စာအုပ်အမည် – ဘူးလက်လှဆွေ၏ ဖေ့(စ်) ဘုတ်…စာများ
စာရေးသူ – ဦးလှဆွေ(အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)
ထုတ်ဝေသူ – ဦးလွင်ဦး (လွင်ဦးစာပေ)
ထုတ်ဝေခုနှစ် – မေလ၊ ၂၀၁၅ ပထမအကြိမ်
တန်ဖိုး – ၂၅၀၀ ကျပ်
ခုတလော စစ်ဗိုလ်ချုပ် ဟောင်းကြီးတွေရဲ့ စာအုပ်တွေ ဟောတအုပ် ဟောတအုပ် ထွက်လာ နေပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ခင်ညွန့် အစရှိသဖြင့် …၊ အခုလည်း စစ်ဗိုလ်လူထွက် ဦးလှဆွေ (သို့) ဘူးလက်လှဆွေရဲ့ ဖေ့စ်ဘုတ် စာများဆိုပြီး မကြာခင် ရက်ပိုင်းက ထွက်ရှိလာပါတယ်။
စစ်တိုက်တာတင် မဟုတ်ဘဲ၊ လွှတ်တော်အတွင်း တိုင်းရေးုပြည်ရာ ဆောင်ရွက်တတ်ရုံ မကဘဲ စာပေဖြင့်ပါ လူမျိုးမြှင့်တင် တော့မလား ဆိုတဲ့အထင်နဲ့ စာအုပ်ဆိုင်ကို အပြေးအလွှား (မိုးကလည်း ရွာနေ၊ ထီးလည်း ပါမလာသဖြင့်) သွားကာ ကိုငြိမ်းချမ်း တယောက် ဝယ်ခဲ့ရပြီပေါ့။
ဝယ်ပြီးပြီးချင်း ကိုငြိမ်းချမ်းတယောက် အဖုံးကို ကြည့်လိုက်တာနဲ့တင် ဝယ်ရကျိုးနပ်ပြီလို့ တွေးလိုက် မိတယ်။
ကြည့်ပါဦး၊ မေးကို လက်ထောက်ပြီး တခုခုကို စဉ်းစားနေတဲ့ ဘူးလက်ကြီးရဲ့ ပန်းချီပုံတူဟာ ကမ္ဘာကျော် ရုပ်တုဖြစ်တဲ့ တွေးသူပုံစံအတိုင်း ဆိုတော့ ဒီလိုလူမျိုးတွေမှ သမိုင်းဝင်စာတွေ မပြော၊ မရေးရင် ဘယ်သူရေးမလဲပေါ့။
လားလား … စာအုပ်လှန်လှန်ချင်းပဲ ဘူးလက်ကြီး အမှာစကား တန်းတွေ့၊ ဟိုက် ရှာလဘတ်ရည် (ဆရာအီကြာကွေး စကား ငှားသုံးပါသည်)။ ဖတ်ဖတ်ပြီး မနေနိုင်တော့သဖြင့်မှတ်စုစာအုပ်ဖွင့် ကူးရေးမိတော့သည်။
“ဂျာနယ်၊ မဂ္ဂဇင်း၌ မိမိထင်မြင် ယူဆချက် ဆောင်းပါး ရေးသားသူသည် အကန်းနှင့် တူပြီး သူကသာ ပြောရသည်၊ သူ့ဆောင်းပါး အပေါ် တုံ့ပြန်မှုကို မသိရ၍ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသလို ဖြစ်နေသည်၊ ထို့ကြောင့် facebook ၌ status တင်ရေးသူသည် ဂျာနယ်၌ ဆောင်းပါးရေးသူထက် ပို၍သတ္တိကောင်းသူ၊ ဝေဖန်ခံနိုင်သူဟု ယူဆနိုင်ပါသည်” စာမျက်နှာ (ဂ) ဟု ပါရှိလေသည်။
