ချင်းတောင်သို့ သွားမည့် ခရီးသည်များနှင့် လူသုံးကုန်ပစ္စည်းများက အလျားခပ်တိုတို၊ ခပ်နိမ့်နိမ့် မီနီဘတ်စ် ကားငယ်ထဲ မှာ ပြည့်နေသည်။ အကွေ့ အကောက် အနိမ့်အမြင့် များလှသည့် ချင်းတောင်တက် လမ်းများတွင် အန္တရာယ် ကင်းစွာ မောင်းနှင်နိုင် ရန် မီနီ ဘတ်စ် များနှင့် ဂျစ်ကားများကို အဓိက အသုံးပြုလေ့ရှိသည်။
ချင်းပြည်နယ်သို့ ရန်ကုန်မှ တိုက်ရိုက်ကားမရှိ၍ ပခုက္ကူကို အရင် သွားရသည်။ ထိုမှတဆင့် နတ်မတောင် ယာဉ်လိုင်းဖြင့် ချင်းပြည်တောင် ပိုင်း မင်းတပ်မြို့သို့ သွားရသည်။ ပခုက္ကူမှ မနက် ၁၀ နာရီခန့်မှ စထွက်လျှင် မင်းတပ်ကို ညနေ မမှောင်ခင် ရောက်သည်။
အချိန်က နွေလယ် ကာလ။ ဆပ်ပြာခွက်ကို ဘီးတပ်ထား သည့်ပုံစံ ကားပြားပြားကလေးဖြင့် ပခုက္ကူမှ မင်းတပ်မြို့သို့ သွားသည့် လမ်းမှာ စတင် ဖြတ်သန်း ရသည့် ပုံတောင်ပုံညာ မြင်ကွင်းများက အသိစိတ်တွင် စွဲထင်နေသည်။ ပခုက္ကူနှင့် ကံမစံပြကျေးရွာ ကားလမ်း၏ ဘေးဝဲယာရှိ တမာပင်များ၊ ထနောင်းပင်ကြီးများက အညာ၏ နွေသရုပ်ကို ပို၍ပေါ်လွင်စေသည်။
လမ်းဘေး တဘက်တချက်တွင် မြင်တွေ့ရသော မြင်ကွင်းများက ထန်းပင်၊ ထန်းတောများနှင့် လွင်တီးခေါင်ပြင် ယာခင်းများ ဖြစ်သည်။ ချောင်းဟုဆိုသော်လည်း ရေ မရှိသည့် သဲချောင်းတွေကိုလည်း အကြိမ်ကြိမ် ဖြတ်သန်းရသည်။
“တောင်ကျရေလုံးကြီးတွေ ထိုးဆင်းလာရင် ဒေါင်းငှက်တောင်မှ ပျံလို့မလွတ်ဘူး” ဆိုရမည့် ချောင်းမျိုးတွေ ဖြစ် သည်။ ချောင်းကိုဖြတ်လျှင် ရေမနစ်၊ ရွှံ့မကျွံပါဘဲ၊ သဲမြေပွပွများပေါ်တွင် မော်တော် ကားဘီး က တအိအိနှင့် ရုန်းရ သည်။
တခါတရံ ဖြတ်သွားရသည့် တံတားများပေါ် မှ သစ်တုံးများ က ငရံ့ခြောက် မီးဖုတ်ကို ထုချေထားသလို ဖွာထွက်နေ သည်။ ဆောက်လက်စ တံတားငယ် များကိုလည်းတွေ့ ရသည်။
ပူလောင်သည့် သဲချောင်းမြေပေါ် တွင် ထန်းရွက်၊ ထန်းလက် များဖြင့် မိုး၊ ကာထားသည့် မြေစိုက်တဲငယ် လေးတွေရှိသည်။ သဲများဖုံးနေသည့် ကားလမ်းမကို ဂေါ်ပြားများဖြင့် လမ်းရှင်းပေး နေသူများကိုလည်း တွေ့ရသည်။ တချို့က ရေပုံးများထမ်းကာ လက်ယက် သဲတွင်းများမှ ခပ်ထားသော ရေဖြင့် လမ်းကို လောင်းပေး နေကြသည်။ ကားလာနေသည်ကို မြင်မှ ဂေါ်ပြားကိုင်ပြီး ထန်းလက် တဲကလေးထဲမှ ပြေးထွက်လာသူတွေ လည်းရှိသည်။
သူတို့တွေထဲမှာ ကလေးငယ် အနည်းငယ်သာပါပြီး အများစုက အရွယ်ရောက်ပြီး သူတွေဖြစ်နေသည်ကို တွေ့ရသည်။ လမ်းကို ရှင်းပေး၊ ရေလောင်းပေးပြီး ကားများပေါ်မှ ပစ်ချပေးခဲ့မည့် ငွေအနည်းအကျဉ်းကို သူတို့မျှော်ကြသည်။ ပေးတဲ့ သူတွေလည်း ပေးကြပါသည်။ သို့သော် ကလေး မုန့်ဘိုးလောက်သာ ရှိမည့် ငွေပမာဏအတွက် ဘာကြောင့် သူတို့ ဒီလို လုပ်နေကြပါ သနည်း၊ တခြား အလုပ် အကိုင်မရှိကြလို့လားဟု ခြောက်သယောင်း နေသော သဲပြင်ကို ငေးရင်း တွေးမိသည်။
