နိုင်ငံတဝန်းမှာရှိတဲ့ မြို့အသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ကျော်ကြားကြတာမျိုးတွေ ရှိပါတယ်။ တချို့မြို့တွေက သီးနှံ ထွက်ကုန် ကြွယ်ဝလို့၊ တချို့မြို့တွေက တွင်းထွက် ကုန်ပစ္စည်း များပြားလို့၊ တချို့မြို့တွေက ကုန်သွယ်မှု ဗဟိုကျလို့။ တချို့မြို့တွေကျတော့ ရှေးဟောင်း အမွေအနှစ်တွေ ရှိလို့၊ အစရှိတဲ့ ဝိသေသလက္ခဏာ အသီးသီးနဲ့ သမိုင်းကိုယ်စီ ရှိကြ သလိုပဲ စလင်းမြို့ကလေးဟာလည်း ထူးခြားတဲ့ သမိုင်းလက္ခဏာတွေ ရှိနေတယ်။
အခု ကျနော်ပြောတဲ့ စလင်းမြို့ကလေးဆိုတာ စေတီပုထိုးတွေ၊ ရုပ်စုံကျောင်းကြီးတွေ ရှိတဲ့မြို့ပါ။ “ဘုရားပုထိုး မြေကြီးကျိုးမျှ”လို့ စာချိုးယူရလောက်အောင် စေတီပုထိုးပေါတဲ့ မြို့ကလေးပါပဲ။ ပြီးတော့ ရှေးဟောင်း ခံတပ်ကြီး တခု၊ ခန့်ညားတဲ့ အုတ်မြို့ရိုး၊ ထင်ရှားကျော်ကြားလှတဲ့ ထေရဝါဒ ဗုဒ္ဓဝါဒဂုဏ်ဆောင် ဆရာတော်ကြီးများ ချက်မြှုပ်ရာ၊ သီတင်းသုံးတော်မူခဲ့ရာမြို့။ ပြီးတော့ ရှေးဘုရင်များလက်ထက်ကတည်းက ဘုရားထူးခံ သူကောင်းမျိုးရိုးနွယ်များ ရှိတဲ့မြို့။ တသက်လုံး ဆွေစဉ်မျိုးဆက် တောင်းရမ်း စားသောက်ရတဲ့ ဘုရားကျွန်၊ နောင်အခါ သူတောင်းစားဟူ၍ ခေါ်ဝေါ် သတ်မှတ်ခံရသူများလည်း ရွာတည်ပြီး နေထိုင်ခဲ့ရာမြို့။
မြို့အသီးသီးဟာ သမိုင်းကိုယ်စီ ရှိကြတယ် ဆိုသလိုပဲ စလင်းမြို့ကလေးရဲ့သမိုင်းကလည်း ထူးခြားတယ်။ လေးနက် ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ ရှေးမြန်မာမင်းများ လက်ထက်က ဆိုရင် ဒီမြို့ကလေးဟာ “သုနာပရန္တ စန္ဒာလင်္ကာရမြို့”ဆိုတဲ့ ဘွဲ့အမည်နဲ့ ထင်ရှားခဲ့တာပဲ။ ဒီနေရာမှာ သည်လို လေးနက်ဆန်းပြား ခန့်ညားတဲ့ သမိုင်း ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာတွေ ဘယ်လောက်ပဲ ရှိရှိ၊ ဒီ အကြောင်းအရာတွေဟာ ကာလ ရှည်ကြာလာတဲ့အခါ အဓိပ္ပာယ် တိမ်းစောင်းမှုတွေ၊ မှုန်ဝါး ပျောက်ကွယ်မှုတွေ ဖြစ်ကုန်ကြတာလည်း ရှိတတ်ပါတယ်။
