သေရာပါတဲ့ ရင်ဘတ်အပေါက် ဒဏ်ရာကြီးနဲ့ ကိုထွန်းလင်းကျော် တယောက် ထောင်တွင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်လည် ပြောပြရင်း လေထွက်နေတဲ့ ဒဏ်ရာ အပေါက်ကို လက်နဲ့ဖိကာ မောပန်းလို့ နေပါတယ်။
“ထောင်နဲ့ ပတ်သက်ရင် တော်တော် စိတ်နာတယ်၊ သွေးတွေ အန်တာကို ဘာမှ မလုပ်ပေးနိုင်ကြသလို ပြစ်မှုနဲ့ ကျတဲ့ အကျဉ်းသား ၆ ယောက်လောက် ကုသမှု မခံရဘဲ ကုတင်ပေါ်က ကျပြီးသေတာ တွေ့ခဲ့တယ်” လို့ သူက ဆိုပါတယ်။
စစ်အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖိနှိပ်မှုတွေ ကြုံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တယောက်အနေနဲ့ သွေးတွေ အန်နေပေမယ့် ကုသခွင့် ငြင်းပယ်ခံခဲ့ရတာကြောင့် အဆုပ်သွေးကြောပေါက် ရောဂါက ၂ လက္မခန့်ကျယ်တဲ့ အပေါက်ကြီး အဖြစ် ကျန်ရစ်စေခဲ့ပါတယ်။
ဒဏ်ရာက သူ့ရဲ့ နေထိုင်လှုပ်ရှားမှုတွေ အပေါ် အခက်အခဲတွေ့စေပြီး ထောင်တွင်း ဆေးကုသခွင့် မရခဲ့ဘဲ သွေးတိတ်ဆေးသာ သောက်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောနေရင်း သူ့ အသံတွေက ကွဲအက်နေ သလို လေထွက်နေတဲ့ ဒဏ်ရာ အပေါက်ကြီးကိုလည်း ပတ်တီး စတွေနဲ့ဆို့ကာ လက်နဲ့ အုပ်ထားနေရ ပါတယ်။
“အလုပ် လုပ်ဖို့ အဆင်မပြေဘူး၊ ဆေးဖိုးတွေကလည်း လစဉ် ရှိသေးတယ်၊ အရင် လုပ်ဖော်ကိုင်ဖက် တချို့ရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတယ်” လို့ သူ့ရဲ့ အခြေအနေကို ပြောပါတယ်။
သူ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခြံအမှတ် ၅၄ မှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ နေထိုင်ခဲ့ရင်း ၂၀၀၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ရန်ကုန်မြို့တော် ခန်းမရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တာကြောင့် စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချတာ ခံခဲ့ရတာပါ။
သူ့လိုပင် ထောင်တွင်း ဖိနှိပ်မှုတွေကို ခံစားခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားများစွာ ရှိသလို ကျောက်ထုတ် အလုပ်စခန်း၊ ဝန်ဆောင်စခန်း စတဲ့ စီမံချက်တွေကြောင့် လူသူမသိဘဲ သေဆုံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ် လို့ ထောင်မှူး ကြီးတဦးက ထုတ်ဖော် ပြောပါတယ်။
ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနိမ့်ကျတာတွေက စစ်အစိုးရလက်ထက် တလျှောက်လုံး အဆိုးဝါးဆုံး ဖြစ်ခဲ့ပေမယ့် ယနေ့တိုင်လည်း ကျန်းမားရေး စောင့်ရှောက်မှုနဲ့ ဥပဒေအရ အကျဉ်းသား ရပိုင်ခွင့်တွေက နိမ့်ကျနေဆဲပဲ ဖြစ်ပါတယ်။
“ထောင်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အနိုင်ထက်ပြုကျင့်မှုတွေ မရှိဘူး ဆိုသူဟာ လိမ်နေတာပဲ” လို့ အကျဉ်းဦးစီးဌာနမှ ထောင်မှူးကြီး အဆင့်ထိ ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းထောင်အနေနဲ့ ၁၈၂၆ ခုနှစ်မှာ ကျောက်ဖြူထောင်ကို စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၄ ခုနှစ်မှာ အကျဉ်းထောင်ဥပဒေ (The Prisons Act) ကို ပြဋ္ဌာန်းကာ ၎င်းအက်ကို ထပ်မံအကျယ် ဖွင့်ဆိုထား တဲ့ အကျဉ်းထောင်လက်စွဲ (Jail Manual) စတဲ့ ဥပဒေ ၂ ခုနဲ့ အကျဉ်းထောင် အုပ်ချုပ်မှု စနစ်ကို ယနေ့တိုင် ကျင့်သုံး နေဆဲဖြစ်ပါတယ်။