ပေါက်မြို့နယ် အရောက်တွင် တောင်ကျရေစီးနေသည့် ကမ်းပါးဖြူချောင်းကို ဖြတ်ရသည်။ ၁ ပေကျော်ကျော် နက်သည့် ရေထဲမှ ဖြတ်မောင်းရသည်။ ဖြတ်ခဲ့ရသမျှ ချောင်းများတွင် သည်ချောင်းက အကျယ်ဆုံးဖြစ်၏။ မိုးတွင်းဆိုလျှင် ဖြတ်သန်း၍ မရသဖြင့် တဘက်ကမ်းတွင် ညအိပ်ပြီး စောင့်ရသည်ဟု ဆိုကြ၏။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တောင်ရေကျ၍ ရေများ နေချိန်တွင် ဖြတ်ကူးသည့် လှေမျောပါသွားပြီး ခရီးသည် ၁၀ ဦးထက်မနည်း ကမ်းပါးဖြူချောင်းမှာ သေဆုံးခဲ့ရသည်။
ထို့နောက် အမြောင်းလိုက် ပတ်ကြားအက်နေသည့် သစ်ပင်မရှိသော တောင်ကတုံးများကို ဖြတ်ရပြန်သည်။ အပူရှိန်ကြောင့် မွနေသော ပုစွန်ကျစ်စာခဲလို တောင်မြေများက မိုးတပြိုက် နှစ်ပြိုက်ရွာလိုက်လျှင် အရည်ပျော် ပြိုဆင်းရန် အသင့် အနေအထားမှာ ရှိနေသည်။
ကားဘီးမြုပ်ရုံ ရေပြင်ကိုဖြတ်ကာာ ဂီယာကြီးဖြင့် ပြေးတက်ရ သည့် နွားလန်တက်ချောင်း အမည်တွင်သော နေရာက ချင်းပြည်နယ် ခရီးစဉ်မှာ အမှတ်တရ အရှိဆုံး ဖြစ်သည်။ ချိုင့်ထဲသို့ ဆင်းကာ ရေပြင်ကို ဖြတ်ပြီးနောက် လူအပြည့် တင်လာသည့် မီနီဘတ်စ်လေးက တောင်ထိပ်သို့ အရှိန်ဖြင့် ပြေးတက်ရင်း တောင်ထိပ် သို့ ရောက်လုလုတွင် ကားက ဂီယာ ပြောင်း၍ မရတော့ဘဲ ရပ်သွားတော့သည်။ ရှေ့တိုး၍ မရသလို၊ နောက် ပြန်ဆုတ်လျှင်လည်း ကားတစီးလုံး ကျွမ်းပြန် ကျတော့မည့် အနေအထားဖြစ်သည်။ ကားဆရာက ဂီယာတံကို ကြိုးစား၍ တွန်းသော်လည်း လုံးဝမရဘဲ မိနစ်အနည်းငယ် ကြာသွားသည်။
စပယ်ယာ မပါသည့်အတွက် ခရီးသည် အမျိုးသား တဦးက အောက်သို့ဆင်းပြီး ခုထားပေးဖို့ ဂျမ်းတုံးရှာသည်။ ကံဆိုးစွာပင် ထိုကားတွင် ဂျမ်းတုံးပါမလာ။ နောက်ပြန် ကျတော့မလားဆိုသည့် အတွေးကြောင့် အသက်ပင်မရှူရဲ။ လမ်းဘေးမှာလည်း လက်သီးဆုပ်အရွယ်လောက် ကျောက်တုံးတွေပဲ ရှိသည်။ ထိုကျောက်တုံးများဖြင့် ဂျမ်းတုံးလုပ်ပြီး လမ်းလယ်ခေါင်၊ တောင်ခုလပ်မှာ ကားပြင်ရသည်။ ဒရိုင်ဘာက ကားပြင်တတ်လို့ တော်ပါသေးသည်။
ကား ပြန်ကောင်းသွားလို့ နွားလန်တက်ကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက်တွင် ယောနယ်ကို ရောက်လာသည်။ ယောနယ်ကို ဖြတ်သန်း ချိန်မှာ မြင်ရ သည့် မြင်ကွင်းများ က ရုတ်ချည်း ပြောင်းလဲသွား သည်။ သစ်ပင် စိမ်းစိမ်း စိုစိုတွေ မြင်လာ ရသည်။ လယ်ကွင်း ပြင်များမှာလည်း ရေတဖွေးဖွေး ဖြစ်နေ သည်။ တချို့လယ်ကွင်းများတွင် စပါးခင်းများ ဖြစ်ထွန်းနေပေပြီ။ အပင် အပေါ်တွင် ထိုင်ကာ ထန်းရေသောက် ရန် လင့်စင်များ ထိုးပေး ထားသော ထန်းပင်၊ ထန်းတောများကိုလည်း တွေ့ရသည်။ တခြား ဘယ်ဒေသမှာမှ ဒီလို ဓလေ့စရိုတ်မျိုး မရှိပါ။ ယောနယ်မှ ကြည့်လိုက်လျှင် အဝေးဆီတွင် မှုန်ပျ မြင့်မားသော အပြာရောင် ချင်းတောင်တန်းများကို လှမ်း၍ မြင်နေ ရပြီဖြစ်၏။
မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ်မှ ကျောက်ထုမြို့ အဝင်ကိုရောက်တော့ ကြည်ကြည်လင်လင်နှင့် တသွင်သွင် စီးနေသည့် တောင်ကျချောင်းထဲတွင် တပိုင်တနိုင် ရေအားလျှပ်စစ် ထုတ်ယူနေသည့် စက်ကိရိယာ ငယ်များကိုလည်း တွေ့ရသည်။ ချင်းတောင်တန်း အစပ်ကို အနည်းငယ် တက်လိုက်ပြီးလျှင် ညီညာပြန့်ဖြူးပြီး စိမ်းစိုသော ယောနယ်ကို အပေါ်စီးမှ တလှည့် မြင်ရပြန်သည်။