ဒီလိုမဖြစ်ရအောင် ဒီလို နဂိုမူလ သမိုင်းအရှိ မတိမ်းစောင်း မထွေပြားရလေအောင် စလင်းမြို့ကလေးရဲ့ ဂုဏ်အင်္ဂါ လက္ခဏာများကို စနစ်တကျ ပြုစုထုတ်ပိုးထားတဲ့နည်း ကတော့ စာအုပ်စာတမ်းနဲ့ ပြုစုထားတဲ့နည်းဖြစ်ပါတယ်။ ကံအားလျော်စွာ စလင်းမြို့ကလေးအကြောင်း စနစ်တကျ ပြုစုရေးသား ထားတဲ့စာအုပ်တအုပ် ကျနော် ဖတ်ခွင့်ရပါ တယ်။ စာအုပ်ရဲ့ အမည်က “သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ်”။ ရေးသားပြုစုသူက စာရေးဆရာ ရဟန်းတော် ဦးစန္ဒိမာ (စလင်း) ဖြစ်ပါတယ်။
သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်ဟာ စလင်းမြို့ အကြောင်း စနစ်တကျ မှတ်တမ်းပြုရေးသားထားတဲ့ စာအုပ် ဖြစ် ပါတယ်။ စာအုပ်ကို စတင်ဖတ်ရှုတယ် ဆိုရင်ပဲ ကျနော့်စိတ်က စာအုပ်ထဲနစ်သွားလိုက်၊ ခဏနားပြီး စဉ်းစားလိုက်နဲ့ ဖတ်ခဲ့ရ ပါတယ်။ စလင်းမြို့ကို လွန် ခဲ့တဲ့ တလလောက်က ကျနော် ရောက်ပါတယ်။ ခဏတာ ရောက်ခဲ့ဖူးတဲ့ ဆရာတော် ဦးစန္ဒိမာရဲ့ ကျောင်းတော်ပေါ်က နံရံတွေမှာ ထင်ရှားကျော်ကြားတဲ့ စာပေ အနုပညာရှင်တွေရဲ့ ဓာတ်ပုံ တွေ၊ ပန်းချီပုံတွေကို တခုတ်တရ ချိတ်ဆွဲထားတာကိုလည်း ပြန်လည်မြင်ယောင် နေမိပါတယ်။
ပြီးတော့ ဆရာတော်က စကားပြေ အရေးကောင်း၊ လွတ်လပ်ပြီး ခေတ်မီသုတေသန အမြင်ကလည်း ရှိဆိုတော့ ဒီစာအုပ်က ကျနော့်ကို သုံးလေးရက်လောက် လက်က မချနိုင်လောက်အောင် စည်းရုံးထားနိုင်ခဲ့တယ်။ ဒီစာအုပ်ကို ဆရာတော်က ဘယ်လိုအမြင် ဘယ်လို ခံယူချက်နဲ့ ရေးခဲ့သလဲ၊ ပြီးတော့ ဆရာတော်ရဲ့ စကားပြေ အရေးအသား၊ ဒီနှစ်ချက်ကို အောက်မှာ ဖော်ပြတဲ့ ခြောက်ကြောင်း လောက်သာ ရှိတဲ့စာပိုဒ်ကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
ဟိုတုန်းက ပုဂံကို အခေါက်ခေါက်အခါခါ ရောက်ခဲသော်ငြား သမိုင်းနှင့်ဝေးနေတော့ သိပ်အရသာမရှိ၊ သမိုင်းနှင့် နီးသွားတော့ တန်ဖိုးမြင့်တက်လာသည်။ ခံစားမှုရသ ပြည့်ပြည့်၀၀ ရှိလာသည်။ ဘုရားတဆူ ဖူးလိုက်သည်နှင့် ဘုရားသမိုင်း၊ ဘုရားဒကာ၊ ရာဇဝင် နောက်ခံ ကားချပ်များနှင့် အတူ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းချီ၊ ပန်းပု အနုပညာ လက်ရာတွေကို နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။ သြော်…ရှေးမြန်မာ ဗိသုကာတွေက အံ့မခန်းပါလား။ ရှေးတုန်းက မြန်မာတွေဆိုတာ သည်လိုပါလား။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် သိပ်အဆင့်မြင့် ပါလားဟု ဂုဏ်ယူတတ်လာသည်။ (စာ ၄၁၈)
