ဦးရုက္ခစိုး အလုပ်များနေသည်။ စိတ်များနေသည် ဆိုက ပိုမှန်မည်။ သူက သမ္မတ အလွန် ဖြစ်ချင်သူ။ လာမည့် ရုက္ခစိုးများ ရွေးကောက်ပွဲတွင် သူ သမ္မတဖြစ်မှ ဖြစ်မည်။ သူတို့ ရုက္ခစိုးလောကကို သူမှ မကယ်တင်လျှင် မဖြစ်ဟု သူက ယုံကြည်ထားသည်။ သူရရှိထားသည့် သစ်ပင် ပေါက်စလေးပေါ်တွင် တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် လုပ်ရင်း ကိုင်းပေါ်က ချော်ကျမလို ဖြစ်သွားသေးသည်။ သူမျှော်နေသည့် သူများက ခုထိ ပေါ်မလာ။ ခဏကြာတော့ ခပ်သုတ်သုတ် လျှောက်လာသူ နှစ်ဦးကို တွေ့လိုက်ရသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ် …။
ရုက္ခစိုး။ ။ ကြာလိုက်တာကွာ … မင်းတို့ကလည်း။ ဘယ်မှာလဲ ငါမှာတဲ့ဟာ။
ဖိုးရှုပ်။ ။ အောင်မလေး … ဦးရုက္ခစိုးရယ်၊ အမောလေး ဘာလေး ဖြေပါရစေဦး။
ရုက္ခစိုး။ ။ အမောဖြေတာ ဖြေလို့ရပါတယ်ကွာ … ဒီမှာ ငါ့ယတြာက အချိန်နဲ့အမျှ အရေးကြီးနေလို့ … ဘယ်မှာလဲ ကျောက်ဖရုံသီး၊ မပါဘူးလား။
ကြွက်စုတ်။ ။ ပါတယ်လေ … ဒီမှာ … ရော့။
ကြွက်စုတ်က သူ့အင်္ကျီအိတ်ထဲက အသီးကင်းလေး တခုကို ထုတ်ပေးလိုက်သည်။
ရုက္ခစိုး။ ။ ဟင် မင်းဟာက ကင်းပုံသီးလေးပဲ။ ငါမှာတာ ကျောက်ဖရုံသီးကွ။
ဖိုးရှုပ်။ ။ ဒါ ကင်းပုံသီးမဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ကျောက်ဖရုံသီး အစစ်ဗျ။ ဈေးထဲမှာ ကျောက်ဖရုံသီးတွေ ရှားနေလို့ ဝယ်မရဘူး။ အဲဒါနဲ့ စိုက်ခင်းတွေလိုက်ရှာတာ အဲဒီ အသီးကင်းလေးပဲ ရလာတယ်။
ကြွက်စုတ်။ ။ လူ့ပြည်မှာလည်း ကျောက်ဖရုံသီးတွေနဲ့ ယတြာခြေနေလို့ ကျောက်ဖရုံသီးတွေ ပြတ်လပ်နေတယ်ဗျ။
ရုက္ခစိုး။ ။ ဟာကွာ … အေးလေ … အကင်းပဲရရ မတတ်နိုင်ဘူး။ ဒါနဲ့ပဲ လုပ်ရတော့မှာပဲ။ ငါ့ကို ဓာတ်ပုံတပုံလောက် ရိုက်ပေးဦး။
ဖိုးရှုပ်။ ။ ဘာလုပ်ဖို့လဲ။
ဦးရုက္ခစိုးက ကျောက်ဖရုံသီး ပေါက်စလေးကို ရင်ခွင်ထဲတွင် ဟန်ပါပါ ပိုက်ပြီး ဓာတ်ပုံ အရိုက်ခံမည်ကို ဖိုးရှုပ်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ရုက္ခစိုး။ ။ ဓာတ်ပုံထဲကျမှ ကျောက်ဖရုံသီးကို ဖိုတိုရှော့နဲ့ ပြင်ပြီး ကြီးလိုက်မလို့လေ။
ကြွက်စုတ်။ ။ ကျုပ်တို့ မဲစာရင်းကြည့်ပြီး ရူးမလိုဖြစ်တာကို ပြန်ကောင်းအောင် လုပ်ပေးတဲ့ ကျေးဇူးငဲ့ပြီး ဒီတခါတော့ လုပ်ပေးလိုက်ပါမယ်လေ။
ဖိုးရှုပ်။ ။ နေပါဦး ဦးရုက္ခစိုးရဲ့ ယတြာက “ကျောက်ဖရုံသီး” ဆိုတော့ ကာရန်လေးနဲ့ဆို “မှောက်ခုံကြီး” ဆိုတဲ့ သဘောလား။
ဦးရုက္ခစိုး။ ။ ပေါက်တတ်ကရ … ကျောက်ဖရုံသီး ဆိုတာ “ကြောက်လည်း မကြောက်ဘူး၊ ဖြုံလည်း မဖြုံဘူး” လို့ ဆိုလိုတာ။
ကြွက်စုတ်။ ။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။