ကိုငြိမ်းချမ်းတယောက် ငယ်စဉ်ကတည်းက လေးစားချစ်ခင်စွာ ဖတ်ရှုခဲ့ရသော ကွယ်လွန်သူ စာရေးဆရာကြီးများ ဖြစ်တဲ့ ဆရာ မြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာနတ်နွယ်၊ ဆရာမင်းကျော်တို့ကို နှိုး၍ ပြောပြချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်မိတော့၏။ ကြည့်လေ ဒီစာရေးဆရာကြီးတွေက facebook မပေါ်မီ ကွယ်လွန်ခဲ့ကြတာ ဆိုတော့ သူတို့သာ သက်ရှိထင်ရှား ရှိလို့ကတော့ ဘူးလက်ကြီးစာဖတ်ပြီး သူတို့ကိုယ် သူတို့ အချိန်မီ ပြင်ဆင်နိုင်ကြမှာလေ နော့။
ဘူးလက်ကြီးကို အမှာစာ ရေးသားပေးသူ ကတော့ အထူးမိတ်ဆက်စရာ မလိုအောင် လူသိများတဲ့ သမ္မတကြီးရဲ့ အကြံပေး အဖွဲ့က ဘာသာပြန် စာရေးဆရာ ကျော်ဝင်းပါ။ လွန်ခဲ့တဲ့ နှစ်များဆီက ကမ္ဘာပြားပြီဆိုလို့ ကိုငြိမ်းချမ်းတို့ ရပ်ကွက်ထဲမှာတောင် ကောင်းကင် ပိမှာစိုးလို့ တိုင်တွေပြေးဝယ်သူတောင်ရှိခဲ့ (စကားချပ်)။ အနှီ ပုဂ္ဂိုလ်ကြီးက အမှာစာရေးပြီ ဆိုမှတော့ အားလုံး ကောင်းပါသည်ခင်ဗျား ပေါ့လေ။
ဆရာကျော်ဝင်း အမှာပါးပုံက ဒီလို … “ဦးလှဆွေ၏ မေးခွန်းတွေ၊ အဆိုတွေကို ဂရုတစိုက် နားထောင်ဖြစ်သည်။ သူ့မေးခွန်း၊ သူ့အဆိုတွေက အချက်လက် နိုင်သည်၊ အကြောင်းပြချက် ခြေခြေမြစ်မြစ် ရှိသည်။ ပြီး … စကားလုံး ပြောင်သည်။ သူ့စာပေ ဝမ်းစာကို ခန့်မှန်းလို့ ရသည်။ သူသည် ဒိ (ပ) တစ်ယောက်ဟု နားလည်ထား လိုက်သည်” ဒိ (ပ) (Deep) စမတ် (Smart) နှင့် ဘူးလက်၊ ကျော်ဝင်းအမှာစာ စာမျက်နှာ (ဆ) မှ …။
ဆရာကျော်ဝင်းရဲ့အံ့ဖွယ် အမှာစာဖတ်ပြီး ဆက်၍ လှန်လှောမိသောအခါ သြော် ဒီလိုကိုးဟု သဘော ပေါက်မိတော့ ပြန်သည်။
“တပ်မတော်ကိုယ်စားလှယ် ၂၅ % ထည့်ထားခြင်းဖြင့် တပ်မတော်၏ ပြောခွင့်ဆိုခွင့်တွေ ရနေသလို၊ ချောင်ပိတ် မိနေသော လူတွေကို ထွက်ပေါက်ပေးထားခြင်းဖြင့် ပြောခွင့်ဆိုခွင့်ရပြီး မကျေနပ်မှုများ၊ ပဋိပက္ခ များကို လျော့ပါး စေနိုင်မှာ ဖြစ်ပါတယ်” တဲ့။
ဒီစေတနာကြီးကို နားမလည်တဲ့ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများထံ မိတ္တူကူးဝေပြီး ပေးချင်စိတ် ဖြစ်ပေါ်မိတော့သည်။ ကြည့်လေ တပ်မတော်၏ စေတနာမေတ္တာကို နားမလည်ကြဘဲ အိပ်ငိုက်နေတယ်တို့၊ ဘာတို့ ရမ်းပြောနေကြလို့လေ။ ကိုငြိမ်းချမ်းတော့ ရည်ရွယ်ချက်ရှိတာ ဘူးလက်ကြီးကြောင့် သိသွားပြီ။
ဘူးလက်ကြီးတို့က အကုန်သိ၊ အကုန်တတ်ကြောင်း ဒီအပိုဒ်ကျ ထပ်သိရပြန်ရော။
“အရင်မသွားဖူးတဲ့ နိုင်ငံခြား၊ ခု အဲဒီ တရွာတည်း ၆၇ ယောက် နိုင်ငံခြားမှာရှိတယ်။ ထိုင်း၊ စင်္ကာပူ၊ မလေး၊ အော်ဇီ၊ ကနေဒါ၊ USA အကုန်ရှိတယ်”