ဆရာတော်က ဒီလိုခံယူချက် ခံစားချက်၊ ဒီလို စကားပြေ အရေးအသားတွေနဲ့ သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်ကို ပြုစုခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ဆောင်းပါး ၁၂၁ ပုဒ်။ အမှာစာက ၄ ခု၊ (လူထုဒေါ်အမာ၊ မောင်ညိုပြာ၊ ချစ်ဦးညို၊ ကိုယ်တိုင်ရေး)။ ဘုရားပုထိုး တခုချင်းစီရဲ့ သမိုင်းများ၊ စလင်းနယ်ဖွား ထင်ရှားတဲ့ သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်များ၊ စာပေ အနုသုခုမ ပညာရှင်များ၊ တောင်ဖီလာ ဆရာတော်မှသည် မျက်မှောက်ခေတ် ကဗျာဆရာ စလင်းဌေးကြည် အဆုံး အပြည်စုံဆုံး ပြုစုရေးသားထားတာ တွေ့ရပါတယ်။
ရှေးစာဆိုများရဲ့ စလင်းမြို့ဘွဲ့ လင်္ကာတချို့ ရှိပါတယ်။ စလင်း နာဂရ၊ မြေမျာ့ချက်ချာ၊ တေဇာလွန်ဘိ၊ မြို့ဂုဏ်ရှိဝယ်။
(ဦးစိန္တာမဏိ)
နတ်ရွာသန္တာန်၊ တည်စဟန်ကား၊ သည်ပြန်တံလိုက်၊ ပတ်ဝိုက်အုတ်ရိုး သာမျိုးပျော်ခင်း၊ မြို့စလင်း။
(မြို့တည်မော်ကွန်း)
စလင်းမြို့ဘွဲ့လင်္ကာတွေကတော့ အများကြီး ရှိပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည်ပင်လျင် စလင်းသူ မယ်တင့်နဲ့ မယ်မြင့်တို့ရဲ့ ရုပ်ရည်ချောမောလှပမှုကို လေးချိုးတစ်ပုဒ်နဲ့ ရေးသား အမွှန်းတင်ခဲ့သေးတာပဲ။ ပြီးတော့ ရွှေတောင်နန္ဒသူ (စလင်းနဝဒေး)၊ ပြဇာတ် ဆရာသင်၊ ဟေမဝန်ဗွေ ဦးမြတ်သာဒွန်း၊ ကျပင်းဆရာဖီး၊ ယောက်ျား မင်းသမီးကြီး အောင်ဗလ၊ အသံဝိဇ္ဖာ မင်းသားကြီး ပုလဲစိန် အစရှိတဲ့ လူပုဂ္ဂိုလ် အကျော်အမော်များ မွေးထုတ်ရာမြို့။
ခေတ်စမ်း စာရေးဆရာကြီး သိပ္ပံမောင်ဝက “အညာဘုရားပွဲ” ဆိုပြီး ဂန္ထလောကမဂ္ဂဇင်းမှာ ဆောင်းပါး ရေးရလောက် အောင် အညာဓလေ့၊ အညာစရိုက်တွေနဲ့ နှစ်စဉ် ရှင်ပင်ကုသိနာရုံဘုရားပွဲ ကျင်းပရာမြို့၊ သက်တမ်းအားဖြင့် နှစ် ၁၀၀ ပြည့်တော့မယ့် မန္တလေး ဆရာအေး၊ ဆရာဦးချစ်မြဲတို့ရဲ့ နိပါတ်တော်ပန်းချီကားများ ရှိတဲ့မြို့၊ “ပန်းချီမှာ စကု၊ ပန်းပုမှာ စလင်း” လို့ ဆိုရလောက်အောင် သစ်သားပန်းပု အင်္ဂတေ ပန်းပုရုပ်များနဲ့ တန်ဆာဆင်ထားတဲ့ ရုပ်စုံကျောင်းကြီးများ ရှိရာမြို့၊ နယ်ချဲ့အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ခဲ့ရာ ဗိုလ်ဥတ္တမ ခံတပ်ကြီး ရှိရာမြို့၊ တောကျေးငှက်တို့ ပျော်ပါးရာ ပဒုမ္မာကြာကန်ကြီးရဲ့အလယ်က လှပငြိမ်းချမ်းလှတဲ့ ရေလယ်ဘုရား ရှိရာမြို့။ ဒါတွေကတော့ စလင်းမြို့ကလေးရဲ့ ထူးခြား လေးနက်လှတဲ့ မြို့အင်္ဂါရပ်တွေကို ဆရာတော်ရဲ့ သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်ထဲမှာ တွေ့ရတဲ့ အချက်အလက်တွေ ပါပဲ။
“စစ်ကိုင်းထောင်သင်း၊ စလင်းလကျ်ာ၊ ပြည်မှာ နဝဒေး” ဆိုပြီး ဘွဲ့အမည် သုံးခု အထိရခဲ့တဲ့ စာဆိုနဝဒေးရဲ့ ဇာတိမြို့။ “သားချစ်တော့ ကျပင်း၊ သမီးချစ်တော့ စလင်း” ဆိုပြီး မှတ်သားရလောက်အောင် မင်းတုန်းမင်းက သမီးဖြစ်သူကို ချစ်မြတ်နိုး လွန်းလို့ အခွန်အတုတ် များများရတဲ့ စလင်းကို အပိုင်စား ပေးခဲ့ခြင်းဖြင့် ပိုပြီး ထင်ရှားခဲ့တဲ့မြို့။
ဒီ အချက်အလက် တွေဟာ ဆရာတော် ဦးစန္ဒိမာ (စလင်း) ရဲ့ သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်ထဲမှာ တွေ့ရ ဖတ်ရတဲ့ စလင်းမြို့ကလေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါပဲ။
ပြီးတော့ ဟိုးရှေး ယခင်ကတည်းက ကျားက သမင်ကို ချောင်းနေတဲ့အချိန် မုဆိုး ရောက်လာလို့ အစာလင့်တာကို အကြောင်းပြုပြီး “အစာလင့်” လို့ အမည်တွင်ခဲ့ရာက စလင်း ဆိုပြီး မြို့အမည် တွင်ခဲ့သည်လို့ ဆိုတဲ့ စလင်းမြို့ အမည် သမိုင်းကိုလည်း ဖတ်ရပါတယ်။
ဆရာတော်ဟာ ရောက်ရာဒေသရဲ့ ဒေသိယစကား၊ ဒေသိယစရိုက်၊ ဒေသိယအခြေအနေ၊ ဒေသိယ လူပုဂ္ဂိုလ်များ အကြောင်း အာရုံစူးစိုက်တတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီစာအုပ်ထဲမှာ စလင်းနယ် တဝိုက်က ဈေးနေ့တွေမှာ တောင်သုံးလေးလုံးကို ခြေလျင်ကျော်ပြီး ချောင်းအတိုင်း စုန်ဆင်းလာပြီးမှ ဈေးလာဝယ် ဈေးလာရောင်းကြရတဲ့ သာမန် ကျေးလက် ဆင်းရဲသား လူတန်းစားကအစ သိန်းထောင်ပေါင်းများစွာ အလှူဒါနပြုဖို့ ဝန်မလေးတဲ့ လူချမ်းသာ တဦး အကြောင်းအဆုံး လူချင်းတွေ့ဆုံ မေးမြန်းမှတ်သား မှတ်တမ်းတင်နိုင်တာ ကိုလည်း ဒီစာအုပ်မှာ တွေ့ရပါတယ်။
ဒီအထဲမှာ ဆရာတော်က “သူကောင်း ဆိုသော လူတန်းစား တရပ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စလင်းမြို့က ဘုရားထူးခံ သူကောင်း မျိုးရိုးများ အကြောင်းကိုလည်း သီးသန့် ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ (စာ ၄၂၇)။
