စာအုပ်အမည် – ရန်ကုန်မြို့တော်ကို ကယ်တယ်လိုက်တဲ့ တံမြက်စည်း
Dha Byet See
The gun that saved Rangoon
စာရေးသူ – မြို့မလွင်
ဘာသာပြန်ဆိုသူ – ကိုပြုံး
ထုတ်ဝေသူ – ဒေါ်အေးအေးချို (သီရိမြန်မာစာပေ)
ထုတ်ဝေသည့်ခုနှစ် – ၂၀၁၃၊ဧပြီ ၊ပထမအကြိမ်
တန်ဖိုး – ၃၀၀၀ ကျပ်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီး ၁ နှစ်နီးပါးအကြာ ၁၉၄၈ ၌ မြန်မာပြည် လွတ်လပ်ရေးရခဲ့ပါသည်။ ထို့ပြင် လွတ်လပ်ရေးနှင့် ဖွားဖက်တော် ပြည်တွင်းစစ်မီးကလည်း ကပ်လျက် တွဲပါလာခဲ့ပါ သည်။ သူ့ကျွန်ဘဝတွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်စည်းလုံးခဲ့သူများ လွတ်လပ်ရေးရအပြီး ဝါးအစည်းပြေခဲ့ကြတဲ့အဖြစ်။ ထိုအထဲ ညီနောင်ဖွား ကရင်တိုင်းရင်းသားများနှင့်တပ်တွင်း သဘောထားကွဲမှုများလည်း ပါသည်။
ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ချိန် တပ်မတော် (ရေ)တွင် ကိုယ်တိုင်ပါဝင်ထမ်းဆောင်ခဲ့သူ စာရေးဆရာ မြို့မ လွင်သည် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တို့ကို အင်္ဂလိပ်ဘာသာဖြင့် DHA BYET SEE (THE GUN THAT SAVED RANGOON) ဟု ရေးသားခဲ့သည်။ ယခုအခါ ကိုပြုံးက “ရန်ကုန်မြို့တော်ကို ကယ်တင်လိုက်တဲ့ တံမြက်စည်း” ဟု မြန်မာဘာသာသို့ ပြန်ဆိုပြီး ထုတ်ဝေခဲ့ပြီဖြစ်ရာ မြန်မာစာဖတ်ပရိသတ်အတွက် စိတ်ဝင်တစား လေ့လာ ဖတ်ရှုစရာ စာအုပ်ကောင်းတအုပ်ပင်။
“၁၉၄၉ခုနှစ်တွင် လွတ်လပ်ရေးဝါဒ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် ခိုင်မြဲမှုမရှိဘဲ တနှစ်မျှသာ ရှိသေး သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တည်မြဲစေရန် လက်နက်ကိုင် ရောင်စုံသူပုန်များကြားတွင် အကြောက်အကန် ရုန်းကန်နေရပါသည်။ လက်နက်ကိုင် ရောင်စုံသူပုန်များထဲတွင် ရဲဘော်ဖြူ၊ ရဲဘော်နီ၊ ကွန်မြူနစ်များ၊ ပြည်သူ့ရဲဘော် များ၊ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့နှင့် အခြား အစိုးရဆန့်ကျင်ရေးအဖွဲ့စုများ ပါဝင်ပါသည်။ ထိုအချိန်သည် နိုင်ငံရေး နှင့်လူမျိုးရေးအုံကြွမှုဖြစ်ခဲ့ပြီး အုပ်စုကွဲပြား၊ ခေါင်းဆောင်မှု အမျိုးမျိုးနောက်သို့ ပြောင်းလဲသစ္စာခံသောအချိန် ဖြစ်ပါသည်”ဟု စာရေးသူ မြို့မလွင်က နိဒါန်းစကားဦးတွင် ယင်းကာလနိုင်ငံရေးအခြေအနေကို ခြုံငုံလှစ်ဟထားသည်။
