အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အာဘော်ဖြစ်တဲ့ ဒီလှိုင်းစာစောင်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ်နီးပါး ရေးသားခဲ့တဲ့ “ဒီစကား” ဆိုတဲ့ စာစုလေးတွေကို စုစည်းထုတ်ဝေလိုက်တဲ့ စာအုပ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေပါတယ်။ “ဒီစကား ၁၀၀” ပါတဲ့။ ရွှေပြည်တန် စာပေက ၂၀၁၄ ဒီဇင်ဘာမှာ ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ထုတ်ဝေပါ တယ်။ စီစဉ်သူက ကျော်ထက်အောင် (ရွှေပြည်တန်) ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အထူး မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူး။ မိခင်ကြီး ဒေါ်ခင်ကြည် ကျန်းမာရေး မကောင်းလို့ လာရောက်ပြုစုရင်း ရှစ်လေးလုံး အရေးတော်ပုံနဲ့ ကြုံကြိုက်လို့ မြန်မာ့နိုင်ငံရေး လောကထဲ ဝင်ရောက် လာသူလို့ ပြောချင်ပြော၊ ဆိုချင်ဆို၊ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြည်သူတရပ်လုံးကရော၊ ကမ္ဘာ့ အသိုင်းအဝိုင်းကရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာ ငြင်းပယ်စရာ မဟုတ်ဘူးလို့ ယူဆမိ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခု ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အများစု တင်မြှောက်ခံခဲ့ကြရတာ အားလုံးအသိ၊ ကမ္ဘာအသိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင် တွေက ပြောင်ပြောင်တင်းတင်းပဲ အာဏာလွှဲအပ် မပေးခဲ့ပါဘူး။ ဗိုလ်စောမောင်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံဥပဒေနဲ့ အာဏာရယူမယ် လား၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံနဲ့ အာဏာရယူမယ်လား ဆိုပြီး ပြောကြားခဲ့ပေမယ့် ဗိုလ်စောမောင် ဖယ်ရှားခံခဲ့ရတဲ့ နောက်ပိုင်းမှာတော့ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ဟာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ မဟုတ်ပါပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမှ အာဏာအပ်နှင်းနိုင်မယ် ဆိုပြီး အချိန်ဆွဲဆန့်လာလိုက်တာ ၂၀၁၀ ခုနှစ်ထိ ဆိုပါတော့။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများစု အနိုင်ရခဲ့တယ်။ စစ်ဘက် အရာရှိကြီးတွေ အရပ်ဘက်ကူးပြောင်းပြီး အာဏာရယူခဲ့ကြတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကော့မှူးမြို့နယ်က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ရတယ်။
