ဧရာဝတီတိုင်း ပုသိမ်မြို့ ကန်သာယာကွင်း၌ ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် တိုင်းအစိုးရက ဌာနဆိုင်ရာ ဝန်ထမ်းများကို ပြခန်းများ၌ တာဝန်ပေး ခိုင်းစေခဲ့မှုအပေါ် နိုင်ငံရေး ပါတီများက ဝေဖန် ပြောဆို နေကြောင်း သိရသည်။
“လက်ရှိ အာဏာရ ပါတီဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်တွေ သုံးပြီးတော့ မိမိပါတီ စည်းရုံးရေးမှာ ဌာနဆိုင်ရာတွေကို အသုံးမချသင့်ပါဘူး။ နိုင်ငံတော်ရဲ့ ငွေကြေးတွေကို ပါတီတခုအတွက် စည်းရုံးလှုပ်ရှားတာဟာ မဖြစ်သင့်တဲ့ ကိစ္စပါ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဧရာဝတီတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)သည် ဧရာဝတီတိုင်း အတွင်းရှိ တောင်သူလယ်သမားများကို ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံစည်းရုံးပွဲတွင် တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းအောင်က အစိုးရ ဌာနဆိုင်ရာ ဝန် ထမ်းများကို ပြခန်းများ ခင်းကျင်းပြသရန် ညွှန်ကြားခဲ့ရာ ယင်းလုပ်ရပ်သည် အုပ်ချုပ်ရေး အာဏာကို ပါတီ စည်းရုံးရေးအတွက် အသုံးချခြင်း ဖြစ်သည်ဟု နိုင်ငံရေး ပါတီများက ဝေဖန်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု အစိုးရက ပြဌာန်းသတ်မှတ် ထားသော်လည်း ကြံ့ခိုင်ရေး ပါတီက ကြီးမှူးကျင်းပသည့် ယခုပွဲတွင် အစိုးရ ဝန်ထမ်းများကို အသုံးပြုခဲ့ခြင်းမှာ အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ယင်းတားမြစ်ချက်ကို ပြောင်ပြောင် တင်း တင်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု တောင်သူလယ်သမား ပါတီ ဧရာဝတီတိုင်း စည်းရုံးရေးမှူး ဦးစန်းလေးက ပြောသည်။
“ဝန်ထမ်းတွေ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ပြဌာန်းချက်က ရှိပြီးသား။ အဲဒါကို သူတို့ (ကြံ့ခိုင်ရေး) ပါတီကျတော့ အခမ်းအနားကြီး လုပ်ပြီးတော့ ဌာနဆိုင်ရာတွေကို ပြခန်းခင်းကျင်း ခိုင်းတာက ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ။ သူတို့ပွဲက ပါတီက လုပ်တာနဲ့တောင် မတူဘူး။ နိုင်ငံတော် အစိုးရက လုပ်တဲ့ပွဲ ပုံစံမျိုး ဖြစ်နေတယ်”ဟု ဦးစန်းလေးက ဆိုသည်။
ဧရာဝတီတိုင်း စိုက်ပျိုးရေး ဌာနမှ တာဝန်ရှိသူ တဦးက“တောင်သူ လယ်သမား ရေးရာပွဲမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့က စိုက်ပျိုးရေးပြခန်း ပြခိုင်းလို့ လာပြတာပါ။ ဝန်ကြီးချုပ်က ဌာနဆိုင်ရာ ပြခန်းတွေ ပြပေးပါဆိုလို့ လယ်သမားတွေကို ပြတာပါ”ဟု ဧရာဝတီ ကို ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ လယ်သမား ၅၀၀၀ ကျော်ကို ဖိတ်ကြားပြီး ပြုလုပ်သည့် တောင်သူလယ်သမား ရေးရာ လူထုတွေ့ဆုံပွဲတွင် စက်မှုလယ်ယာ၊ သမဝါယမ၊ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါးလုပ်ငန်းစသည့် အစိုးရ ဌာနဆိုင်ရာများကို ပြခန်းများ ခင်းကျင်းပြသရန် စေခိုင်းခံခဲ့ရပြီး တိုင်းအဆင့် ဌာနဆိုင်ရာ အရာရှိ အများစုသည်လည်း ကြံ့ခိုင်ရေးပါတီ အခမ်းအနားအား အစအဆုံး တက်ရောက်ခဲ့ကြရသည်ဟု သိရသည်။
အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကြံ့ခိုင်ရေး ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်း၊ ဒုဥက္ကဋ္ဌ များ ဖြစ်ကြသည့် ဦးဌေးဦး၊ သူရ ဦးအေးမြင့် အပါအဝင် ပါတီထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။
ဌာနဆိုင်ရာက ပြခန်းများ ခင်းကျင်းမှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ၏ ဧရာဝတီတိုင်း အတွင်းရေးမှူး ဦးအောင်တင်မြင့်က မိမိတို့ ပါတီက လူစုပေးခြင်းသာ ဖြစ်ပြီး ဌာနဆိုင်ရာများ၏ လုပ်ငန်းကို ကူညီခြင်းသာ ဖြစ်သည်ဟု ပြန်လည် ပြောဆိုသည်။
ထိုသို့ ကြံ့ခိုင်ရေး ပါတီ၏ လူထုတွေ့ဆုံပွဲတွင် အစိုးရ ဝန်ထမ်းများကို အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းရှိ NLD ပါတီနှင့် တောင်သူလယ်သမား ပါတီတို့က ၎င်းတို့၏ ဗဟိုကော်မတီထံ တင်ပြထားကြောင်း၊ ခွင့်ပြုချက် ပေးပါက ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားမည် ဖြစ်ကြောင်း ပြောသည်။
ကြံ့ခိုင်ရေး ပါတီက ပုသိမ်မြို့ ကန်သာယာကွင်းတွင် ပြုလုပ်ခဲ့သည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသည် မြန်မာနိုင်ငံ တွင် ဧရာဝတီတိုင်း၌ ပထမဆုံး ကျင်းပခြင်း ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း အလားတူ ဆက်လက် ကျင်းပသွားရန် ကြံ့ခိုင်ရေး ပါတီက စီစဉ်နေကြောင်း သိရသည်။