ထောင်တွင်း လူဦးရေ ကျပ်တည်းမှု ပြဿနာ
မြန်မာနိုင်ငံရဲ့ ထောင်နဲ့ အလုပ်စခန်း အများစုမှာ လက်ခံနိုင်တဲ့ ဦးရေထက် ပိုမိုကာ ထိန်းသိမ်းထားရ ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် စာရင်း အရ အကျဉ်းထောင် ၄၆ ခုမှာ ၄၄၄၁၁ ဦးသာ ဝင်ဆံ့နိုင်ပေမယ့် လက်ရှိ အကျဉ်းသားနဲ့ အချုပ်သား ဦးရေက ၇၄၈၉၃ ဦးအထိရှိနေတယ် လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောထားပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) လို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စံသတ်မှတ်ချက်တွေမှာတော့ အဆောင်နေ အကျဉ်းသားတဦး အတွက် (ရေချိုး၊ မိလ္လာအတွက် နေရာမပါ) ၃ ဒသမ ၄ စတုရန်းမီတာ အကျယ်အဝန်း ရှိဖို့ အကြံပြုထားပြီး မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲမှာတော့ အကျဉ်းသားတဦးအတွက် ၃ ဒသမ ၃၄ စတုရန်းမီတာ ရှိရမယ် လို့ ပြဋ္ဌာန်းထား ပါတယ်။
တကယ်လက်တွေ့မှာတော့ အကျဉ်းထောင်တွေမှာ လူဦးရေ ကျပ်တည်းမှုတွေ ရှိနေတဲ့ အတွက် အကျဉ်းသားတွေဟာ ဘေးတစောင်း အိပ်စက်ရတာတွေနဲ့ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းမှု နိမ့်ကျတာတွေ ကြုံနေရ ပါတယ်။
“အခု သထုံထောင်ထဲက ပေ ၂၀ ပတ်လည်လောက် အခန်းလေးထဲမှာ လူ ၅၀ လောက် နေနေရတယ်” လို့ ၃ လကျော်ကြာ တရားရင်နေရဆဲ အချုပ်သားတဦးက မတ်လ ၃၁ ရက်နေ့မှာ ပြောပါတယ်။
အကျဉ်းထောင်တွေကို လိုက်လံစစ်ဆေးနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (MHRC) ကလည်း ထောင် အများစုရဲ့ လူဦးရေကျပ်တည်းမှုကို ဖော်ထုတ်ထားပြီး ဖြေရှင်းဆောင်ရွက်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန ကို အကြံပြု တိုက်တွန်းထားပါတယ်။
ထောင်တွင်း လူဦးရေကျပ်တည်းမှုဆိုရာမှာ နှစ်ကြီးသမားတွေ များနေခြင်း၊ တရားရင်ဆိုင်နေဆဲ အချုပ် သားတွေ များပြားနေခြင်း နဲ့ မူးယစ်ဆေးဝါး အနည်းအကျဉ်း သုံးစွဲသူတွေကို ပညာပေးစည်းရုံးခြင်း မရှိဘဲ ဖမ်းဆီး ထောင်ချနေတာတွေက အဓိကပြဿနာတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ဟီးလီရဲ့ ၂၀၁၆ ခုနှစ် မတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အစီအရင်ခံစာမှာလည်း ကျန်းမာရေး ဆိုးဝါးနေသူတွေ အပါအဝင် အချုပ်သားတွေ အတွက် အချုပ်အဖြစ် ချုပ်နှောင်ခံရတဲ့ ကာလကြာမြင့်မှု၊ အာမခံငြင်းပယ်ခံရမှု စတာတွေ အပြင် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ပျက်ကွက်မှုတွေ ရှိနေတယ် လို့ ဖော်ပြခဲ့ပါတယ်။
ဥပမာ အနေနဲ့ ၂၀၁၅ ခုနှစ် မတ်လက အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေထဲက ၅၃ ဦးကို ဖမ်းဆီးပြီးနောက် ၁ နှစ်ကျော် ကြာတဲ့အထိ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေ အဖြစ် ဖမ်းဆီးချုပ်နှောင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လူဦးရေကျပ်တည်းမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အနေနဲ့ နေရာ ရလိုမှုနဲ့ အနိုင်အထက်ပြုတာတွေ၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု နိမ့်ကျတာတွေ၊ ကူးစက်ရောဂါ အန္တရာယ် စတာတွေကို အကျဉ်းသားတွေ ကြုံတွေ့ နေရပါတယ်။
“လူကြပ်နေကတည်းက အခြေခံ လူ့အခွင့်အရေးက စပြီးတော့ ဆုံးရှုံးနေပြီ၊ သန့်ရှင်းမှုမှာ အားနည်းတဲ့ အတွက်လည်း ကူးစက်ရောဂါ အန္တရာယ်က စိုးရိမ်စရာကောင်းတယ်” လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ကိုအောင်မျိုးကျော်က ပြောပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ လူကျပ်တည်းတာကို ဖြေရှင်းဖို့ အတွက် အဆောင်တွေ တိုးချဲ့ ဆောက်လုပ်ဖို့ ဘက်ဂျက် တိုးချပေးတာတွေ၊ အကျဉ်းထောင် တချို့ ထပ်မံဆောက်လုပ်တာတွေကို လုပ်ဆောင် လျက်ရှိပါ တယ်။
MHRC နဲ့ AAPP လို အဖွဲ့အစည်းတွေနဲ့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသူတွေ ကတော့ လူဦးရေကျပ်တည်းမှုကို အဆောင်တိုးချဲ့ခြင်း နဲ့ ဖြေရှင်းတာဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘဲ အချုပ်သားတွေ ထဲက အာမခံ ပေးသင့်သူတွေကို ပေးခြင်း၊ ထောင်နေသက် ကြာသူတွေကို ခံဝန်နဲ့ ညှိနှိုင်း လွတ်ပေးခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့လည်း ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်း ထားပါတယ်။
MHRC က မတ်လ ၂၄ ရက်နေ့ကမှ သွားရောက် စစ်ဆေးခဲ့တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင် ရဲ့ အကျဉ်းသား ဝင်ဆံ့ဦးရေဟာ ၁ ထောင် ဖြစ်ပေမယ့် လက်ရှိမှာ အကျဉ်းသား ၃ ထောင်ခန့် ရှိနေပြီး ၇၅ ရာခိုင်နှုန်း လောက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။
“မူးယစ်ဆေးမှာ တပြားမိလည်း ထောင်ချ၊ နှစ်ပြားမိလည်း ထောင်ချဆိုတော့ ထောင် ဘယ်ဆံ့တော့မလဲ၊ ဒီအထဲမှာ လူငယ်ပိုင်းတွေက အများစု ဖြစ်တယ်၊ သူတို့ကို ပညာပေးစည်းရုံးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်နေတယ်” လို့ AAPP မှ ဦးအောင်မျိုးကျော်က ပြောပါတယ်။
နိမ့်ကျနေဆဲ ကျန်းမာရေး စောင့်ရှောက်မှု
ခေတ်အဆက်ဆက် နိမ့်ကျခဲ့တဲ့ ထောင်နဲ့ အလုပ်စခန်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါးမလုံ လောက်တဲ့ ပြဿနာတွေက ယနေ့တိုင် ရှိနေဆဲပါ။
အကျဉ်းထောင် ၄၆ ခုနဲ့ အလုပ်စခန်း ၄၈ ခု ရှိရာမှာ ဆရာဝန် ၂၆ ဦး၊ သူနာပြု ၁၂၈ ဦး၊ ကျန်းမာရေးမှူး ၇၈ ဦးနဲ့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင် ၅ ဦးတို့ကို ခန့်ထားပြီး ဆေးပေးခန်း ၈၉ ခုရှိသာ ရှိပါတယ်။
ဒီအထဲမှာ ထောင်နဲ့ အလုပ်စခန်း တခုချင်းစီရဲ့ ကျန်းမာရေး ဝန်ထမ်းခန့်ထားမှုကို မသိရသော်လည်း လိုအပ်တဲ့ ဆေးဝါးတွေကိုတော့ ကျန်းမားရေး ဝန်ကြီးဌာနက ၆ လလျှင် တကြိမ်ထုတ်ပေးတယ်လို့ အကျဉ်းဦးစီး ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောပါတယ်။
MHRC အဖွဲ့ဝင် ဦးယုလွင်အောင်ကတော့ “ဆရာဝန် မရှိ၊ ဆေးဝါး မလုံလောက်တာက ထောင်တိုင်းလိုလို ဖြစ်နေတယ်၊ ထောင် တခု၊ နှစ်ခုလောက်ပဲ ဆရာဝန် ရှိတယ်၊ ကျန်တာတွေမှာ ဆရာဝန် မရှိဘူး” လို့ စစ်ဆေးတွေ့ရှိ ချက်တွေကို အခြေခံပြီး ပြောပါတယ်။
ပြုပြင်ပြောင်းလဲမှု တချို့ပြုလုပ်ခဲ့တဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာတော့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အထိုက်အလျောက် အဆင်ပြေမှုတွေ ရှိခဲ့ပေမယ့် လိုအပ်ချက်တွေကတော့ များပြား နေဆဲပါ။
