ကျမ အစ်ကို တယောက်က သူ၏ ခင်မင်သော ယောက်ျားလေး သူငယ်ချင်းတိုင်းကို “ကျော်ဟိန်း” ဟု ခေါ်တတ်သည်။
“အဲဒါပဲ ကျော်ဟိန်းရာ” “ဟာ ကျော်ဟိန်း မတွေ့တာတောင် ကြာပြီ” “ကျော်ဟိန်းတို့ကတော့ လုပ်လိုက်ပြန်ပြီ” စသည်ဖြင့် ပြောတတ်၏။ သူ ထိုသို့ပြောခြင်းမှာ အပြောခံရသူများက မင်းသားကြီး ကျော်ဟိန်းနှင့် တူသောကြောင့် မဟုတ်သလို၊ သူ ကိုယ်တိုင်က ကျော်ဟိန်း၏ သရုပ်ဆောင်ချက် အလုံးစုံကို ကြိုက်နှစ်သက်သောကြောင့် မဟုတ်၊ ကျော်ဟိန်း၏ ထူးထူးခြားခြား လုပ်ပြတတ်သော သဘာဝကို အထူးပြု ခေါ်ဝေါ်ခြင်း ဟု ကျမ ယူဆပါသည်။
ဘာကြောင့်လဲ ဆိုတော့ သူက သူငယ်ချင်းများကိုသာ ကျော်ဟိန်းဟု ခေါ်ခြင်းမဟုတ်ဘဲ ထူးထူးခြားခြား တခုခု လုပ်ပြလိုက်သူများ ကိုလည်း “အဲဒီ ကျော်ဟိန်း ကလေ” အစရှိသဖြင့် ပြောတတ်ပြန်သည်။ သူ စလိုက်သောကြောင့် ကျမတို့ သူငယ်ချင်းအားလုံး ယောက်ျားလေး သူငယ်ချင်းတိုင်းကို “ကျော်ဟိန်း” ဟု ခေါ်ဝေါ်သည့် အကျင့်တခု စွဲသွားသည်။ အခု ထိုအစ်ကို ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ထို အကျင့်က မပြောင်းလဲ။ တခါတလေ ကျော်ဟိန်းတွေ များနေသောကြောင့် “ပန်းချီဆွဲတဲ့ ကျော်ဟိန်း” “ဒရမ်တီးတဲ့ ကျော်ဟိန်း” “ဆိုက်ကားနင်းတဲ့ ကျော်ဟိန်း” စသည်ဖြင့် ခွဲခြားပြောရသည်လည်း ရှိသည်။
တခါတော့ ဘတ်စ်ကားပေါ်တွင် စပယ်ယာက လမ်းပေါ် ကန့်လန့်လုပ်နေသော ကားတစီးပေါ်မှ လူတဦးကို “ကျော်ဟိန်းကတော့ကွာ” ဟု ရေရွတ်သံ ကြားလိုက်ရာ ကျမအံ့ဩသွားမိသည်။ ကျမတို့တင်မကဘဲ အကောင်း အဆိုး တခုခုကို ထူးထူးခြားခြား၊ ထင်ထင်ရှားရှား လုပ်ပြသူတိုင်း ကျော်ဟိန်းများ ဖြစ်နေသလား။
ယခု ဒီစာကို ရေးနေစဉ်မှာပင် ကျမတို့ သတင်းဌာနမှ ဓာတ်ပုံဆရာတဦးက “ကျော်ဟိန်းက လူတိုင်းကို မသိပေမယ့် ကျော်ဟိန်းကိုတော့ လူတိုင်းသိပါတယ်” ဟု ပြောနေသံ ကြားလိုက်ရပြန်သည်။ စကား အစပ်အဆက်ကိုတော့ ကျမ မသိ၊ သို့သော် ကျော်ဟိန်းကတော့ ကျော်ဟိန်းပင် ဖြစ်သည်ဟု ဆိုချင်သည်။