အေးမြ လတ်ဆတ်သောလေက ခပ်မြူးမြူးကလေး တိုက်ခတ်လျှက်ရှိသည်။ တောင်တက် လမ်းအတိုင်း ဖြည်းဖြည်းချင်း မြင့်တက်သွားပြီးနောက် တရွေ့ရွေ့ နှင်လာသော မီနီဘတ်စ်ကလေးကို မင်းတပ်မြို့က ထင်းရှူးတောများဖြင့် ခရီးဦးကြိုပြု၏။ မနက် ၁၀ နာရီက မကွေးတိုင်း ပခုက္ကူမြို့မှ ထွက်လာသည့် ကားသည် ချင်းပြည်နယ် မင်းတပ်မြို့သို့ အရောက်တွင် ညနေ ၆ နာရီ တိတိရှိလေပြီ။
ပခုက္ကူ – မင်းတပ် – မတူပီလမ်းကို ၁၉၅၈ ခုနှစ် ကတည်းက စတင် ဖောက်လုပ်ခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှသာ ယခုကဲ့သို့ ကတ္တရာလမ်း ဖြစ်လာပြီး ကောင်းမွန်စွာ သွားလာနိုင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒီလမ်းက ချင်းပြည်နယ် တောင်ပိုင်းနှင့် မြေပြန့်ကို ဆက်သွယ် ပေးထားသည့် တခုတည်းသော ထွက်ပေါက်လမ်းလည်း ဖြစ်သည်။ ဒီလမ်းကို အသုံးပြု၍ ဆောမြို့နယ်မှ တဆင့် ကန်ပက်လက်မြို့ကိုလည်း သွားနိုင်သည်။ အနည်းငယ် ကျဉ်းသော်လည်း တောင်တက်လမ်းများက သိပ်မဆိုးလှ။ မြွေလိမ် မြွေကောက် အနိမ့်အမြင့်တွေတော့ များသည်။
“အန္တရာယ် ကုန်းတက်”၊ “အန္တရာယ်ကုန်းဆင်း”၊ “အတက်ကားကို ဦးစားပေးပါ” စသည့် သတိပေး လမ်းညွှန် ဆိုင်းဘုတ် များကို လမ်းဘေးဝဲယာ၌ မြင်ရသည်။ လမ်းများက အကွေ့ကြမ်းသည်။ တံတောင်ဆစ် ကွေ့ကြီးများကို ကွေ့ပတ် မောင်းနှင်ရသည်မှာ အလျားတိုသော ကားဖြစ်၍သာ တော်ပေသည်။ ကားဆရာကလည်း စိတ်ရှည်သည်။
တဘက်တွင် တောင်ကမ်းပါးယံနှင့် တခြားတဘက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါးများ အကြား သေသေသပ်သပ် မောင်းနှင် သွားနိုင်သည်။
“မိုးမရွာသေးလို့ လမ်းတွေ ကောင်းနေတာပါ။ မိုးရွာပြီဆိုတာနဲ့ တောင်တွေပြိုလို့ ကားတွေမထွက်နိုင်ဘူး” ဟု မင်းတပ် ဒေသခံတဦးက ဆိုသည်။
မင်းတပ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၈၆၀ ပေ အမြင့်ရှိသည့် တောင်ထိပ်ပေါ်မှာ တည်ဆောက်ထားသော ခရိုင်မြို့လေး ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ တောင်ပေါ် စခန်းမြို့ အဖြစ် တည်ထောင် ခဲ့ခြင်း ဖြစ်သည်။ မြို့ပတ်ပတ်လည်မှာ ထုထည်ကြီးမားစွာ ရှိနေသည့် မလုံတောင်၊ ချီပီတောင် စသည့် အပြာရောင် တောင်တန်းများကို အပေါ်စီးမှ မြင်ရသည့် မြင်ကွင်း သည် နှင်းဆီပန်း၏ ပွင့်ချပ်များကဲ့သို့ အထပ်လိုက် အလွှာလိုက် ဖြစ်နေသည်။ တောင်ယာ မီးရှို့ချိန်ဖြစ်၍လည်း ပတ်ဝန်း ကျင်က မြူဆိုင်း၍နေ သည်။
တောင်ကမ်းပါးယံ များတွင် မေးတင်ကာ ဆောက်ထားသည့် တိုင်းရင်းသားတို့၏ နေအိမ်များကိုလည်း တွေ့ရသည်။ မကွေးတိုင်းနှင့် များစွာ မဝေးလှသော်လည်း မြင်ရသည့် မြင်ကွင်းများနှင့် လေထုသန့်ရှင်းမှု စသည်တို့က မြေပြန့်နှင့် အလွန် ကွဲပြား ခြားနားသည်။ မင်းတပ်မြို့သည် အစနှင့်အဆုံး ၅ မိုင်ခန့်ရှိသော မြို့တန်းရှည် ပုံစံဖြစ်သည်။ အိမ်အများစုကို ထင်းရှူးသားနှင့် ဆောက်ထားသည်။ ကျေးရွာများတွင် ဒေသခံ ကလေးငယ်များက ထင်းရှူးဆီတိုင်ကို မီးရှို့ကာ စာဖတ်ကြရခြင်းကြောင့် ထင်းရှူးတောများ ပျက်စီးဆုံးရှုံးမှု ရှိနေကြောင်းလည်း သိရသည်။