မြန်မာက္ကရာဇ် ၅၅၆ ခု၊ ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်ကတည်းက ဘုရင့်ဘွဲ့တံဆိပ်တော်ရ လက်အောက်ခံ သံပျင် တဆေး၊ တမန်၊ ကျီစိုး၊ အတွင်းကျွန်၊ အပြင်ကျွန်၊ အမှုလုပ်ကျွန်၊ သားပေါက်ကျွန်၊ လယ်ကျွန် အစရှိသော အဆင့်ဆင့် ကျေးကျွန်များ ထားရှိခွင့် ရှိကြပြီး လယ်ဧက ၅၀၀ မှသည် ဧက ၂၀၀၀ ကျော်အထိ ပိုင်ဆိုင်ခဲ့ကြ သူများ ဖြစ်ပါတယ်။ စလင်းမြို့ ပေါင်းပဇင်း ရပ်ကွက်ကြီးတခုလုံး နီးပါး အဲဒီ သူကောင်း မျိုးရိုးများရဲ့ ခြံကျယ်ကြီးများ၊ သစ်သားအိမ်၊ တိုက်အိမ်ကြီးများ ရှိခဲ့ဖူးပါတယ်။
အခုတော့ ယင်း သူကောင်းမျိုးရိုးများဟာ ရန်ကုန်မြို့နဲ့ တခြားတိုင်းပြည်များဆီ ရွှေ့ပြောင်း ရောက်ရှိသွားခဲ့ကြပြီ ဖြစ် ကြောင်းလည်း သမိုင်းအခြေခံ အချက်အလက် စုံစေ့စွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းရေးသားထားတာ တွေ့ရ ပါတယ်။ မကြာခင်ကမှ စလင်းမြို့ကလေးကို ကျနော် အလည်တခေါက် ရောက်ရှိခဲ့စဉ် လူသူ မနေတော့တဲ့ သူကောင်း တိုက်အိုတိုက်ပျက်ကြီး တခုကို စလင်းမြို့ လမ်းမကြီးပေါ်က လိပ်ပြာကန်အနီးမှာ တွေ့လို့ မော့ကြည့်ခဲ့မိတာကိုပင် သတိရနေမိ ပါသေးတယ်။
ချွတ်ယွင်းချက်လို့ မဆိုနိုင်ပေမယ့် ကျနော် သိချင်တဲ့ အချက်ကလေး တချက်တော့ ဖြည့်စွက်ပြီး ပြောချင်ပါသေးတယ်။ စလင်းမြို့မှာ ယခင် နှစ် ၅၀ လောက်က သူတောင်းစားရွာ သို့မဟုတ် ကယ်ပါရွာ ဆိုပြီး တမြို့လုံးက သတ်မှတ်တဲ့ ရွာကလေးတရွာဟာ စလင်းမြို့ဘေးမှာ ရှိခဲ့တယ်။ ဒီရွာသူ ရွာသားတွေဟာ စလင်းမြို့ရဲ့ မိလ္လာကျုံးတဲ့ အလုပ်က အစ အဝတ်လျှော် ထမင်းချက်အလုပ် အစရှိတဲ့ အခြေခံ အလုပ်တွေကို လုပ်ကြရင်း လိုက်လံတောင်း မစားကြတော့သည့် တိုင် သူတို့ကို သူတောင်းစား မျိုးရိုးများ အဖြစ် လူတွေက သတ်မှတ်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ လယ်ယာ ထွန်ယက် စားသောက်တဲ့ အလုပ်ကို လုပ်ကိုင်ကြသည့်တိုင် စလင်းမြို့ကလေးရဲ့ အသုဘ ကိစ္စအ၀၀ကို လည်း ဆောင်ရွက်ပေးကြရတယ်။