ထိုသို့ဆိုသော် ကျမက ကျော်ဟိန်း၏ သရုပ်ဆောင်မှု၊ သီချင်းဆိုဟန်တို့ကို နှစ်ခြိုက်လွန်းလို့ဟု မထင်စေချင်ပါ။ ကျော်ဟိန်း၏ ဗီဒီယို ဇာတ် ကားတချို့ကို ကျမ လုံးဝမကြိုက်၊ ပြီးတော့ ကျော်ဟိန်း သီချင်းဆိုသည့် အသံကို ကျမ လုံးဝ မကြိုက်ပါ။ နောက်ပြီး ကျော်ဟိန်း သရုပ်ဆောင်ဘဝကို အနိုင်ပိုင်းကာ ဘုန်းကြီး ဝတ်သွားသည် ကိုလည်း စတန့် ထွင်သည်ဟု ထင်သည်။
သို့သော် ထိုစတန့်မျိုးကို ကျော်ဟိန်းလိုလူသာ လုပ်သည် မဟုတ်လား။ ထိုသို့ မကြိုက်သည့် အချက်များရှိသော်လည်း ကျော်ဟိန်းသည် ဘာပဲလုပ်လုပ် ထူးခြားအောင်၊ ထင်ပေါ်အောင် လုပ်တတ်သည် ဆိုတာကိုတော့ ကျမ မငြင်းနိုင် သလို စာဖတ်သူများလည်း ငြင်းနိုင်မည် မထင်ပါ။
ထို့ကြောင့်လည်း ထိုမင်းသား ကျော်ဟိန်းကို စာပေ ကျော်ဟိန်းတဦးက အင်တာဗျူးထားသည့် စာအုပ်အပေါ် ကျမ စိတ်ဝင်စားမိသည်။ စာပေ ကျော်ဟိန်းဆိုတာက တင်စားပြောခြင်း ဖြစ်ပြီး၊ မကြာသေးခင်က ကွယ်လွန်သွား သည့် တသက်တာစာပေဆုရှင် ဆရာကြီး ဦးအောင်သင်းကို ဆိုလိုသည်။ ဆရာကြီးသည်လည်း စာပေနယ် တွင် ကျော်ဟိန်း ကဲ့သို့ပင် ထင်ရှားသူ၊ တခုခုကို ထင်းကနဲ နေအောင် လုပ်ပြတတ်သူ မဟုတ်လား။ စာအုပ်အမည်က “ကျော်ဟိန်း လို့ နာမည်ကြီးတဲ့ လူတယောက်” ဖြစ်သည်။
ဆရာကြီး ဦးအောင်သင်းကဲ့သို့သော စာပေနယ်တွင် ထင်ရှားသူတဦးက ဘာကြောင့် ရုပ်ရှင် မင်းသားတဦးကို အင်တာဗျူးရ သလဲ ဆိုတာက စပြီး စိတ်ဝင်စားဖို့ ကောင်းလှသည်။ ထိုသို့ စိတ်ဝင်စားသော ကြောင့်လည်း စာမျက်နှာ ၈၉ မျက်နှာသာ ရှိသည့် ထိုစာအုပ်ငယ်ကလေးကို ကျမ တထိုင်တည်း ဖတ်လိုက်သည်။ မျက်နှာဖုံး တွင် ကျော်ဟိန်း၏ စကားတခွန်းကို ဖော်ပြထားသည်။
“လူငယ်တွေ အတွက် လုပ်နေတာပါ ဆိုလို့ ကျနော့်ရဲ့ အားလုံးကို ပေးလိုက်ပါတယ် … ရော့!”