ကြားကာလ ၁၉၉၀ -၂၀၁၀ တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အခက်အခဲ၊ အထုအထောင်းတွေ ကြားက ရုန်းကန်လှုပ်ရှားခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း နှစ်ရှည်လများ နေအိမ်အကျယ်ချုပ် ခံခဲ့ရတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားရေးသားချက်များ” ပထမအကြိမ် ၁၉၉၁၊ ဒုတိယအကြိမ် ၁၉၉၅၊ ထပ်မံထုတ်ဝေခြင်း ၂၀၁၀၊ (Freedom from Fear: And Of her Writings) စာအုပ်ရယ်၊ “မြန်မာပြည်မှ ပေးစာများ” ပထမအကြိမ် ၁၉၉၇၊ ထပ်မံထုတ်ဝေခြင်း ၂၀၁၀၊ (Letter from Burma) စာအုပ်ရယ်၊ စာအုပ် နှစ်အုပ် ရေးသားခဲ့တယ်။
ကမ္ဘာ့ အရပ်ရပ်က ပေးအပ်ကြတဲ့ ဘွဲ့၊ ဆုတွေလည်း နိုဘယ်ဆု (Noble Prize for Peace Oslo, Norway 1991) အပါအဝင် ၁၁၈ ဆုတောင် ရရှိခဲ့ပါတယ်။ အခုထိ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အတွက် ကျနော်တို့ကို ဦးဆောင်ပြီး တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
အခု “ဒီစကား ၁၀၀” စာအုပ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ယခု အဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးရဲ့ အမှာစကား၊ ဒီစကား ၁ မှ ၁၀၀၊ ကိုယ်ရေး မှတ်တမ်း အကျဉ်း၊ ရရှိခဲ့သော ဂုဏ်ထူး၊ ဘွဲ့ထူးနဲ့ ဆုတံဆိပ်များ ပါဝင်ကြပါတယ်။
ဦးတင်ဦးရဲ့ အမှာစာမှာ “ဒေါ်အောင်ဆန်းစုကြည် အပတ်တကုတ် ရေးသားနေသည့် ဒီစကားများသည် နောင် နှစ်ကာလ ကြာလာသည့်အခါ ဂန္ထဝင်မြောက် စာပေလက်ရာတခု ဖြစ်လာနိုင်ရုံသာမက သမိုင်းတန်ဖိုး အလွန်ကြီးမားသည့် စာစုများ ဖြစ်လာလိမ့်မည်ဟု ဧကန်မုချ ယုံကြည်ပါသည်” လို့ညွှန်းဆိုထားတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဒီစကား ၁၀၀” မှာ ခေါင်းဆောင်ဖြစ်တဲ့ အလျောက် တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ လူငယ်၊ ပြည်သူတွေရဲ့ အရေးနဲ့ ပတ်သက်တဲ့ အမြင်တွေ တွေ့ကြရတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရိုးသား ရှင်းလင်း ပြတ်သားတဲ့ အမြင်တွေလည်း တွေ့ကြရတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ အမြင်တွေလည်း တွေ့ကြရတယ်။
နောက် သူမရဲ့ စရိုက်၊ အလေ့အကျင့်နဲ့ ခံစားမှုတချို့။ ဒီစာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမြတ်တဲ့ အမြော်အမြင် တွေကို သိရှိခွင့် ရလိုက်သလို သူမရဲ့ ရိုးသားဖြူစင်လှတဲ့ နေမှု၊ ထိုင်မှု သိရှိခွင့်ရခြင်း ဝိရောဓိဟာ ထူးခြားချက်တရပ် ဖြစ်လိမ့်မယ် ထင်ပါရဲ့။
“အနုပညာရှင်နဲ့ နိုင်ငံရေး ဆက်စပ်မှုက ရိုးရိုးလေးပါ။ ဒီ လူ့အသိုင်းအဝိုင်းထဲက ဖြစ်တဲ့ အနုပညာရှင်တွေဟာ ဒီလူ့အသိုင်းအဝိုင်း အပေါ်မှာ တာဝန်ရှိပါတယ်” (ဒီ ၁၇)
“ကိုယ့်ရဲ့ တန်ဖိုးဆိုတာက လုပ်ပိုင်ခွင့်၊ ရာထူး၊ နေရာ၊ အာဏာ၊ ပစ္စည်းဥစ္စာနဲ့ ဖြတ်လို့ မရတဲ့ ဘာအကျိုးအမြတ်ကိုမှ မမျှော်မှန်းဘဲ တာဝန်ကိုထမ်းဆောင်တဲ့ သိက္ခာပါပဲ။ ဒီသိက္ခာ တည်နေသရွေ့ ချမ်းသာဒဏ်ရဲ့ ရိုက်ခတ်မှုကို ခံနိုင်စွမ်းအား ပြည့်နေမှာပါ” (ဒီ ၂၁)