မင်းတပ်ခရိုင်အတွင်း၌ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ကန်ပက်လက် မြို့နယ်တို့ ပါဝင်ပြီး လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်က ချင်းပြည်နယ် တောင်ပိုင်း၏ ခရိုင်မြို့မှာ ကန်ပက်လက်မြို့ ဖြစ်ခဲ့သည်။
မင်းတပ်မြို့သည် ထိုစဉ်က အင်္ဂလိပ်တို့ကို ပုန်ကန်သူများကို ယာယီ ချုပ်နှောင်ရာ အကျဉ်းစခန်း တခုသာဖြစ်ကြောင်း အသက် ၈၀ နီးပါးရှိ ချင်းအမျိုးသား အဘိုးအိုတဦးက ပြောသည်။ ချင်းပြည်နယ်သည် မည်သည့် သဘာ၀ မြေအောက် သယံဇာတမျှ မထွက်သည့် ဒေသတခုဖြစ်ပြီး ကုလသမဂ္ဂ၏ စစ်တမ်းများအရဆိုလျှင် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည်။ သို့သော်လည်း ချင်းတောင်တန်းများကို မြေပေါ် သဘာ၀ သယံဇာတများဟု တင်စားပြောဆို၍ ရပေသည်။ ချင်းတောင်တန်း များသည် လှပသည်၊ စိတ်ကို အပန်းပြေစေသည်၊ တိမ်တွေထက်မြင့်သော သဘာ၀ အလှအပများကို ပြယုဂ်ထားပြီး တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ယူနိုင်သည့် ဒေသဖြစ်သည်ကို တွေ့ရသည်။
မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ်ရှိ နတ်မတောင် (ခေါ်) ခေါနုသုမ် (ခေါ်) ဝိတိုရိယ တောင်သည် ပြည်တွင်းပြည်ပမှ လာရောက် လည်ပတ်သူများကို ဆွဲဆောင်နိုင်သည့် နေရာတခုဖြစ်သည်။ တောင်တက် ခရီးစဉ်အဖြစ် လာရောက် လည်ပတ်ကြသည်။ ချင်းပြည်နယ်သည် ဇိမ်ကျသည့် အပန်းဖြေရာ ဒေသမဟုတ်ဘဲ၊ စွန့်စားရပြီး ဒေသန္တရ ဗဟုသုတများ ရနိုင်သော အပန်းဖြေ ခရီးစဉ်တခုဖြစ်သည်။ မင်းတပ်မှ ကန်ပက်လက်သို့ မိုင် ၄၀ ကျော်သာ ဝေးသော်လည်း အဆင်း အတက် ကြမ်းသော မြေသားတောင်တက်လမ်းများ ဖြစ်နေ၍ သွားမည်ဆိုပါက အချိန်ယူရသည်။
မင်းတပ်မှ ကန်ပက်လက်သို့ သွားရာ လမ်းတလျှောက်သည် နတ်မတောင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် နယ်မြေများ ဖြစ်ရာ သစ်တောများက ထူပိန်းလျှက်ရှိသည်။ တောင်ယာ မီးရှို့ခြင်းများကြောင့် တောင်ကတုံးများ ဖြစ်နေသည့် မင်းတပ်မြို့ဝန်းကျင်ထက် သစ်တောများပိုပြီး သိပ်သည်းထူထပ်သည်။ နတ်မတောင် အမျိုးသားဥယျာဉ်ကို စတင် ထူထောင်ခဲ့သူ ဦးရှိန်းဂေငိုင်း၏ ပြောပြချက်အရ ဆိုလျှင် နတ်မတောင် ဧရိယာတွင် ကမ္ဘာဦး ရှားပါးသစ်ပင်ပု များစွာ ရှိနေ သေးကြောင်း သိရသည်။
မင်းတပ်ထက် ပေ အနည်းငယ် နိမ့်သည့် ကန်ပက်လက်မြို့တွင် နတ်မတောင် ခရီးသွားလုပ်ငန်းကို အမှီပြု၍ ဖွင့်လှစ် ထားသော ဘန်ဂလိုများရှိသည်။ မြို့ကြီးတွေက ဟိုတယ် ဝန်ဆောင်မှုမျိုး မရနိုင်သော်လည်း ဈေးနှုန်းက သင့်တင့်ပါသည်။ သို့သော် မြို့နှင့်ဝေး၍ ပြင်ပမှ အစား အသောက်များ ဝယ်ယူ စားသောက်ရန် အခက်အခဲရှိသည်။
ကန်ပက်လက်မြို့ကို တောင်ပေါ် စခန်းမြို့ဖြစ်ရမည်ဟု ကြွေးကြော်သံ ဆိုင်းဘုတ် တင်ထားသော်လည်း တကယ်တမ်းတွင် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အပြင်အဆင်များ မတွေ့ရဘဲ မူလအရိုးခံ အတိုင်းသာ ရှိနေဆဲဖြစ်သည်။