စာရေးဆရာမြို့မလွင်သည် ၁၉၄၄ မှ ၁၉၄၈ခုနှစ်အတွင်း အင်္ဂလိပ်ရေတပ်မတော် အုပ်ချုပ်သည့် ဗမာ့ရေတပ် BUR -MAR.N.V.R တွင် စစ်မှုထမ်းခဲ့သည်။ အသက်၂၀ မပြည့်မီ အမြောက်တင် တိုက်ရေယာဉ် စစ်သင်္ဘော၏ ရေယာဉ်မှူး ဖြစ်ခဲ့သည်။ ၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ တပ်မတော် (ရေ )တွင် ဗိုလ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ နိုင်ငံတော်မှ ပထမဦးဆုံးပိုင်ဆိုင်သည့် ပြည်တော်သာသင်္ဘောတွင်လည်းကောင်း၊ ၁၉၅၄ မှ ၁၉၆၂ ထိ ပထမဆုံး တိုင်းရင်းသား ဆိပ်ကမ်းရေကြောင်းပြအဖြစ်လည်းကောင်း၊သင်္ဘောအရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ကရင်တိုင်းရင်းသားများနှင့် “နီးစပ်သည်”ဟု အာဏာရှင် ဦးနေဝင်းက ချောက်တွန်းခံခဲ့ရ၍ တပ်မတော်( ရေ )မှ ထွက် ပြီး ၁၉၆၃ မှ ၁၉၇၂ ခုနှစ်ထိ ကြယ်ငါးပွင့်ကော်ပိုးရေးရှင်း၏ ရေကြောင်းအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ပင်လယ်ရေကြောင်းသိပ္ပံ၌ ပထမဆုံးကျောင်းအုပ်ကြီး ဖြစ်ခဲ့သည်။၁၉၇၄ ခုနှစ်ထိတာဝန်ထမ်းဆောင် ခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သည်။
ယခုစာအုပ်သည် သူ့အား တဖက်သက် စွပ်စွဲခံခဲ့ရမှုအပေါ် ပြန်လည်ချေပချက်လည်း ဖြစ်သည်။ စာရေးဆရာ မြို့မလွင်၏ စာအုပ်သည် အခြားတပ်ထွက် အငြိမ်းစား စာရေးဆရာ အတော်များများလို တပ်တွင်း တာဝန်ထမ်း ဆောင်စဉ် အတွေ့အကြုံများကို ပြန်ရေးသည်ဆိုသော်လည်း ယင်းအချိန် တပ်မတော်ရင်ဆိုင်ခဲ့ရသော ပြဿနာ၊ စစ် ရေးဗျူဟာနှင့် နိုင်ငံရေးနောက်ခံကားတို့ကို စာရေးသူ၏ ပြည်တွင်းစစ်အပေါ် အမြင်၊ ရန်သူအပေါ် သဘောထား၊ ပုဂ္ဂိုလ်ရေး စွန့်စားခန်း၊ ခေါင်းဆောင်မှု အခန်းကဏ္ဍတို့နှင့် ရက်ဖောက်ရေးသားတင်ပြထားချက်များမှာ ကွဲပြား ခြားနား သည်။
