည်းကောင်း၊ နောက်ပိုင်းတွင် Care Myanmar နှင့် UNDP တို့ကလည်းကောင်း ကူညီလုပ်ကိုင်ပေးထား သည်ကို တွေ့ရသည်။
သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော်မှစတင်ခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် ရေလုံလောက်မှုမရှိတော့ ကြောင်း မတူပီမြို့မှ ဒေသခံ ဦးထန်ကောလ်က ပြောသည်။
မြို့ရေပေးဝေမှုစနစ်တွင် အသုံးပြုနေသည့် ရေပိုက်လိုင်းများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော်ကတည်းက ပစ္စည်းများဖြစ်ရာ နှစ်စဉ် သဘာဝဒါဏ်ကြောင့် ပျက်စီးယိုယွင်းမှုများရှိနေခြင်းကလည်း ရေပေးဝေရေးတွင်အခက်အခဲတစ်ခုဖြစ်ကြောင်း ကန်ပက်မြို့နယ် စည်ပင် ရုံးမှ သိရသည်။
“ဒီကိစ္စတွေမှာ စည်ပင်တာတာဝန်ရှိပါတယ်။ ဒါပေမယ့် ဝင်ငွေအပေါ် မူတည်ပါတယ်။ မြို့နေလူထု ရဲ့ဝင်ငွေလည်ပတ်မှုက ခက်ခဲတော့ အခွန်ကောက်ရတာလည်း ခက်တယ်။ ဝန်ထမ်းအင်အားလည်း အရမ်းနဲတယ်။ လက်ရှိဋ္ဌာန ဘတ်ဂျက်၊ နိုင်ငံတော်ထောက်ပံ့ငွေနဲ့ အကောင်အထည်ဖော်ဖို့ခက်ခဲပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ထို့ကြောင့် ချင်းပြည်နယ်ရေရရှိရေးအတွက် ပုဂ္ဂလိက ကုမ္ပဏီများအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။
စည်ပင်သာယာက ပေးဝေနေသည့်ရေပမာဏ မလုံလောက်ခြင်းကြောင့် ပုဂ္ဂလိက ရေရောင်းသူများထံမှ နွေရာသီတိုင်းပုံမှန် ဝယ်ယူသုံးစွဲ ကြရကြောင်း မင်းတပ်နှင့် မတူပီဒေသခံများကပြောသည်။
မင်းတပ်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟာရှိန်းဘွေက “ကျနော်တို့မြို့နဲ့ ၁၄မိုင်မှာရှိတဲ့ ရေဖမ်းကန်ကနေလာတဲ့ ရေက ရရှိမှုကောင်းပေမယ့် ရေဖြန့်ဝေမှုက စနစ်မကျသေးဘူး။ လွှတ်တော်မှာလည်း ရေကိစ္စနဲ့ပတ်သက်ပြီး တင်ထားတယ်။ ရေအတွက်လုပ်ဖို့ ဘတ်ဂျက် သိန်း ၆၀၀တောင်းထားပါတယ်”ဟု ပြောသည်။
ယင်းဒေသများတွင် မြို့တော်စည်ပင်က ပိုက်လိုင်းသွယ်တန်းဖြန့်ဝေသော ရေထွက်စမ်းဦးများအပြင်၊ ပုဂ္ဂလိကပိုင် ရေထွက်စမ်းများလည်း ရှိသည်။ သို့သော် ရေထွက်စမ်းဦး အနီးဝန်းကျင်ရှိ သစ်ပင်သစ်တောများကို ထိန်းသိမ်းခြင်းနိုင်ခြင်းမှာမူ အားနည်းချက်ရှိနေခြင်းကြောင်း ဆလိုင်းအွမ်ခေါဂေက ပြောသည်။
မတူပီမြို့မှ ဒေသခံ ဦးထန်ကောလ်ကလည်း “ အခုဆိုရင် ကိုင်ဆီးတောင်တန်းပေါ်မှာ ကန်ပက်လက်လမ်းဖောက်ဖို့အတွက် ကမ္ဘာဦးသစ် ပင်ကြီးတွေကို ခုတ်လှဲပစ်နေတယ်။ ဒီသစ်ပင်တွေသာမရှိတော့ရင် နောက်၁၀နှစ်ဆိုရင် ကျနော်တို့ဆီမှာ ရေရမှာမဟုတ်တော့ဘူး။ ရေမရှိရင် ဒေသခံတွေကျန်းမာရေးလည်း အားနည်းတယ်။ ရေမရှိလို့ လက်မဆေးပဲ ထမင်းစားတဲ့သူတွေ အများကြီးပဲ” ဟုပြောသည်။