“ကျနော်တို့မှာ ဝန်ထမ်း မလောက်ဘူးဗျ။ ဖွဲ့စည်းပုံမှာက လူ ၂၀ ရှိပေမယ့် တကယ်တမ်းကျတော့ ဝန်ထမ်း ၆ ယောက်နဲ့ အလုပ်လုပ်နေရတယ်” ဟု ကန်ပက်လက်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတဦးက ပြောသည်။
ရာသီဥတုကြမ်းကာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းတောင်တန်းများမှ ဝန်ထမ်းများသည် မြေပြန့်မှ ဝန်ထမ်း များထက် လစာ ၂ ဆ ရသည်ဆိုသော်လည်း လုပ်ချင်သူ ရှားပါးနေဆဲ ဖြစ်သည်။ ကန်ပက်လက် မြို့တွင် ရင်ဒူး (ဒါရ်)၊ ဟုပ်ပူး၊ ငရာ၊ မွင်းနှင့် ဒိုင်ရ် မျိုးနွယ်စုများ နေထိုင်ပြီး လူဦးရေ ၂ သောင်းကျော်သာ ရှိသည့် မြို့ငယ်လေးတခု ဖြစ်သည်။
နာမည်ကျော် ဘုံတလာရေတံခွန်နှင့် ချင်းပြည်နယ်၏ ဒုတိယအမြင့်ဆုံး မောပိတောင်တန်း တည်ရှိရာ မတူပီမြို့သို့ သွားမည် ဆိုလျှင် မင်းတပ်မြို့မှ ၁၀၂ မိုင် ထပ်မံ သွားရဦးမည်ဖြစ်သည်။ သို့သော် ကတ္တရာလမ်းဖြစ်၍ လမ်းကောင်းသည်။ ပခုက္ကူမှ မတူပီမြို့သို့ တိုက်ရိုက် ပြေးဆွဲလျှက်ရှိသည့် လိုင်းကားများလည်း ရှိသည်။ ချင်းပြည်တောင်ပိုင်း ခရီးစဉ်တွင် အလှဆုံး ရှုခင်းများ တွေ့နိုင်သည့် နေရာကို ပြောပါဆိုလျှင် မင်းတပ် – မတူပီ လမ်းတလျှောက်ကို ညွှန်းဆိုရမည် ဖြစ်သည်။ သို့သော် မိုးတွင်းကာလတွင် အန္တရာယ်များသည့် လမ်းခရီး ဖြစ်သည်ဟု ဆိုကြသည်။
အနိမ့်ဆုံးပေ ၄ ထောင်မှ အမြင့်ဆုံး ၉ ထောင်ကျော် အထိရှိသည့် တောင်တက်လမ်းများက စိတ်လှုပ်ရှားဖွယ် ကောင်းသည်။ ရာသီဥတုက နွေရာသီခေါင်ခေါင်တွင် ခိုက်ခိုက်တုန်အောင် အေးစိမ့်လွန်းသည်။ တောတောင်ရိပ်များနှင့် လေ တိုက်ခတ်မှု များကြောင့် အရိုးထိအောင် အေးသည်။
မတူပီမြို့သည် ပင်လယ်ရေ မျက်နှာပြင်အမြင့် ၃၅၆၀ ပေတွင် တည်ရှိသည်။ သန့်ရှင်းသပ်ရပ်ပြီး ဈေးချိုသည့် တခုတည်း သော တည်းခိုခန်း ရှိသလို၊ အချက်အပြုတ် ကောင်းသော်လည်း ဈေးများသည့် တခုတည်းသော ထမင်းဆိုင်ရှိသည်။ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ချင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (CNF) ၏ ဆက်ဆံရေး ရုံးစိုက်ရာ မြို့လည်းဖြစ်သည်။ ချင်းပြည်နယ်သို့ ကမ္ဘာလှည့် ခရီးသွားများ လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်သည့်မြို့များတွင် မပါဝင်သေးသည့် တခုတည်းသော မြို့လည်းဖြစ်သည်။ နိုင်ငံခြားသားများ၏ လုံခြုံရေးအတွက် စိတ်မချရသေးသော နယ်မြေ ဖြစ်နေသည့် အတွက်ကြောင့်ဟု သိရသည်။
မတူပီသည် ကန်ပက်လက်မြို့ထက်ရော၊ မင်းတပ်မြို့ထက်ပါ ပို၍သာယာသည်ဟု ထင်မိသည်။ အိုင်ပီစတားဖြင့် သုံးနေသည့် အင်တာနက် ဆိုင်များကိုလည်း တွေ့ရသည်။ သို့သော် တယ်လီဖုန်းလိုင်း လုံးဝမမိခြင်းက ခရီးသွား ဧည့်သည်များ အတွက် စိတ်ညစ်စရာ အချက်ဖြစ်သည်။ မတူပီမြို့သည် ဝေးလံခေါင်သီသော မြို့ဖြစ်သော်လည်း ခေတ်မီသည်။ မင်းတပ်၊ ကန်ပက်လက် မြို့များနှင့် စကားပြောပုံချင်း ကွာခြားပြီး လေယူလေသိမ်း နူးညံ့သည်။ နားထောင်၍ ပိုကောင်းသည်။