၁၉၄၉ခုနှစ်တွင် ကရင်လူမျိုးစုများ လက်နက်ကိုင်အုံကြွပြီး အင်းစိန်တိုက်ပွဲဖြစ်ပွားသည်ထိဖြစ်ပွားရာ မြန်မာနိုင်ငံတော် အစိုးရလက်အောက်ရှိ ကရင်လက်နက်ကိုင်တပ်သားများ ဘက်ပြောင်းခဲ့ကြသည်။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်း တွင် အင်းစိန်၊ ကြို့ကုန်းနှင့် သမိုင်း၌ရှိသည့် ရဲတပ်ဖွဲ့၏လက်နက်များကို (KNDO)က သိမ်းယူလိုက်သည်။ တပ်မ တော်ရေမှ ရေယာဉ်မှူး ဗိုလ်ကြီး စောဂျက် နှင့် စောတောက်ထွန်းတို့သည်လည်း မြစ်ဝကျွန်းပေါ်ဒေသ၏ အချက် အချာ ပုသိမ်မြို့ကို ရေယာဉ်ပေါ်မှ အမြောက်နှင့် စတင်ပစ်ခတ်ခဲ့ကြပြီး အမှတ်၁ ကရင်တပ်ရင်းသည်လည်း အစိုးရကို ပုန်ကန်မှုပြုလုပ်ပြီး တောင်ငူမြို့ကို စတင် သိမ်းပိုက်လိုက်ပါတော့သည်။
အဆိုပါ တပ်ရင်း သစ္စာခံယူမှု ဘက်ပြောင်းသွားခဲ့ခြင်းသည် ကရင်အမျိုးသားသမဂ္ဂ (Karen National Union, KNU) ၏ ခေါင်းဆောင် စောဘဦးကြီး၏ လျှို့ဝှက်ပန်ကြားချက်ကြောင့်ဖြစ်သည်။ အမှတ် ၁ ကရင်တပ်ရင်းသည် တောင်ငူကို သိမ်းပိုက်ပြီးသည်နှင့် တောင်ဘက်ဆင်းအလာ လမ်းတွင် ဖြူးမြို့ကို သိမ်းပိုက်လိုက်ပါသည်။
ယင်းနောက် အင်းစိန်ရှိ (KNDO) နှင့်ပေါင်းပြီး ရန်ကုန်ကို သိမ်းပိုက်ဖို့ ကြံရွယ်ထားခဲ့သည်။ ၃၀၊ ၁၊ ၁၉၄၉ ရက်နေ့ တွင် မြန်မာအစိုးရက (KNDO /KNU) ကို မတရားအသင်းကြေညာလိုက်ပါတော့သည်။
“အဲဒီအချိန်က မြန်မာတပ်မတော်ရဲ့စစ်ဦးစီးချုပ်ဟာ ဗြိတိသျှစစ်သင်တန်းကျောင်းဆင်း ကရင်အမျိုးသားဗိုလ်ချုပ် စမစ်ဒွန်းဖြစ်ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းဟာ အင်းစိန်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သိသိချင်းမြန်မာအစိုးရ ဝန်ကြီးချုပ်နဲ့ခေတ္တကာကွယ်ရေးဝန်ကြီး တာဝန်ယူထားတဲ့ဦးနုကိုအကြောင်းကြားပြီး ဦးနုနှင့်ကေအင်ယူ ဥက္ကဌ စောဘဦးကြီးတို့ တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုခဲ့ပေမယ့် အဲဒီတွေ့ဆုံပွဲဟာ ဘယ်တော့မှဖြစ်ပေါ်မလာခဲ့ပါဘူး”
အဘယ်ကြောင့် ဖြစ်ပေါ်လာခြင်း မရှိခဲ့ပါသနည်း။ အကြောင်းမှာ တွေ့ဆုံဆွေးနွေးမည့် အချိန်မတိုင်မီက KNDO က တဖက်၊ စစ်ဝန်ထမ်းနှင့် ပြည်ထောင်စုစစ်ရဲတွေက တဖက် သမိုင်းဘက်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး သွေးစွန်း အသေအပျောက်များ ရှိခဲ့သောကြောင်ြ့ဖစ်သည်။