“ဒီမိုကရေစီ အတွက် လုပ်ဆောင်မှုတွေကို မလိုလားတာကြောင့် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဟာ မတူသလို၊ ဆန့်ကျင်ဘက် ဖြစ်နေသလို ဝါဒဖြန့်ချိရေးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တော့ နိုင်ငံရေးပါတီတွေကို အခြေခံမှသာ ယခုခေတ်ကြီးမှာ ဒီမိုကရေစီရေး လုပ်နိုင်တာပါ” (ဒီ ၂၇)
“လူငယ်တွေ အတွက် အလုပ်အကိုင် ဖန်တီးရေးက ဦးစားပေးရမယ့် ကိစ္စလို့ ကျမ မြင်ပါတယ်။ အလုပ်အကိုင်ရှိမှ ကိုယ့် ဘဝရပ်တည်ရေး အတွက် ကိုယ်တိုင်ထမ်းဆောင်နိုင်မှာ ဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အစား၊ အဝတ်၊ နေအိမ် စတာတွေနဲ့ သာမက စိတ်ဓာတ်ရေးရာ အရ လိုအပ်ချက်ဖြစ်တဲ့ မိမိကိုယ်မိမိ ယုံကြည်မှု၊ လူသားတယောက်ရဲ့ အခြေခံ ဂုဏ်သိက္ခာတို့နဲ့ ဆိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တာ ကြာလာတဲ့ အခါ စိတ်လေရုံမက လူ့အသိုင်းအဝိုင်းအပေါ် မကျေနပ်စိတ်၊ နာကျည်းစိတ်တွေ ဖြစ်လာတတ်ပါတယ်” (ဒီ-၂၈)
“ပြဿနာဟာ ဘယ်လောက် အရေးကြီးသည်ဖြစ်စေ၊ ဖြေရှင်းနည်းက ပိုအရေးကြီးပါတယ် လို့ ကျမ ပြောခဲ့ပါတယ်။ ပြဿနာ ဖြေရှင်းတတ်ဖို့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးစေလိုသူတွေ အားလုံး လေ့ကျင့်ယူရပါ လိမ့်မယ်။ အနိုင်အရှုံးဆိုတာ ထာဝရ မဟုတ်တဲ့အပြင် နိုင်ခြင်း၊ ရှုံးခြင်းဟာ အဓိကမဟုတ်ပါဘူး။ အဓိက ကျတာက နိုင်ခြင်း၊ ရှုံးခြင်းရဲ့ အကျိုးဆက် ပါ” (ဒီ ၃၁)
“နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေရဲ့ လက်သုံးစကား အဆိုလေးကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး၊ ခံရဲတာက သတ္တိ တဲ့။ ဒါကို တလွဲအဓိပ္ပာယ် မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံ ဆိုတဲ့ သဘော မဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့ အကျိုးဆက်တွေကို ခံရဲရမယ် ဆိုလိုတာပါ” (ဒီ ၃၅)
“ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် လိုလားသူတွေဟာ ငြိမ်းချမ်းရေးရဲ့ အကြီးဆုံး ရန်သူဖြစ်တဲ့ မိမိတို့ အတွင်း အမုန်းစိတ်ကို တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။ မျက်နှာထားချိုတာ၊ စကားချိုတာက အပေါ်ယံမျှသာပါ။ နှလုံးသားထဲကပါ ချိုမှ အမုန်းတရားရဲ့ အကျိုးဆက်တွေကို မေတ္တာ၊ ကရုဏာနဲ့ ပြန်ချေနိုင်မှ စစ်မှန်တဲ့၊ တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ကျမတို့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” (ဒီ ၄၇)