ထိုစာအုပ်တွင် ဆရာ ဦးအောင်သင်းက သူ ဘာကြောင့် ကျော်ဟိန်းကို အင်တာဗျူးလုပ်ရသည်ကို ရှင်းလင်း ထားသည်။ ဆရာကြီးကလည်း လူငယ်များ မှတ်သား နာယူစရာ စာအုပ်တွေ ရေးသားသလို၊ လူငယ်များ အတွက် ဟောပြောပွဲများစွာ ဆက်တိုက် လုပ်ဆောင်နေချိန် ကျော်ဟိန်းဆီက သူ သိချင်တာ၊ သူစိတ်ဝင်စား တာတွေ (စာဖတ်သူများ သိချင်တာတွေ၊ စိတ်ဝင်စားတာတွေ) ကို မေးခဲ့ခြင်းသာ ဖြစ်သည်။
“သူက ငါသိရသလောက်မှာ သူ့ဆွေထဲ မျိုးထဲမှာ တော်တော်အနှိမ်ခံခဲ့ရတယ်။ အဲဒီကြားထဲကနေ “ငါ.. တကား” ဖြစ်အောင် သိပ်ကြိုးစားလာတဲ့သူ။ အဲဒီဥစ္စာကို အဲဒီမာန သိပ်ကြိုက်တဲ့ လူငယ်တွေရဲ့ သဘောနဲ့ နောက်တခါ သိပ်နာမည် ကြီးလာတော့ ဇာတ်လိုက်မင်းသား ဖြစ်သွားပြီ။ ဒါပေမယ့် ရုပ်ရှင် ထဲမှာသရုပ်ဆောင်တော့ ဘယ်အခန်းက မဆို သရုပ်ဆောင်နိုင်တယ်။ အင်မတန် နိမ့်ကျတဲ့ အခန်း၊ ပေါတောတော အခန်း လုပ်ရမယ်။ သူ သရုပ်ဆောင်ဖို့ အရေး …။ အဲဒီဥစ္စာတွေကျတော့ ငါ သူ့ပညာ တွေနဲ့ ပတ်သက်ပြီးတော့ တကယ်ချီးကျူးပါတယ်” ဟု ဆရာ ဦးအောင်သင်းက အောင်သင်း နှုတ်ထွက် အမှာစကားတွင် ရေးသားထား သည်။
ထိုစာရေးတော့ ဆရာကြီး ကွယ်လွန်ရန် လပိုင်းအလိုမျှသာ ဖြစ်မည်။ ၁၆ ရက်၊ ၅ လ၊ ၂၀၁၄ ဟု အမှာစာ အဆုံးတွင် တွေ့ရသည်။
တကယ်တော့ ဦးအောင်သင်းက ကျော်ဟိန်းကို စဆက်သွယ်ခြင်း မဟုတ်ဘဲ ကျော်ဟိန်းက ဆရာကြီးကို စတင် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ အင်တာအဗျူး ခံရန်တော့ မဟုတ်၊ ကျောင်းဆရာတယောက်နှင့် ပတ်သက်သည့် ဇာတ်ကား ရိုက်ရန် ကျောင်းဆရာ ကာရိုက်တာကို လေ့လာချင်သောကြောင့် ဖြစ်သည်။ တကယ်က တယောက်၏ ကာရိုက်တာကို တယောက်က စိတ်ဝင်စားသွားခြင်း ဖြစ်မည်။ နောက်တော့ ကျော်ဟိန်းနေသည့် အိမ်ကြီးတွင် အင်တာဗျူးဖြစ် သွားကြသည်။
အင်တာဗျူး ဖြစ်တော့ မေးသူကလည်း နှိုက်နှိုက် ချွတ်ချွတ်မေးသည်၊ ဖြေသူကလည်း မခြွင်းမချန် ဖြေခဲ့သည်။ အထူးသဖြင့် ကျော်ဟိန်း၏ ငယ်ဘဝ၊ ဆွေမျိုးများထဲတွင် အနှိမ်ခံဘဝ၊ အိမ်ပြေး၊ လမ်းပေါ်အထိ ရောက်ခဲ့၊ ရေတပ်ထဲ ဝင်ခဲ့၊ မူးယစ်ဆေး၏ ကျေးကျွန်ဖြစ်ခဲ့၊ မူးယစ်ကျေးကျွန်ဘဝက လွတ် မြောက်ခဲ့ … စသည်ဖြင့် စိတ်ဝင်စားစရာ အချက်များ၊ ကျော်ဟိန်းဆိုသော လူတယောက် ဖြစ်လာရန် အားထုတ်ခဲ့ရမှုများ၊ ပြောင်းလဲခဲ့ရမှုများ စသည်တို့ကို တကွက်ခြင်း မြင်ရသည်။ ထိုစာအုပ်ကို ဖတ်ပြီး “သြော်.. ဒါကြောင့်လည်း ကျော်ဟိန်းက ကျော်ဟိန်း ဖြစ်ခဲ့တာကိုး” ဟု မတွေးမိဘဲ မနေနိုင်။