ဘုံတလာ ရေတံခွန်နှင့် လေမျိုချောင်း တို့မှ အသေးစား ရေအားလျှပ်စစ် ထုတ်ယူနိုင်သောကြောင့် ရေစီးအားကောင်းသည့် အချိန်တွင် ပုံမှန်လျှပ်စစ်မီး ရသည်။ သို့သော် မင်းတပ်နှင့် ကန်ပက်လက်မြို့ကဲ့သို့ပင် ရေရှားပါးမှု အခက်အခဲရှိသည်။
ချင်းပြည် တောင်ပိုင်းခရီးစဉ်တွင် မကွေးတိုင်းဘက်မှ လမ်းများက ဆိုးသလောက်၊ ချင်းပြည်နယ်အပိုင် တောင်တက်လမ်းများ က ကတ္တရာခင်းထားသဖြင့် ပို၍ကောင်းသည်။
ချင်းပြည်နယ်သည် မည်သည့် တွင်းထွက်ပစ္စည်းမျှ မထွက်သဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်ဖြစ်နေသော်လည်း၊ ၎င်းမှာရှိသည့် သဘာဝအလှ ရှုခင်းများနှင့် ပြည်တွင်းပြည်ပ ဧည့်သည်များကို ဆွဲဆောင်ကာ မီးခိုးတိတ် စက်ရုံများ လည်ပတ်နိုင်သည့် ပြည်နယ်ဖြစ်သည်။ သဘာဝအလှအပများ မပျက်စီးသေးဘဲ ကျန်နေသေးသည့် ပြည်နယ်ဖြစ်သည်။
သို့သော်လည်း မင်းတပ်ခရိုင် အတွင်းရှိ တောင်တန်းများ၊ သစ်တောကြီးများသည် ဒေသခံများ၏ ပြောင်းရွှေ့တောင်ယာ စိုက်ပျိုးခြင်း၊ တောင်ယာခုတ်ထွင် မီးရှို့ခြင်းများကြောင့် တဖြည်းဖြည်း လျော့နည်းလာနေပြီ ဖြစ်ရာ၊ အချိန်မီ ထိန်းသိမ်းရန် အရေးတကြီး လိုအပ်နေသည်ဟု မင်းတပ်မြို့မှ သစ်တော ထိန်းသိမ်းရေး စိတ်ဝင်စားသည့် ဒေသခံတဦးဖြစ်သူ ဦးလောတီက ပြောပြသည်။
“သစ်ပင်တွေရှိမှ ကျနော်တို့ဆီကို ခရီးသွားတွေ လာလည်ကြမှာပါ။ အခုဆိုရင် ဘိုးဘွားတွေ လက်ထက် ကတည်းက ထိန်းသိမ်း လာခဲ့တဲ့ သစ်တော စိမ်းကြီးတွေဟာ ၃ ပုံမှာ ၁ ပုံလောက်ပဲ ကျန်တော့တယ်။ သစ်ပင်တွေမရှိတော့ မိုးရွာရင် မြေဆီလွှာတွေက မြေပြန့်ကို ပါသွားပြီး ယောနယ်ဘက်မှာ စပါးတွေဖြစ်တယ်။ ဒါပေမယ့် မိုးရေတွေ ဒလဟောကျတာနဲ့ ယောနယ် ဘက်မှာလည်း လယ်ခင်းတွေ ပျက်တာပဲ။ တောင်ပေါ်မှာ ဖြစ်တယ်ဆိုပေမယ့် မြေပြန့်ကိုလည်း သက်ရောက် တယ်လေ” ဟု ဦးလောတီက ဆိုသည်။
မင်းတပ်မြို့ပေါ်တွင် အဓိကလမ်းမကြီး တခုသာရှိပြီး တခြားလမ်းများမှာ တောင်ခါးပန်းများတွင် ဖောက်လုပ်ထားသည့် ဖြတ်လမ်းတို များသာဖြစ်သည်။ ချင်းမျိုးနွယ်စုများ ဖြစ်သည့် မွင်း၊ မကဏ်း၊ ဒိုင်နှင့် တောင်သား (ရောင်ထူ) လူမျိုးများ နေထိုင်ကြသည်။ ၂ ရက်လျှင် တကြိမ်သာ လျှပ်စစ်မီးရသည်။ ရေလည်းရှားသည်။
မင်းတပ်မြို့ အနီးဝန်းကျင်ရှိ ကျေးရွာများသည် အများအားဖြင့် တခြားတဘက်ရှိ တောင်များပေါ်တွင် ရှိကြသည်။ တောင်တက် တောင်ဆင်းများဖြင့် သွားလာရကြမ်းသော နေရာများဖြစ်သည်။ ချင်းတောင်တွင် ဆရာ၊ ဆရာမ မလုံလောက်မှုများ ရှိနေဆဲ ဖြစ်သည်ကိုလည်း တွေ့ရသည်။ ကျောင်းများတွင် ကျောင်းသားနှင့် ဆရာ အချိုးက များစွာ ကွာဟနေသေးသဖြင့် ဆွဲခန့် ဆရာ၊ ဆရာမများ ခန့်အပ် ထားရခြင်းများ ရှိနေသည်။ မင်းတပ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပခုက္ကူနှင့် ယောနယ်မှ ဆယ်တန်းအောင်၊ ဘွဲ့ရထားပြီး အလုပ်အကိုင် မရှိသေးသည့် ဆရာမလေးများက ကလေးများကို စာသင်ပေး နေကြသည်။