ဘူးလက်ကြီး မကောင်းဘူးဗျာ။ ကိုငြိမ်းချမ်းစိတ်ထဲက ပြောမိ။ ကိုငြိမ်းချမ်း သိထားတာက တချို့ နေရာဆို
လူကြီးလူလတ် ရွာလုံးကျွတ်ကို သွားနေကြတာ။ လယ် ဘယ်စိုက်တော့မှာလဲ။ တပ်ပိုင်မြေ၊ ဦးပိုင်မြေဆိုလို့
ဒီအတိုင်း အဟောသိကံလုပ်ပြီး အထက်လိုင်း အောက်လိုင်း အစုံနဲ့ထွက်ကြဆိုပဲ။ နာမည်လေးတွေလှပါ့။ အိမ်အကူတဲ့၊ လေဘာတဲ့။
ဘူးလက်ကြီး တပ်မတော်မှာ ရှိစဉ် စစ်တိုက်တာတော်ကြောင်းလည်း ဒီလို ရေးထားပြန်သေးတယ်။
“ပင်မ စခန်းကိုရောက်ရင် ကျန်တဲ့ နောက်တပ်တွေနဲ့ တွေ့မယ်ပေါ့ဗျာ၊ ဒါပေမယ့် လှဆွေတို့ကလည်း ဖိုက်ပြီဆို Move Move ဆိုပြီး ရပ်လို့က မရတော့ စခန်းကြီး ရလိုက်တာတောင် မသိသေးဘူး” စာမျက်နှာ ၃၆ မှ …။
အဲဒီလို တိုက်ခဲ့တာ တဘက်က ဘယ်သူတွေထင်လို့တုန်း၊ သိချင်မှာပေါ့။ ထိုင်းလား၊ တရုတ်တွေလား၊
အိန္ဒိယတွေလား … မဟုတ်ပါဘူး။ တနင်္သာရီတိုင်း KNU တပ်မဟာ ၄ မင်းသမီးစခန်း တိုက်ပွဲမှာတဲ့ခင်ဗျာ။ ပြည်ထောင်စုဖွားချင်း၊ နည်းတဲ့ သတ္တိလားဗျာ။
ဘူးလက်ကြီးက ဘယ်နေရာမှာ ရောက်ရောက် ပြည်သူကို ခေါင်းထဲ ထည့်ထားကြောင်းလည်း ဒီလိုတွေ့ရတယ် “ပြည်တွင်းဖြစ်စေ၊ နိုင်ငံခြားဖြစ်စေ ဟိုတယ်တွေမှာ တည်းရရင် ရေချိုးခန်းထဲက ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်တံ၊ ဘီး၊ လိုးရှင်း၊ အဝတ်ချုပ်အပ်ဝမ်းဆက် ယူခွင့်ရှိမရှိ မေးပြီး ယူလို့ရတာ အကုန် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ယူလာပါတယ်။ ပြီးရင် ကျနော့်တောက ကလေးတွေကို ဝေပေးပါတယ်” တဲ့။
ဘယ်လောက်မြတ်တဲ့ စိတ်ဓာတ်ပါလဲ။ သူက ဟိုတယ်မှာ တည်းနေတာတောင် ဟိုတယ်က ပစ္စည်းတွေကို ရွာက ကလေးတွေ အဆင့်မြင့်မြင့် သုံးရတာပေါ့ ဆိုပြီး ယူလာပေးတာ။ သူသာ သမ္မတဖြစ်ရင် ကမ္ဘာ့ အကောင်းဆုံး ဟိုတယ်တွေ တက်တည်းပြီး ရွာက လူတွေအတွက် ဟိုတယ်ကျတွေ ယူလာပေးမှာ မလွဲဘူး မဟုတ်လား။ ကျေးဇူးတင်ဖို့ ကောင်းလိုက်ပုံများ။
ဖြစ်သလို စားသောက်တတ်ပုံကိုလည်း ဒီလိုရေးထားပြန်ပါသေးတယ်။ “ညနေစာ၊ ဂျန်းရှင်းက ဝက်နံရိုး လက် ၂ ဝါးစာ လောက်ကို ကျောက်ဖရုံသီးနဲ့ပင်စိမ်းခတ်၊ ပြည်ကြီးငါး နှစ်ကောင်မှာ တကောင်ပြုတ်၊ ကတ်ကြေးနဲ့ ကိုက်၊ ငရုပ်ကောင်း ၇ စေ့၊ ငါးပိမီးဖုတ် နည်းနည်း လက်မ လက်သည်းခွံလောက်၊ ကြက်သွန်ဖြူ ၅ မြွှာ၊ ငရုပ်သီးစိမ်း မီးဖုတ် ၃ တောင့် ရောထောင်း၊ သံပုရာသီးတလုံးညှစ်” … စာမျက်နှာ ၁၁၆ မှ။