ကျော်ဟိန်းကို အင်တာဗျူးရဖို့ ဆရာဦးအောင်သင်း စပြောစဉ်က ကျော်ဟိန်းက ဖြေသည်။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး ဆိုရင် အပြည့်အစုံ ဘာမှမချန်ဘဲ ဖြေပါမည် တဲ့။
ကျော်ဟိန်း အကြောင်းကို ကျမ မသိ မဟုတ်၊ အနည်းအကျဉ်းတော့ သိသည်။ သို့သော် ဤစာအုပ် ထဲတွင်တော့ အပြည့်အစုံနီးပါး သိခွင့်ရသည်။ အထူးသဖြင့် ဦးအောင်သင်းကော ကျော်ဟိန်းပါ လူငယ်များအပေါ် စေတနာ ထားသည်က ဤစာအုပ်တွင် ပေါ်လွင်နေသည်။ ကျော်ဟိန်း မူးယစ်ဆေးစွဲပြီး ထိုမူးယစ်ကျေးကျွန် ဘဝကို သူ ဘယ်လို အောင်မြင်အောင် ရုန်းထွက်နိုင်ခဲ့သည် ဆိုသည့်အချက်မှာ လူငယ်များ အတွက် သူ့သိက္ခာသူ ချပြီး ဖြေဆိုခဲ့ခြင်း ဟု ကျမ ယူဆပါသည်။
“ဘိန်းဖြူရဲ့ လွှမ်းမိုးမှုကြီးကို ကြောက်တယ်၊ နောက်ပြီး ဘိန်းဖြူကို အကြောင်းပြုပြီး တယောက်ယောက် တစုံတခုကို ကြောက်နေရမှာကြီးကို ကြောက်တယ်”
သူ ဘိန်းဖြူကို တိခနဲ ဖြတ်လိုက်ရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုသို့ တိခနဲ ဖြတ်လိုက် သဖြင့် ခံစားရသည့် ဝေဒနာများ၊ အရှက်ကွဲခဲ့ရမှုများ ကိုလည်း ကျော်ဟိန်းက အသေးစိတ် ပြောပြခဲ့သည်။ နောက်ပြီး သူ့ခေတ် သူ့အခါက နာမည်ကြီး စိန်ဂေါ်လီ ဂိုဏ်း အကြောင်း …။
၎င်းအင်တာဗျူးကို ၁၉၉၅ ခုနှစ်ထုတ် သရဖူ မဂ္ဂဇင်းတွင် ၄ လဆက်တိုက် (မတ်၊ ဧပြီ၊ မေ၊ ဇွန်) ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအင်တာဗျူး လေးပိုင်းကို စုပေါင်းကာ ပိတောက်ရနံ့ စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်၏။ ၁၉၉၅ ခုနှစ်တွင် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သောကြောင့် ထို ကာလက မြန်မာ ထောက်လှမ်းရေး စစ်အစိုးရ၏ စာပေစိစစ်ရေးကို လွတ်အောင် မနည်း ရှောင်ရှားခဲ့ရမည်ဟု စဉ်းစားမိသည်။ ထိုကာလတွင် ဤအင်တာ ဗျူး၏ အစိတ်အပိုင်း စာပိုဒ်၊ စာကြောင်းရေ ဘယ်လောက်များများ ဖြုတ်ဖျက်ခံခဲ့ရ မလဲ၊ ကျမ မပြောတတ်။ လုံးလုံး အဖြုတ်မခံရဟု ဆိုလာလျှင် ကျမ မယုံပါ။