ယခုအခါ လစ်လပ်ပညာရေး ဝန်ထမ်းနေရာများတွင် ဖြည့်စွက်ခန့်ထား နိုင်ရန် ဝန်ထမ်းရွေးချယ် စာမေးပွဲများ ချင်းပြည်နယ် အနှံ့တွင် ပြုလုပ်နေကြောင်း သိရသဖြင့် လာမည့်နှစ်တွင် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်တော့မည်ဟု ဒေသခံများက မျှော်လင့်နေသည်ကို တွေ့ရသည်။
ချင်းတောင်ပေါ်တွင် ရက်အနည်းငယ်သာ နေခဲ့ရသော်လည်း တောင်ပေါ် ခေါင်ရည်ချိုမြမြဖြင့် ဧည့်ဝတ်ကျေပွန်လှသည့် တိုင်းရင်းသားတို့၏ ရိုးသားမှုနှင့် ဖော်ရွေမှုတို့က အမှတ်တရ ဖြစ်စေသည်။ အိမ်ကို ဧည့်သည်ရောက်လျှင် ဒေသထွက် တောင်ယာ ဆပ်နီဖြင့် ဖောက်ထားသည့် ခေါင်အိုးကို အရင်ဖွင့်သည်။ ပထမဆုံး ခေါင်ရည် တကျိုက်ကို ကိုယ်တိုင် ခွံ့တိုက် တတ်ပြီး တခွက်လုံးကုန်အောင် သောက်ပြမှ ပြုံးကာ ကျေနပ်ကြသူများ ဖြစ်သည်။ ခေါင်ရည်တကျိုက် နှစ်ကျိုက် သောက်ပြီးလျှင်ကား ဧည့်သည်နှင့် အိမ်ရှင်များ တသားတည်း ဖြစ်ကာ စကား ဖောင်ဖွဲ့နိုင်ကြပြီ ဖြစ်သည်။
ဒီဇင်ဘာလ နောက်ပိုင်းတွင် ချင်းရိုးရာ ပွဲတော်များရှိပြီး တောင်ဇလပ်နှင့် ချယ်ရီပန်းများ ပွင့်ချိန်လည်းဖြစ်ရာ လာရောက် လည်ပတ်ရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း ဒေသခံတို့က ဖိတ်ခေါ်ကြသည်။ နွားနောက်သားနှင့် ခေါင်ရည်က သူတို့၏ ရိုးရာ ဓလေ့ထုံးစံ စားသောက် ဖွယ်ရာဖြစ်သည်။
ဧည့်သည်ကိုတိုက်သော ခေါင်ရည်က မူးယစ်သွားသည့် အဆင့်ကို မရောက်ဘဲ ချိုသည့် အရသာနှင့် အနည်းငယ် ခါးသက်သည့် အရသာ ရောနေသည်။ ချင်းရိုးရာ ခေါင်ရည်က ကစီဓာတ်နှင့် ဂလူးကိုစ့်ဓာတ် ပါသဖြင့် ပင်ပန်းမှုကို ပျောက်စေသည်ဟု သူတို့ ဂုဏ်ယူစွာ ပြောကြသည်။
မင်းတပ်မြို့သည် ယောနယ်မှ ထွက်သော ဆန်စပါးကို အဓိက အားကိုးရပြီး သူကိုယ်တိုင်တွင်မူ ယခုနှစ်များတွင် ခေတ်စား လာသည့် ဝဥမှ လွဲ၍ တခြားပြည်နယ်နှင့် တိုင်းများသို့ တင်ပို့ရလောက်သည့် ထွက်ကုန် များများစားစားမရှိပါ။ တောင်ယာမှ ရရှိသည့် ပြောင်းနှင့် ဆပ်များက ဒေသခံများအတွက် စားလောက်ရုံသာ ဖြစ်သည်။ တချို့က ဆန်နှင့်ဆပ်ကို ရောနှော ပြုတ်ကာ ဟင်းမပါသော ထမင်းဝိုင်းနှင့် ဝမ်းရေးကို ဖြည့်ဆည်းရသည်။ တောင်ယာ ခုတ်ထွင်မှု များကြောင့် သစ်တောများ ပြုန်းတီး လာခြင်းအပြင်၊ မိုးရေတိုက်စား မှုကြောင့် မြေဆီလွှာ ပြုန်းတီးလာခြင်းကလည်း တောင်သူများအတွက် သီးနှံဖြစ်ထွန်း အောင်မြင်မှု နည်းစေကြောင်း ဒေသခံများက ပြောသည်။
စီးပွားရေး နိမ့်ကျမှုကြောင့် ဒေသခံလူငယ်များကလည်း ရေကြည်ရာ မြက်နုရာသို့ ထွက်ခွာကြသည်။ မြို့ပေါ်တွင် လူငယ်လူရွယ် သိပ်မတွေ့ရပါ။
“လူသေရင်တောင်မှ မြေတူးဖို့ အားကောင်း မောင်းသန် လူငယ်မရှိတော့ဘူး။ ကျနော်တို့ဒေသမှာ လုပ်စရာ အလုပ်လည်းမရှိ၊ ခိုးစားဖို့လည်း မရှိဘူး” ဟု ဦးလောတီက ဆိုသည်။