ယုံကြည်စိတ်အချရဆုံး တပ်ရင်းတခုဖြစ်ခဲ့သော အမှတ်၂ ကရင်သေနတ်ကိုင်တပ်ရင်းသည် ဘက်ပြောင်းသွားခဲ့ဲသည် ။ ယင်းကာလအတွင်း အမှတ်၂ ကရင်သေနတ်ကိုင်တပ်ရင်းသည် မြန်မာပြည်တွင် အင်အားအတောင့်တင်းဆုံး အတွေ့ကြုံ အရင့်ကျက်ဆုံး ဖြစ်သည်။ ကရင်တပ်ရင်းမှ အင်အားတထောင်လောက်ဖြင့် ရန်ကုန်ကိုသိမ်းရန် ချီတက် လာစဉ်တွင် ကြားဖြတ်တိုက်ခိုက်ရန် စာရေးသူ မြို့မလွင်ပါဝင်သည့် တပ်မတော်(ရေ) ဘိုဖာ(တံမြက်စည်း) လက်နက် ကြီးတပ်ဖွဲ့သည် သနက ၃ တပ်ရင်းနှင့်အတူ ပါဝင်ခဲ့ရသည်။
“တံမြက်စည်းဆိုပြီး ရည်ညွှန်းသုံးစွဲခဲ့ပုံဟာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်များဘက်ကရော ရန်သူဝင်ရိုးတန်း (ဂျာမဏီ၊အီတလီနဲ့ဂျပန်) နိုင်ငံများဘက်ကရော အောင်မြင်မှုရဲ့အထိမ်းအမှတ်ကို ဆိုလိုတာပါ။ တံမြက်စည်း ဟာ အေးဆေးစွာ အနားယူဖို့ ကံပါပုံမရဘူး။ သူဟာ အင်းစိန်တိုက်ပွဲ၊ဝက်ကော်တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ရုံမကဘဲ ကျွန် တော်တို့မြန်မာပြည်အတွင်းသို့ကျူးကျော်ဝင်ရောက်လာတဲ့ ကူမင်တန်တရုတ်ဖြူတွေကို မြန်မာ့တပ်မတော်က အနိုင် ယူခဲ့တဲ့တိုက်ပွဲကြီးတွေမှာလည်း ဝင်နွှဲလိုက်သေးတယ်”
ထိုစဉ်က စစ်တိုင်းကြီး၂တိုင်းသာရှိနေသေးသည့်အချိန်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အမိန့်နှင့်အတူ ဘိုဖာ လက်နက်ကြီး (တံမြက်စည်း)သည် အင်းစိန်သို့ ရောက်ရှိလာတော့သည်။
ရက်ပေါင်း ၁၁၂ရက်ကြာခဲ့သည့် အင်းစိန်တိုက်ပွဲတွင် စာရေးသူမြို့မလွင်သည်“ (တံမြက်စည်း)ဘိုဖာလက်နက်ကြီး နှင့်ပစ်ခတ်ရတိုင်း ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရှိခဲ့ပါသည်ဟု ဆိုသည်။
“ကျွန်တော်ဟာ စစ်မှုထမ်းဘဝတလျှောက်မှာ တိုင်းပြည်အတွက်သစ္စာရှိစွာ ဆောင်ရွက်ခဲ့ပေမယ့် ထမ်းရွက်ခဲ့တဲ့ တာဝန်ကို မနှစ်မြို့ခဲ့ဘူး။ ကျွန်တော့်ဘဝမှာ ခင်မင်ခဲ့ရတဲ့သူငယ်ချင်းတွေထဲမှာ ကရင်လူမျိုးတွေ အများကြီးရှိခဲ့တယ်” ဟု ရေးခဲ့သည်။
“ဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့် စစ်ရုံးချုပ်က ထိပ်တန်းနေရာများကို ကရင်အမျိုးသားတို့ဆက်လက် ထမ်း ဆောင်ခွင့် မရှိကြတော့ဘဲ ရက်အကန့်အသတ်မရှိ ခွင့်များပေးလိုက်ပြီး ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်နေဝင်းကို ကာကွယ်ရေး ဦးစီးချုပ်နေရာမှာ ခန့်အပ်လိုက်ပြီး တပ်မတော် (လေ) ဦးစီးချုပ်နေရာမှာတော့ ဗိုလ်မှူးကြီး အက်စ်ခင် ကို ခန့်အပ်လိုက်ပါတယ်။ တပ်မတော် (ရေ) မှာတော့ အပြောင်းအလဲ မရှိခဲ့ဘူး”
“တပ်မှူးအပြောင်းအလဲများဖြစ်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်း မှူး ဗိုလ်မှူးချုပ်အောင်သင်နေရာမှာ အစားထိုးကာ အင်းစိန်စစ်မျက်နှာကို ကွပ်ကဲဖို့တာဝန်အပ်နှင်းလိုက်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ သူကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ သူ့အနေနဲ့ တောင်ပိုင်းတိုင်း တိုင်းမှူးတာဝန်ကို ဝါစဉ်ကြီးသူ ဗိုလ်မှူးချုပ်အောင်သင်ထံမှ လွှဲပြောင်းယူခဲ့ရတာ မနှစ်မြို့ကြောင်း ရေးထားပါတယ်။ အင်းစိန်စစ်ပွဲမှာ မြန်မာ့တပ်မတော်ဟာ ရက်ပေါင်း ၁၁၂ရက်ကြာ အပြင်းအထန် ဆင်နွှဲခဲ့ ရပြီး ၂၂၊၅၊ ၁၉၄၉ နေ့ကျမှ အပြီးသတ် အနိုင်ရခဲ့ပါတယ်”
ဝက်ကော်တံတားမှာ ၉-၂-၁၉၄၉ ၀၆း၀၀-၁ရး၀၀နာရီ
“ပင်ပန်းနွမ်းနယ်စရာကောင်းတဲ့ခရီးရှည်ကြီးကို ချီတက်လာခဲ့ကြတာ ကြို့ပင်ကောက်ရောက်တော့ မနက် ၃နာရီ ရှိနေပြီ။ ကျွန်တော်တို့စစ်ကြောင်းက မြို့ကအထက်တန်းကျောင်းနဲ့ရုပ်ရှင်ရုံတွေအတွင်းမှာ နေရာယုူလိုက်ကြပြီး တပ်ဖွဲ့တွေဟာ နာရီအနည်းငယ်တော့ အနားယူဖို့လိုအပ်နေကြတယ်။ ကျွန်တော်တို့ရေတပ်အဖွဲ့ကတော့ ဘိုဖာ လက်နက်ကြီးကို ပြည်-ရန်ကုန်အဝေးပြေး ကားလမ်းမဘက်ကို ချိန်ရွယ်လို့နေရာချလိုက်တယ်။ ဝက်ကော်တံတားနဲ့ ပတ်ဝန်းကျင်ကို သွားရောက်စုံစမ်းပြီး ဗိုလ်မှူးကြီးအောင်ကြီးနဲ့ကျွန်တော်တ့ို စစ်ရေးနည်း ပရိယာယ်တွေ ဆွေးနွေးခဲ့ တယ်”
“ကျွန်တော်တို့ တွေ့လိုက်ရတဲ့စစ်ဝန်ထမ်းတွေဟာ လက်နက်အင်အားချို့တဲ့ တဲ့အပြင် ခံစစ်စည်း ပြင်ဆင်ထားပုံ က လည်း အားရစရာ မရှိဘူး။ သူတို့ဟာ ထိတ်လန့်ချောက်ချားနေကြပြီး မည်းမည်းမြင်တိုင်း လျှောက်ပစ်နေကြလ့ို အဖိုး တန်တဲ့ကျည်ဆန်တွေဟာလည်း မလိုအပ်ဘဲ ဆုံးရှုံးနေရတယ်”
“သူတို့ကိုကြည့်ရတာ တိုက်ရည်ခိုက်ရည် ပြည့်ဝနေတဲ့ ကရင်စစ်သည်တွေနဲ့ရင်ဆိုင်ရမှာ ကြောက်ရွံ့နေပုံရတယ်။ ဒါကို ဘယ်လို အပြစ်ပြောလို့ရမလဲ”