“ကိုယ့် ပတ်ဝန်းကျင်က ကိုယ်လိုလူသားတွေ အကြောင်း တကယ်နားလည်ချင်တဲ့ ဆန္ဒရှိရင် နားလည်မှု တည်ဆောက်ဖို့ မခက်ပါဘူး။ နားလည်နိုင်ပြီ ဆိုရင် သည်းခံခွင့်လွှတ်ဖို့ မခက်တော့ပါဘူး။ တကယ်တော့ လောကကြီးမှာ တခဏသာ ပွင့်သွားရတာ ချယ်ရီပန်းတွေသာ မဟုတ်ပါဘူး။ ကမ္ဘာမြေကြီး သက်တမ်းနဲ့ ယှဉ်ရင် ကျမတို့ အားလုံးဟာ တခဏလေးသာ နေသွားရတဲ့ ဘဝတလျှောက် လူ့လောကကြီး အနည်းငယ်လေး ဖြစ်ဖြစ် သာယာသွားအောင် လုပ်မယ် ဆိုရင် ကျမတို့အားလုံးဟာ ဆာကူရာပန်းပွင့်လေးတွေ ပေါ့” (ဒီ ၅၇)
“ကျမတို့ နိုင်ငံရဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ လုပ်ဆောင်ချက်များဟာ ကျမတို့ နိုင်ငံ အတွက် ကမ္ဘာ တည်သရွေ့ ဂုဏ်ယူစရာ၊ အတုယူစရာ ဖြစ်ရတဲ့ အကြောင်းခံကတော့ ထိုပုဂ္ဂိုလ်များရဲ့သတ္တိဟာ မေတ္တာကိုအခြေခံလို့ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာ၊ စေတနာကြောင့် အန္တရာယ်များတဲ့ လုပ်ငန်းတွေကို စွန့်စား ဆောင်ရွက် သွားကြတာပါ” (ဒီ ၆၇)
“၈.၈.၈၈ အရေးတော်ပုံကို အကြောင်းပြုပြီး နိုင်ငံရေး လောကထဲ ဝင်ရောက်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ခံယူချက်အသီးသီး ရှိကြပါလိမ့်မယ်။ အပြောင်းအလဲကို လိုလားသူချည်း ပါပဲလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအပြောင်းအလဲ လိုချင်ကြတယ် ဆိုတာကတော့ တဦးနဲ့တဦး တူညီကြမှာ မဟုတ်ပါဘူး” (ဒီ ၇၁)
“ကျမတို့နိုင်ငံမှာ အကြောက်တရားတွေ လွှမ်းမိုးခဲ့တာ ဆယ်စုနှစ်ပေါင်း များလှပါပြီ။ ဒီအကြောက်သံသရာကြီးမှ လွတ်ကင်းအောင် ကျမတို့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးဖ့ို လိုပါတယ်။ ကျမတို့ နိုင်ငံရဲ့ ပြဿနာတွေကို မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ဖို့၊ အားပေးဖို့ လိုပါတယ်” (ဒီ ၈၅)
“သစ္စာဆိုတာ အမှန်တရား ဆိုတော့ ‘မင်း’ လုပ်သူများသာ အမှန်တရားရှိမယ် ဆိုရင် တိုင်းပြည် အတွက် ကောင်းတာပေါ့။ အမှန်တရားကို အလေးထားတဲ့ သူတွေဟာ ကတိကဝတ်တွေ ကိုလည်း အလေးထားမှာပါ။ ပေါ့ပေါ့နဲ့ အဆင်ပြေသလို ကတိပေးကြမှာ မဟုတ်ပါဘူး” (ဒီ ၈၉)
“အခုလို ကမ္ဘာက သိအောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လျှောက်လှမ်းနေပါတယ် လို့ ကြေညာနေတဲ့ အချိန်မှာ အစိုးရကို မကျေနပ်၊ မယုံကြည်ကြောင်း ဖော်ထုတ်တာကို ပြစ်မှုလို့ သတ်မှတ်မယ် ဆိုရင်တော့ ရာဇဝင်ရိုင်းလှ ပါတယ်” (ဒီ ၉၉)
လိုအပ်သလောက်သာ ထုတ်နှုတ်ပြသလိုက်ရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဒီစကား ၁၀၀” ဟာ စေတနာ အပြည့်၊ မေတ္တာအပြည့်၊ သတ္တိအပြည့်နဲ့ ရေးသားထားတာ ဖြစ်လေတော့ ကျနော်တို့ အတွက် ၁၀၀ စလုံး အဖိုးထိုက် ရတနာချည်း ပါပဲ။ ဒီတော့ “ဒီစကား ၁၀၀” စာအုပ်ကို ကျနော်တို့ စာအုပ်စင်ပေါ်မှာ အစဉ်အမြဲ ထားလိုက်ကြရ အောင်ပါ။ ။