ချင်းပြည်နယ်တွင် ခရစ်ယာန်ဘာသာ၏ အထွဋ်အမြတ်ထားရာ လက်ဝါးကပ်တိုင်များ ဖြိုချခြင်း၊ အလိုမတူဘဲ ဗုဒ္ဓဘာသာ သွတ်သွင်းခံရခြင်းများကို မြန်မာအစိုးရက ကျူးလွန်နေကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့တခုက အစီရင်ခံစာထုတ်ပြန် စွပ်စွဲလိုက်သည်။
“အရင်အစိုးရ အဆက်ဆက်ကတည်းက သာသနာရေးဝန်ကြီးဌာန အမိန့်နဲ့ လက်ဝါးကပ်တိုင် အကြီးကြီးတွေ ဖြိုချဖျက်ဆီးတာ အားလုံး ၁၃ ကြိမ် ရှိတယ်။ အဲဒီအထဲက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖြစ်တာ ၄ ကြိမ် ရှိတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ညွှန်ကြားရေးမှူး ကိုဆလိုင်းလိင်းက ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကန့်သတ်ခံရမှု၊ ဘာသာရေးဖိနှိပ်မှု၊ ချင်းတိုင်းရင်းသားတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ CHRO က “ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း” အမည်ရ အစီရင်ခံစာတစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
“ကျနော်တို့ ဒီအစီရင်ခံစာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီးပြင်ဆင်ခဲ့တာပါ။ အဓိက ဘာသာရေး နှိပ်ကွပ်မှုနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ခဲ့တာ” ဟု ကိုဆလိုင်းလိင်းက ပြောသည်။
၂၀၀၀ ပြည့်နှစ်ကတည်းက ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း ကိုယ်တိုင်ကိုယ်ကျ အဖွဲ့ခွဲများနှင့် အသေးစိပ် လေ့လာ စုံစမ်းမှုများလုပ်၍ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြောင်း၊ ချင်းပြည်နယ်တွင် လူများစု ချင်းတိုင်းရင်းသားများမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများပြားပြီး အစိုးရ အဆက်ဆက်က ခရစ်ယာန်ဘာသာဝင် ကျောင်းသူ၊ ကျောင်းသားများကို အလိုမတူဘဲ ဗုဒ္ဓဘာသာ သွတ်သွင်းမှုများလည်း တွေ့ရှိရကြောင်း သူက ဆိုသည်။
“အစိုးရက တောင်တန်းသာသနာပြုဆိုတဲ့ အစီအစဉ်နဲ့ ဗုဒ္ဓဘာသာ ထွန်းကားအောင် အစိုးရငွေတွေနဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးဆောက်တယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ် တားမြစ် ချုပ်ချယ်သလို တဖက်ကလည်း ဗုဒ္ဓဘာသာ ပြန့်ပွားအောင်လုပ်တယ်” ဟု ကိုဆလိုင်းလိင်းက ဆက်ပြောသည်။
လူဦးရေ ၅ သိန်းကျော် နေထိုင်သည့် ချင်းပြည်နယ်တွင်း ချင်းလူမျိုး ခရစ်ယာန် ကိုးကွယ်သူများအား နိုင်ငံတော် မူဝါဒ အနေဖြင့် အစိုးရက ခရစ်ယာန်ဘာသာရေး ဘုရားကျောင်းနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်မှု ပျက်သုဉ်းရန် နှစ်ပေါင်းများစွာ လုပ်ဆောင်နေမှုသည့် ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု တခုဖြစ်ကြောင်း ဆယ်စုနှစ်တခုကြာ အချိန်ယူ လေ့လာတင်ပြထားသည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း အစိုးရအာဏာပိုင်များက အတင်းအဓမ္မ အလုပ်စေခိုင်းမှု၊ ညှဉ်းပန်းနှှိပ်စက်မှုများကြောင့် ချင်းတိုင်းရင်းသား ထောင်နှင့်ချီပြီး နေရင်းရပ်မှ ထွက်ပြေးနေကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ချင်းတိုင်းရင်းသူ တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် မချယ်ရီဇာဟောင်းကလည်း ချင်းပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကျယ်ပြန့်စွာရှိပြီး ဦးနေဝင်း ခေတ်ကတည်းက နိုင်ငံရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ အလွန်အားနည်းကြောင်း၊ လူထု၏ အခက်အခဲကို အစိုးရက ဖြေရှင်းမပေးမှုကြောင့် အားမကိုးတော့ဘဲ ဘာသာရေးဆိုင်ရာ ဘုရားကျောင်းစသည်တို့ကို အားကိုးလာခြင်းကို အစိုးရက မလိုလားခြင်းက ပြဿနာကို ကျယ် ပြန့်စေခဲ့ကြောင်း ပြောသည်။
“ချင်းပြည်နယ်မှာက ဆုံချက်က ခရစ်ယာန် ဘုရားကျောင်းတွေ ဖြစ်တယ်။ အဲဒီမှာ လူတွေက လူမှုရေး၊ နိုင်ငံရေး စတဲ့ သူတို့ရဲ့ ပြဿနာ အသေးစိပ်ကို ဘုရားကျောင်းတွေကို ယူလာကြတယ်။ ဒါတွေကို အစိုးရကသိတော့ ဘုရားကျောင်းတွေကို ဖိအားပေးတယ်။ ကျမ သိသလောက်ကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကိုလည်း ဖိအားပေးတာပဲ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ စာသင်ကျောင်းများတွင်လည်း ပြည်ထောင်စုတွင် စုဝေးနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း လေးစားပြီး ခွဲခြားဆက်ဆံမှုမပြုရန် သင်ကြားမှုများ မရှိကြောင်း၊ ထို့ကြောင့် လူမျိုးရေး ခွဲခြားသည့် အသုံးအနှုန်းများကို ဆရာ၊ ဆရာမ တချို့သည်ပင် သုံးနေကြကြောင်း မချယ်ရီဇာဟောင်းက ဆက်ပြောသည်။
ချင်းလူအခွင့်အရေးအဖွဲ့ အနေဖြင့် ယခုကဲ့သို့ အစိုးရကိုယ်တိုင် ကျင့်သုံးသည့် မူဝါဒအတိုင်း ဘာသာရေးဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ချင်းပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေခြင်းကို ယခု အစီရင်ခံစာအပြင် နိုင်ငံတကာ သိစေရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းကျော် ရှိသော မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ၉၀ ရာခိုင်နှုန်း၊ ခရစ်ယာန် ကိုးကွယ်သူ ၄ ရာခိုင်နှုန်း၊ အစ္စလမ်ဘာသာဝင် ၄ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် ၁ ရာခိုင်နှုန်း၊ မဟာယန ဗုဒ္ဓဘာသာ အပါအဝင် တခြား ကိုးကွယ်သူ ၁ ရာခိုင်နှုန်း ရှိသည်။
၂၀၁၁ ခုနှစ်က အမေရိကန် နိုင်ငံခြားရေးဌာနမှ နှစ်စဉ် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာနှင့် ပတ်သက်ပြီး ဘာသာရေး လွတ်လပ်မှု မရှိဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။