ဘာကြောင့်လဲ ဆိုတော့ ကျမ ဘဝင်မကျသည့် အချက်သုံးချက်ပါသည်။
တချက်ကတော့ ကျော်ဟိန်း ထောင်ကျဖူးသည် ဟု ကျမသိထားသည်။ ထောင်ကျဖူးသည့် အကြောင်း၊ အတွေ့အကြုံ တခုမှ မတွေ့ရ၊ နောက်တခုက ကျော်ဟိန်း လေလွင့်ပျက်စီးပြီး နောက် ရေတပ်ထဲ ဝင်ခဲ့သည်၊ ရေတပ်ထဲမှ ပြန်ထွက်ခဲ့သည့် အတွေ့အကြုံကို ပြီးတော့ ပြောပြမည်ဟု ဆိုကာ စာအုပ်သာ ဆုံးသွားရော ထိုအကြောင်း မတွေ့ရ။ ဆရာ ဦးအောင်သင်း မမေးခဲ့တာတော့ မဖြစ်နိုင်၊ ထိုခေတ်က စိစစ်ရေး ဓားချက်ထဲ ပါသွားခြင်း ဖြစ်မည်ဟု ကျမ ယူဆသည်။ တပ်ကိစ္စ၊ ထောင်ကိစ္စဆိုတာက ထိုစဉ်အချိန်က တကယ့် ဆတ်ဆတ်ထိ မခံ Issue တွေ မဟုတ်လား။
နောက်ဆုံး အချက်ကတော့ အင်တာဗျူးက သိပ်တိုလွန်းသည်ဟု ခံစားရသည်။ ဆုံးသွားသော်လည်း ကျမ အတွက် ပြီးသွားသည် မထင်ရ၊ ထပ်ဖတ်ချင်သေးသည်၊ ကျော်ဟိန်းအကြောင်း အသေးစိတ် ထပ်သိချင်သေး သည်။ စိတ်ထဲတွင် ဆရာ ဦးအောင်သင်းနှင့် အမေးအဖြေထဲ မပါသည့်အချက်များကို ဖြစ်နိုင်လျှင် ကျော်ဟိန်းကို ပြေးပြီး မေးချင်စိတ် ပေါ်လာသည် အထိ ဖြစ်မိသည်။
ချုပ်ရလျှင် လူငယ်များအတွက်ဟု ဆိုကာ မေးသူကော ဖြေသူပါ ကြိုးပမ်းထားသည့် ထို အင်တာဗျူး စာအုပ်ပါး ကလေးကို လူငယ်၊ လူလတ်၊ လူကြီးများ၊ ကျော်ဟိန်းကို ချစ်သူ မုန်းသူ အားလုံး ဖတ်သင့်သည်ဟု ကျမ ထင်ပါသည်။
ကျော်ဟိန်း၏ ထင်ပေါ်သော စကားတခွန်း ဖြစ်သည့် “လူသားအားလုံးကို လေးစားပါတယ်” ဆိုသော စကားက စတန့်ထွင်ပြီး ပြောထားခြင်း မဟုတ်ကြောင်း ထိုအင်တာဗျူး စာအုပ်ကလေးက တဆင့် ကျမ သိခွင့် ရလိုက်ရပါသည်။ ပြီးတော့ သူ၏ “ဆယ်နှစ်…ဆယ်နှစ်” ဆိုသော လက်ဆယ်ချောင်း ထောင်ကာ ပြောလိုက်သည့် စကားက ဘယ်သူ့ကို ဆိုလိုသလဲ အတိအကျ မသိရသော်လည်း သူ့ခေတ် သူ့အခါက နာမည်ကြီး ဒါရိုက်တာ တယောက်ကို ပြောခဲ့ခြင်း ဖြစ်ကြောင်း ဤစာအုပ်တွင် ကျော်ဟိန်းက ဝန်ခံထားပါသည်။ တချို့က ကျော်ဟိန်းကို ပေါလွန်းသည်ဟု ဆိုကြသည်၊ သူ့လို နိုင်ငံကျော်အောင် ပေါနိုင်သူ အတော်ရှားပေလိမ့်မည်။
“ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ”။ ။