“ကျွန်တော်တို့အတွက် ကံကောင်းချင်တော့ ကရင်စစ်ကြောင်းဟာ တံတားရဲ့ဟိုဘက်ထိပ်မှာ ရပ်နားပြီး ညကျမှ အမှောင်ထုအတွင်း ဆက်လက်ချီတက်ဖို့ဆုံးဖြတ်လိုက်တယ်”
အထက်ပါ ကောက်နုတ်တင်ပြထားသည့်စာကြောင်းများသည် စာရေးသူမြို့မလွင်တ့ို ဝက်ကော်တိုက်ပွဲတွင်းမှ ဝက် ကော်တံတားအနီး ဝန်းကျင်များဖြစ်ပါသည်။ စာရေးသူသည် ယခုစာအုပ်ရေးနေစဉ်အတွင်း သက်သောင့်သက်သာ ဖြစ် နေနိုင်သော်လည်း တကယ့်တိုက်ပွဲချိန်၌ အသက်အန္တရာယ်တဝက်အပ်ပြီး တိုက်ခိုက်စီမံခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။
“ကဲ ငါမှာချင်တာ ဒါပဲ။ ဒီတိုက်ပွဲတခုလုံးမှာ ငါတို့ဘယ်လောက်မြန်တယ်။ဘယ်လောက်တိကျ သေချာတယ်ဆိုတာ အရေးကြီးဆုံးပဲ၊ရန်သူဟာ ငါတို့ဒီမှာရှိနေတယ်ဆိုတာမသိလို့ ငါတို့ရဲ့အားသာချက်ပဲ။ သူတို့ရန်ကုန် မရောက်ခင် ငါတို့ဟာ သူတို့ရဲ့အဓိက အတားအဆီးပဲ။ အကယ်၍ သူတို့ငါတို့ကို ထိုးဖောက်ဖြတ်ကျော်သွားနိုင်ခဲ့ပြီဆိုရင်တော့ တို့တိုင်းပြည်ဟာ တကယ့်ပြဿနာနဲ့ကြုံပြီပဲ”
ကရင်တပ်ရင်းသည် ဝက်ကော်တိုက်ပွဲ၌ ဝက်ကော်တံတားကိုဖြတ်ကျော်ပြီး စာရေးသူမြို့မလွင်တ့ို တပ်အပါဝင် သ.န. က၃ တပ်များကို ဖောက်ထွက်လာနိုင်ခဲ့လျှင် အင်းစိန်ရောက်၊ ရန်ကုန်ကိုသိမ်းမှာ ဖြစ်သည်။ ရန်ကုန်ကိုသိမ်း သွားနိုင် ခဲ့လျှင်တော့ ယခု စာအုပ်လည်း စာဖတ်သူတို့ဖတ်ရှှုရဖွယ် မရှိနိုင်တော့တာ အသေအချာ။
“နောက်တစ်ကြိမ် ပစ်လွှတ်လိုက်တဲ့မီးကျည်အနီရောင်ဟာ ကောင်းကင်ထက်အမြင့်ဆုံးသို့ ရောက်ရှိ ပေါက်ကွဲပြီး တောက်ပစွာနဲ့မြေပြင်သို့ပြန်ကျလာတဲ့အတွက် ရန်သူ့ယာဉ်တန်းကိုနောက်တစ်ကြိမ် ထင်ထင်ရှားရှားတွေ့ရပြန်ပြီ။ မီးကျည်ရဲ့အလင်းရောင်ပေးနိုင်တဲ့နှစ်မိနစ်သုံးမိနစ်အတွင်း ဘိုဖာကို စိတ်ကြိုက်ပစ်တော့မှာဖြစ်တယ်။ အခုချိန်မှာ အသံတိတ်အမိန့်ပေးစရာလည်း မလိုတော့တဲ့အတွက် ကျွန်တော်က “ပစ် ကျည်လေးတောင့်”လို့အော်ပြီးပစ်မိန့် ပေးလိုက်တယ်”။
စစ်ဆိုသည့်အတိုင်း သူတပြန်ကိုယ်တပြန် ထိုးစစ်ဆင်မှုများကို စိတ်လှုပ်ရှားမှုပြင်းစွာ တွေ့ရပါသည်။
၁၀-၂-၁၉၄၉ ဝရး၀၀–၁၅း၀၀နာရီ