ထို့ကြောင့် ရေထွက်စမ်းဦးများကို မည်သို့ကာကွယ်မည်၊ ရေပြန်ထွက်လာစေရန်မည်သို့ သစ်တောကို မည်သို့ထိန်းသိမ်းမည်ဆိုသည့် အချက်သည် အဓိကကျပြီး၊ အရေးတကြီးစတင်လုပ်ဆောင်ရန် လိုအပ်နေသောအချက်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ချင်းပြည်နယ်ကို ကူညီမယ့် အင်န်ဂျီအိုတွေဝင်လာရင် ရေပြဿနာကို အဓိက ဖြေရှင်းပေးစေချင်တယ်။ UNDP နဲ့ Care Myanmar ဝင်လာတော့ ရေပုံး၊ရေခွက်တွေ၊ ပစ္စည်းတွေလာလှူတယ်။ သူတို့ပြန်သွားတော့ စားဝတ်နေရေး ခက်ခဲတဲ့အတွက် ဒေသခံတွေက ပြန် ရောင်းစားကြတယ်။ အဲလောက် မထိရောက်ဘူး”ဟု ဆလိုင်းအွမ်ခေါဂေက ပြောသည်။
ချင်းပြည်နယ် ရေရရှိရေးအတွက် ကူညီထောက်ပံ့မည်ဆိုပါက ပစ္စည်းလှူဒါန်းခြင်းများထက် သစ်တောထိန်းသိမ်းရေးနှင့် မြေအသုံးချစနစ် ဆိုင်ရာ အသိပညာပေးစီမံကိန်းများ ပြုလုပ်ပေးသင့်ကြောင်း သူကဆက်ပြောသည်။
ယခုနှစ်တွင် တောင်ပေါ်ဒေသ ရေခမ်းခြောက်မှု၊ သန့်ရှင်းသော ရေရှိမှုအခြေအနေနှင့်ပတ်သက်၍ နိုင်ငံခြားသားသုတေသီအချို့ကလည်း ရေနမူနာစစ်ဆေးမှုများ၊ ဂေဟစနစ်နှင့်ရေ ဆက်စပ်မှုအခြေအနေနှင့် သုတေသနလုပ်ငန်းများ၊လာရောက်လုပ်ကိုင်နေကြောင်း သိရ သည်။
ရွေ့ပြောင်းတောင်ယာစနစ်နှင့် တောမီးရှို့ခြင်းများကြောင့်ထွက်လာသည့် ပြာမှုန့်များက ချင်းပြည်နယ်လူထု သောက်သုံးနေရသည့် ရေထဲ တွင် ပျော်ဝင်လျှက်ရှိရာ၊ ရေထဲတွင် ကာဗိုဟိုက်ဒြိတ်ပါဝင်မှုအနေအထား၊ ရေကိုသန့်စင်စေနိုင်သည့် ရေနေအင်းဆက်များမျိုးသုန်းကာ၊ ယခင်ကမရှိသော ပိုးမွှားမျိုးစိတ်များ ပေါက်ဖွားလာမှုအခြေအနေ ရှိ/မရှိကို ယင်းဂျပန်သုတေသီက စတင်လေ့လာမှု ပြုလုပ်နေသည်ကို တွေ့ခဲ့ရ သည်။
“ရေမရှိရင် တောင်ပေါ်မှာ ဘယ်သူမှနေလို့မရတော့ဘူး။ ရေလုံးဝခမ်းသွားပြီးမှလုပ်မယ်ဆိုရင် မရတော့ဘူး။ အင်န်ဂျီအိုတွေက ပုဂ္ဂလိက ပိုင် စမ်းဦးတွေကို အပြတ်ဝယ်လိုက်ပြီး၊ ကျေးရွာပိုင်အဖြစ် ပြန်လှူပေးတာမျိုးတွေလုပ်ပေးမယ်ဆိုရင် အားလုံးပိုင်ဖြစ်တဲ့အတွက် သစ်ပင် တွေကို မခုတ်တော့ဘဲ အားလုံးဝိုင်းထိန်းနိုင်မယ်။ တစ်ယောက်တည်းပိုင်ဖြစ်နေတော့ ခုတ်တယ်”ဟု ဆလိုင်းအွမ်ခေါ်ဂေက ပြောသည်။
မြေပြန့်ဒေသကဲ့သို့ ရေတွင်းရေကန်များ တူးဖော်၍မရနိုင်သည့် တောင်ပေါ်ဒေသများတွင် အတာသင်္ကြန်ပွဲတော်၌ ရေပက်ခံမထွက်နိုင်ဘဲ၊ အတက်အဆင်းအကွေ့အကောက်နှင့် မိုင်နှင့်ချီဝေးသောနေရာများတွင် သောက်သုံးရေခပ်နေရသူများစွာ ရှိနေသည်။ သင်္ကြန်ပြီးလျှင် မိုးကိုမျှော်ချိန်ရောက်လာသော်လည်း မိုးရွာနောက်ကျလာသည့် ယခုလိုနှစ်များတွင် ရေပြဿနာမှာ ဖြေရှင်းမရနိုင်သေးသည့် အခက်အခဲ တစ်ခုဖြစ်နေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်ကို သဘာဝခရီးသွားလုပ်ငန်းအခြေခံကာ ဖွံ့ဖြိုးအောင်ပြုလုပ်မည် ဆိုသည့် နိုင်ငံတော်စီမံချက်သည်လည်း ရေရှားပါးမှုဖြစ်နေလျှင် အကောင်အထည်ဖော်ရန် ခက်ခဲစေမည့် အဓိက အချက်ပင်ဖြစ်တော့သည်။