ကဲစစ်တိုက်တာ လွှတ်တော်တက်တာအပြင် ဟင်းချက်နည်းတွေပါ ကျွမ်းကျင်တာနော်။ စားကြမယ်ဟေ့ ကောင်းကောင်း ဆိုပြီး ဟင်းချက်နည်း စာအုပ် ထုတ်လိုက်လို့ကတော့ ဘယ်လောက် ကြီးပွားမလဲ … ကိုငြိမ်းချမ်း လောဘ တက်မိတယ်လေ။
သူဟာ လွှတ်တော် တက်ရင်း၊ အစည်းအဝေးလုပ်ရင်း အိပ်မငိုက်အောင်လည်း ကြိုပြင်ထားကြောင်း သိရတယ်။ ဘယ်ရမလဲ၊ ဘူးလက်လေ။
“ဒီနေ့ လာမယ့် ဝန်ကြီးဌာနတွေရဲ့ အာဂျင်ဒါတွေနဲ့ တိုက်စစ်၊ ထမင်းချိုင့်ထည့်၊ အိပ်ချင်လာရင်စားဖို့
မက်မန်းသီးနဲ့ ငရုတ်သီးစပ်စပ်နဲ့ ငန်ပြာရည်နဲ့ ရောထည့်၊ ရေချိုး၊ ရေမွှေးဆွတ်၊ go” … စာမျက်နှာ ၁၁၇ မှ။
အဲ့ဒီလို ထောင့်စေ့လွန်းလို့ ဆရာကျော်ဝင်း ညွှန်းတာတောင် လိုနေသေးတယ် ထင်မိပြန်တယ်။
ယောနယ်မှာ မျောမယ်နော့ … အဲအဲ … ဘူးလက်ကြီးက သူတာဝန်ယူထားရာ နယ်တလျှောက် ရွာသူရွာသား တွေက သူ့ကို ဘယ်လိုချစ်ခင် အားကိုးကြောင်းစာများလည်း တဖွဲ့တနွဲ့ ပါတဲ့အပြင် ဘုန်းကြီးတော့ ဘုန်းကြီးပါ မနေနိုင်ကြောင်း လေးတောင် အဆစ်ပါလိုက်သေးတယ်။ ကြည့်ပါ …။
“ထီးလင်းမြို့နယ်က ဦးနှောက်ကျေးရွာ၊ သက်တော် ၉၅ နှစ် ဆရာတော်ဘုရားကြီးက ကျနော်လာလို့ သူ့ကျောင်းလေးပေါ်က အတင်း ဆင်းလာတယ်ဗျာ။ မဖော်ပြတတ် လောက်အောင် အလွန်အားနာသွားမိတယ်” တဲ့။ စာ -၂၄၁။
ဆိုရရင် သူတင်တဲ့ပို့စ်လေးတွေကို ကောင်းသည်ဆိုးသည် မခွဲခြားဘဲ Comment များကို အရင်းအတိုင်း (အပြည့်အစုံလို့ ထင်ရတာပဲ) လည်း ဘူးလက်ကြီးက ထည့်ပေးထားပါ သေးတယ်။
Coment တခုကိုတော့ ကိုငြိမ်းချမ်း စိတ်ထဲ စွဲနေမိတယ်။ Myan Myanyan Myan – ဆိုသူရဲ့ ဒီထက်အရေးကြီး
တာတွေ စိတ်ဝင်စား ပေးစေချင်ပါတယ်တဲ့။
နောက်ဆက်တွဲ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကြားရတာကတော့ ဘူးလက်ကြီးက သိပ်မကြာသေးခင်ကပဲ စာအုပ် မိတ်ဆက်ပွဲကို ကိုယ်တိုင် လက်မှတ်ထိုး ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်တို့၊ စိုးမြတ်သူဇာတို့ လောက်တော့ ပျင်းကျန်နေခဲ့မှာ မြင်ယောင်သေးတော့ …။