မြို့နှင့် အနီး ကျေးရွာများတွင် ဆေးမင်ဖြင့် မျက်နှာကို ပါးရဲ (ဒေသအခေါ် ပါးမဲ) ထိုးထားသည့် အမျိုးသမီးကြီးများကို ယခုတိုင် တွေ့မြင်နိုင်ဆဲ ဖြစ်သည်။ ထိုသို့ ပါးရဲထိုးကာ မျက်နှာအလှကို ဖုံးကွယ်သည့် ဓလေ့မှာ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်တွင် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုနောက်ပိုင်း မျိုးဆက်များတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပါးရဲထိုးထားသည့် အမျိုးသမီးများကို ကြည့်လျှင် အသက်အရွယ်မှာ အနည်းဆုံး ၄၅ နှစ်နှင့် အထက်များသာ ဖြစ်သည်ကို တွေ့ရသည်။
“မျက်နှာကို ကြိမ်စူးနဲ့ ထိုးရတယ်၊ အရမ်းနာတယ်။ သွေးတွေလည်း အများကြီးထွက်တယ်။ ဦးနေဝင်း လက်ထက်ကျတော့ ပါးမဲထိုးတဲ့ လူတွေကို ဒဏ်ရိုက်တယ်။ အဲဒီတုန်းက ကျမက သူကြီးသမီးဆိုတော့ ဒဏ်ငွေ ၅၀ ဆောင်ရတယ်။ တခြားသူတွေ မဆောင်ရဘူး။ အဲဒီနောက်ပိုင်း မထိုးကြတော့ဘူး” ဟု မင်းတပ်မြို့ စီးချဲ့ရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် အဘွားအိုက ပြန်လည် ပြောပြသည်။ ချင်း ယောက်ျားတို့၏ အဆောင်အယောင်ကတော့ ပလိုင်းနှင့် ဓားငယ် ဖြစ်သည်။
မြင်တွေ့ခဲ့ရသည့် အိမ်နှင့် ဆိုင်အများစု၏ မျက်နှာစာများတွင် ကျားခေါင်းရုပ်ပုံကို ကပ်ထားကြသည်။ ထိုသို့ ကပ်ထားခြင်းဖြင့် အန္တရာယ် ကင်းစေသည်ဟု သူတို့ယုံကြည်ကြသည်။
ထို့အပြင် တချို့နေအိမ်မှာတွင် တိရစ္ဆာန်များ၏ ဦးခေါင်းခွံများကို အစီအရီ ချိတ်ဆွဲ ထားသည်ကို တွေ့ရသည်။ နတ်ကိုးကွယ်သည့် ချင်းလူမျိုးတချို့၏ ရိုးရာဓလေ့ နွားနောက်သတ်ပွဲများ ပြုလုပ်စဉ် ရရှိသည့် နွားနောက်နှင့် အမဲလိုက်ရာမှ ရရှိလာသည့် တောဝက်ကဲ့သို့ သားကောင်များ၏ ဦးခေါင်းခွံများကို ဂုဏ်ယူဖွယ် တခုအနေဖြင့် ချိတ်ဆွဲထားခြင်း ဖြစ်သည်။ နေအိမ်အများစုတွင် လိုင်စင်နှင့် ကိုင်ဆောင်သော တူးမီးသေနတ် များလည်း ရှိကြသည်။ တူမီးသေနတ်ဖြင့် တောလိုက် ထွက်ရာမှ ပြန်လာသည့် ချင်းလူငယ် လူကြီးတို့ကို မင်းတပ်နှင့် မတူပီမြို့များတွင် မြင်တွေ့ ခဲ့ရသည်။
ဒေသခံများသည် ခရစ်ယာန် ဘာသာနှင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး နတ်ကိုးကွယ်မှုများလည်း ရှိနေဆဲဖြစ်သည်။
အပြန်ခရီးမှာ မီနီဘတ်စ်မဟုတ်တော့ဘဲ ဂျစ်ကားနှင့် ပြန်ရသည်။ အလာခရီးတွင် မြေပြန့်မှ တင်ပို့သော ကုန်ပစ္စည်းများ ပါသော်လည်း၊ အပြန်မှာတော့ ချင်းလူငယ်များသာ ကားနှင့်တစီး အပြည့်ပါလာသည်။ နေပူပြင်းသော ကောင်းကင် အောက်က အမိုး မပါသော ကားနောက်ခန်း၌ မတ်တပ်ရပ်သူရပ်၊ နေရာရသူက လည်း ကျပ်ကျပ်တည်းတည်း ထိုင်ရပြီး မိုင် ၁၀၀ နီးပါး ခရီးကို သူတို့တွေ လိုက်လာကြရသည်။
တချို့က မလေးရှားသို့ အလုပ်သွားလုပ်ကြမည်ဖြစ်ပြီး တချို့က တက္ကသိုလ်တက်ရန် မြေပြန့်သို့ ဆင်းကြခြင်း ဖြစ်သည်။ ဂျစ်ကားလေးက ချင်းတောင်မှ တရွေ့ရွေ့ ပြန်ဆင်းခဲ့သည်။ ကားဆရာက အန္တရာယ် ကုန်းဆင်းဆိုသည့် ဆိုင်းဘုတ် နားအရောက်တွင် ကားကိုအရှိန်လျှော့ကာ၊ စတီယာရင်ကို ရှိခိုးလိုက်၏။ တောင်တန်းပြာကြီးများ
က နောက်ဘက်တွင် ဝေး၍ဝေး၍ ကျန်ရစ်သည်။ ချင်းတောင်တွင် သောက်ခဲ့ရသည့် ဒေသထွက် တောင်ပေါ်ကော်ဖီကို သတိရနေမိတော့သည်။