အဲဒီရွာ ဆိုတာ အထက်က ကျနော်ပြောခဲ့တဲ့ သူကောင်း မျိုးရိုးများနဲ့ ပတ်သက်နေခဲ့သလား။ အခုတော့ အဲဒီ ရွာကလေး ရှိမှ ရှိသေးရဲ့လား။ အဲဒီ ကယ်ပါရွာက လူတွေ သက်ရှိထင်ရှားမှ ရှိသေးရဲ့လား။ သူတို့အကြောင်း သူတို့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုတွေ ဖြစ်လာကြပြီလဲ။ ဘယ်လိုဘဝမျိုးတွေဆီ ကူးပြောင်းသွားကြပြီလဲ။ ဒီအချက် တချက်တော့ ဆရာတော်ရဲ့ စာအုပ်မှာ မပါရှိခဲ့ ပါဘူး။
သူကောင်းမျိုးရိုးများ အကြောင်း တခန်းသပ်သပ် ရေးသားဖော်ပြခဲ့သည့်နည်းတူ သူတို့ (ကယ်ပါ) ရွာကလေး အကြောင်းတွေကိုလည်း ပါဝင်ရေးသား မှတ်တမ်းတင်လျင်ဖြင့် သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်ဟာ သည့်ထက် သမိုင်း အချက်အလက် ပြည့်စုံတဲ့ စာအုပ် ဖြစ်ကောင်း ဖြစ်သွားလေ မလားလို့ ကျနော် တွေးမိပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော်က အောင်ပန်းမြို့ကလေးအကြောင်း ရေးထားတဲ့ သမိုင်းမှတ်တမ်း စာအုပ်ကလေး တအုပ် ကျနော် ဖတ်ရပါတယ်။ မင်းလွင်ဦး (အောင်ပန်း) ရဲ့ အောင်ပန်းကြေးမုံပြင် စာအုပ် ဖြစ်ပါတယ်။
မောရှမ်းတောင်ပေါ်က သက်တမ်းအားဖြင့် နှစ် တရာမျှသာ ရှိသေးသည့်တိုင် မှတ်တမ်းမှတ်ရာနဲ့ တကွ အောင်ပန်းမြို့ ကလေးရဲ့ သမိုင်းကို စနစ်တကျ ပြုစုထားတော့ အောင်ပန်းမြို့ကလေးကို ခရီးထွက်ရကျိုး နပ်တယ်လို့ ယူဆခဲ့ဖူး ပါတယ်။ အောင်ပန်းမြို့ သမိုင်းစာအုပ်ရဲ့ ကျေးဇူးကြောင့်ပဲ အောင်ပန်းမြို့ကို ပိုပြီး စိတ်ဝင်စား စေပါတယ်။
အခုလည်း ဆရာတော် ဦးစန္ဒိမာ (စလင်း) ရဲ့ သုနာပရန္တ စန္ဒာလင်္ကာရပုံရိပ် စာအုပ်ကို ကျနော် ဖတ်ရပါတယ်။ ဆရာတော် ရေးတဲ့ အတိုင်း သမိုင်းကို သိတော့ ပိုပြီးခံစားလို့ ရတာပေါ့၊ ပိုပြီးစိတ်ပါဝင်စား စေနိုင်တာပေါ့ ဆိုတဲ့ စကားအတိုင်း အခုတော့ စလင်းမြို့ကလေးဆီ နောက်တခေါက် ကျနော်သွားချင်နေပြန် ပါပြီ။ မိုးကုန်ရင်တော့ ဆရာတော် ဦးစန္ဒိမာရဲ့ သုနာပရန္တ စန္ဒာလင်္ကာရ စာအုပ်ကို ပိုက်ပြီး နောက်တခေါက် မဖြစ်မနေ သွားကို သွားလိုက်ဦးမယ် လို့ စိတ်ကူးနေမိပါတော့ တယ်။ ။
စာအုပ်အမည် – သုနာပရန္တ စန္ဒလင်္ကာရပုံရိပ်
စာရေးသူ – ဦးစန္ဒိမာ(စလင်း)
ထုတ်ဝေသူ – ဒေါ်မျိုးမျိုးလတ်(ရွှေခေတ်စာပေ)
ထုတ်ဝေခုနှစ် – ဇူလိုင်၊ ၂၀၁၄ ခု၊ ပထမအကြိမ်
တန်ဖိုး – ၈၀၀၀ ကျပ်