ဖိုးရှုပ်။ ။ နေပါဦး … ဦးရုက္ခစိုးက ဘာလို့ သမ္မတ ဖြစ်ချင်ရတာလဲ။ အစကတော့ ကိုယ့်ဘာသာ အေးအေးဆေးဆေး သစ်ပင်လေးစိုက် မုန့်ဟင်းခါးလေးရောင်း အဲ … တရားအားထုတ်ပြီး နေတော့မလို့ဆို။
ရုက္ခစိုး။ ။ မင်းတို့ဘာသိလဲ။ ရုက္ခစိုးလောကမှာ ဒီမိုကရေစီဆိုတာ ငါက စခဲ့တာကွ။ ငါစိုက်ခဲ့တဲ့ အပင်လေးကို တခြားရုက္ခစိုးက ရေဆက်လောင်းပြီး နာမည်ယူသွားမှာ မလိုလားဘူး။
ကြွက်စုတ်။ ။ ရုက္ခစိုးဖြစ်ပြီး သဘောထား မကြီးလိုက်တာဗျာ။
ရုက္ခစိုး။ ။ ငါမှ မကယ်တင်ရင် ဒီရုက္ခစိုးလောကကြီး ပျက်စီးမှာကွ။ ငါလောက်တော်တဲ့သူ မရှိဘူး။ ငါပဲ အတော်ဆုံး။ ပြီးတော့ ငါပဲ မဲအများဆုံး ရမှာသေချာတယ်။
ဖိုးရှုပ်။ ။ မဲအများဆုံး ရမှာ သေချာနေရင်လည်း ဘာလို့ ယတြာခြေနေသေးလဲ။
ရုက္ခစိုး။ ။ ဟဲဟဲ … ဒါကတော့ ဘက်စုံထောင့်စုံက သေချာအောင် လုပ်ထားရတာပါ။
ကြွက်စုတ်။ ။ သိပါတယ်ဗျာ။ ဟိုလက်ထက်က မဟုတ်တာလုပ်လို့ သစ်ပင်လက်မဲ့ ဖြစ်သွားတဲ့ ရုက္ခစိုးတွေကို ဦးရုက္ခစိုး သစ်ပင်တွေ ပြန်ရှာပေးထားသေးတယ် မဟုတ်လား။
ဖိုးရှုပ်။ ။ ဟုတ်တယ် ဟုတ်တယ်။ အဲဒါကြောင့် မကျေနပ်တဲ့ ရုက္ခစိုးတွေက သက်တန့်ရောင် ဖဲကြိုးတွေနဲ့ ဆန္ဒပြကြသေးတယ်လေ။
ရုက္ခစိုး။ ။ ဒါတွေ ဂရုစိုက်စရာ မလိုပါဘူးကွာ၊ အဓိက အာဏာရဖို့ပဲ။ အာဏာရရင် ငါလုပ်ချင်သလို လုပ် … အဲ ငါ့ရဲ့ စီမံခန့်ခွဲမှု အမိုက်စားတွေနဲ့ ရုက္ခစိုးလောက ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်ရမယ်။
ကြွက်စုတ်။ ။ ပြုပြင်ပြောင်းလဲရေး တွေကလည်း ၅ နှစ်ရှိပြီ ဆက်လက် လုပ်ဆောင်တုန်းပဲလား။
ကြွက်စုတ် စကားကြောင့် ဦးရုက္ခစိုးကြီး နှာတင်းသွားသည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဟေ့ကောင်တွေ … တော်တော့ ငါ အချိန်မရှိဘူး။ သုဝဏ္ဏ အားကစားကွင်းနားက သစ်ပင်မှာ ရုက္ခစိုးအောင်ပွဲ ဖိတ်ထားတာ သွားရဦးမယ်။ ငါ့ ယူနီဖောင်း အသစ်ကလေး လဲလိုက်ဦးမယ်။
ဖိုးရှုပ်။ ။ ဟင် ယူနီဖောင်းက ဒါပဲဟာ လဲစရာလိုလို့လား။
ရုက္ခစိုး။ ။ အရောင် ပြောင်းထားတယ်ကွ။ အခုအရောင်က ဖက်ဖူးစိမ်းရောင် နုနုလေး ဒီမှာကြည့်၊ အပ်ချလောင်း …။
ဦးရုက္ခစိုးက နတ်တန်ခိုးဖြင့် ယူနီဖောင်း လဲဝတ်လိုက်သည်။
ရုက္ခစိုး။ ။ မင်းတို့ မသိရင်မှတ်ထားလိုက် … ဒါလည်း ပြောင်းလဲရေးထဲက တခုပဲ။ ယတြာပဲလေ။ လစ်ပြီဟေ့။
ပြောပြောဆိုဆို ဦးရုက္ခစိုးက ကိုယ်ယောင်ဖျောက်ကာ ထွက်သွားတော့သည်။ ဖိုးရှုပ်မှာကား ဘာမှ ဆက်မပြောနိုင်ဘဲ ပါးစပ် အဟောင်းသား … ကြွက်စုတ်ကမူ … ခေါင်းယမ်းရင်း “အင်း … ‘ဖက်ဖူးစိမ်း’ ဆိုတော့ ‘ဆက်ရူးကိန်း’ ပဲ ထင်ပါရဲ့” ဟု ရေရွတ်လိုက်တော့သည်။