“သိပ်ကြာကြာ မစောင့်လိုက်ရဘူး။ ကရင်တပ်ရင်းဟာ နောက်တစ်ကြိမ် ထိုးစစ်မစခင် ကျွန်တော်တို့ရဲ့ခံစစ်အား ပျော့သွားအောင်လို့ စိန်ပြောင်း(mortar)များနဲ့ဗုံးမိုးရွာချလိုက်ပါပြီ။ ဒီလိုနည်းနဲ့ပစ်တာကို “ကြမ်းပြင်မှာ ကော်ဇော ခင်းနည်း”(carpet shelling)လို့ခေါ်ပါတယ်။ ကရင်တပ်ရင်းမှူးဟာ သူရဲ့စိန်ပြောင်းတပ်စိတ်နဲ့ ကျွန်တော်တ့ို အပေါ် “ကော်ဇောခင်းနည်း” ဖြင့် နေရာလပ်မကျန်အောင် ဗုံးမိုးရွာနေချိန် ဘယ်ညာတောင်ပံကနေ တိုက်ခိုက်၊ တပ်ခွဲတွေ စေ လွှတ်ပြီး အပြတ်ရှင်းတော့မယ်။ အဲ့ဒီနောက်သူရဲ့ရည်မှန်းချက်ဆီ ဆက်လက်ချီတက်မှာ ဖြစ်တယ်”
“ကရင်တပ်ရင်းကို ဒီဘက်ကနေ ကြံ့ကြံ့ခိုင် ခုခံနေတဲ့အမှတ်၃ ဗမာ့သေနတ်ကိုင်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူး ချစ်မြိုင်ဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က အင်္ဂလန်နိုင်ငံမှာရှိတဲ့ စစ်ပညာသင်ကျောင်းမှာ အမှတ်၂ ကရင် သေနတ်ကိုင် တပ်ရင်းရဲ့ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးစောထွန်းမောင်နဲ့စစ်ပညာအတူတူသင်ခဲ့ကြပြီး ခုချိန်မှာတော့ တစ်ဖက်စီ ဖြစ်နေ ကြပြီး တစ်ဦးက အောင်နိုင်သူ တစ်ဦးက ရှုံးနိမ့်သူဖြစ်ခဲ့ရပြီ ”
ထူးခြားသည့် ကွင်းဆက်များအပြင် ဝက်ကော်တိုက်ပွဲ အဆုံးသတ်အောင်ပွဲရလိုက်သည့်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ဖေဖေါ်ဝါရီ၁၃ (၁၃၊၂၊၁၉၄၉)ရက်နေ့ ဖြစ်ပါသည်။
ယခုစာအုပ်နှင့်ပတ်သက်ပြီး အဓိကထားပြောချင်သည်ကတော့ ဒုတိယကမ္ဘာစစ်လက်ကျန် အမြောက်ပစ်လက်နက် ကြီး ဘိုဖာ(တံမြက်စည်း)ကို ဇာတ်ကောင်ထားရေးဖွဲ့ခဲ့သော်လည်း မြန်မာ့နိုင်ငံရေးအရှုပ်အထွေး ၊တိုင်းရင်းသား အရေးတို့ အပြင် မြန်မာ့တပ်မတော်(ရေ)အကြောင်း၊ နယ်ချဲ့ကူမင်တန်အရေး၊ ကွန်မြူနစ်များ ရေယာဉ်အပိုင် စီးနင်းပုံ စသည့် သမိုင်းဆိုင်ရာ အထောက်အထားများကို တွေ့ရမည်ဖြစ်သည်။
စစ်ရေးဆိုင်ရာ အသုံးအနှုန်းများလည်း ပါဝင်ပြီး တကယ့်ဖြစ်ရပ်မှန်ကိုယ်တွေ့ဇာတ်လမ်းများကို ရုပ်ရှင်သဖွယ် ပြန် ရေးသားခဲ့သည့် စာရေးဆရာ မြို့မလွင်နှင့် ဝေါဟာရနိုင်နင်းစွာ မြန်မာဘာသာပြန်ဆိုခဲ့သည့် ကိုပြုံးကို ကျေးဇူးတင် ရပါသည်။