လက်ရှိ သထုံထောင် အချုပ်ဘက်မှာပင် ဆေးမှူးတဦး ထားရှိပေမယ့် ဆေးဝါးကုသပေးမှုမှာ လိုအပ်ချက်တွေ ရှိနေပြီး အမှန်တကယ် ရောဂါ ခံစားနေရသူတွေကို ဆေးဝါးလုံလောက်မှုရှိတဲ့ ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ ပြသကုသခွင့် ပေးဖို့ လိုအပ်နေတယ် လို့ အချုပ်သားတဦးက မတ်လ ၃၁ ရက်နေ့က ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ စည်းမျဉ်း တခုဖြစ်တဲ့ အကျဉ်းသားတွေ အတွက် အနိမ့်ဆုံး ရှိရမယ့် ကျန်းမာရေး စောင့်ရှောက်မှု ပြဋ္ဌာန်းချက် စည်မျဉ်း ၂၇ (၁) မှာလည်း အထူးပြုစု ကုသမှု လိုအပ်သူများအား ပြင်ပ ဆေးရုံဆေးခန်းသို့ ပြောင်းရွှေ့ ကုသပေးရမယ် လို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင် လက်စွဲမှာလည်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် ပြဋ္ဌာန်း ထားပေမယ့် လိုအပ်တဲ့ ဆေးဝါးကုသမှု ခံယူဖို့ ငြင်းပယ်ခံရမှုတွေက ဥပဒေတွေကို ချိုးဖောက်နေ တာပဲ ဖြစ်ပါတယ်။
“ဆေးကုသ ငြင်းပယ်ခံရရင် ပါသွားတဲ့ ရောဂါက ပိုဆိုးသွားသလို အထဲက ရလာမယ့် ရောဂါတွေကလည်း ရှိသေးတယ်၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးမှာ စိတ်ဒဏ်ရာနဲ့ အရိုးနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေ ရှိတယ်” လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကုသပေးနေတဲ့ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေရှင်းမှ ဒေါက်တာ ခင်သန်းအေးက ပြောပါတယ်။
စစ်အစိုးရလက်ထက် ပစ်မှတ်ထား ဖိနှိပ်ရိုက်နှက် ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းဟောင်းတွေ အနေနဲ့လည်း အရိုးမှာ ဒဏ်ဖြစ်လာတာတွေကို တချိန်လုံး ခံစားနေကြရသလို သန့်ရှင်းမှု မရှိတဲ့ ထောင်တွင်း နေထိုင်စားသောက်မှုတွေ ကြောင့်လည်း အသဲနဲ့ ပတ်သက်တဲ့ ရောဂါတွေ တွေ့ရှိရတယ် လို့ ဒေါက်တာ ခင်သန်းအေးက ဆိုပါတယ်။
ဦးဝင်းတင် ဖောင်ဒေးရှင်းဟာ နိုင်ငံရေး အကျဉ်းသားတွေကို အခမဲ့ ဆေးဝါးကုသမှုတွေ ပေးနေတဲ့ ဖောင်ဒေးရှင်း တခုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန အနေနဲ့တော့ ဗဟို အကျဉ်းထောင်တွေ ဖြစ်တဲ့ အင်းစိန်းထောင်၊မန္တလေးထောင်နဲ့ သာယာဝတီထောင်တွေကို အရေးပေါ် ကုသမှု အတွက် အရင်းမပျောက် မတည်ငွေ အဖြစ် ကျပ်သိန်း ၅၀ စီ ထုတ်ပေးထားပြီး တခြားအကျဉ်းထောင်နဲ့ အလုပ်စခန်းတွေကိုတော့ ကျပ်သိန်း ၂၀ စီ ထုတ်ပေးထားတယ် လို့ ဆိုပါတယ်။
“အရေးပေါ်ကုနိုင်ဖို့ မတည်ငွေ ထုတ်ထားပေးတယ်၊ ပြီးရင် ကုန်ကျစရိတ်ကို ပြန်ထည့်ပေးပေါ့၊ ထောင်တွင်း သေဆုံးမှုတွေမှာလည်း အပြင်က ဖြစ်လာတဲ့ ရောဂါအခံတွေကြောင့် သေတာလည်း ပါတယ်၊ ဦးနှောက်သွေးကြော ပြတ်တာမျိုးနဲ့ သေတာ ကျတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး ပေါ့” ဟု ဦးမင်းထွန်းစိုးက ဆိုသည်။
NLD အစိုးရရဲ့ ပထမရက် ၁၀၀ စီမံချက် ကာလမှာပင် မန္တလေးတိုင်းဒေသကြီးမှာ ရှိတဲ့ မြင်းခြံထောင် အတွင်းမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးမှုကြောင့် အကျဉ်းသား ၈ ဦးသေဆုံးခဲ့တယ်လို့ AAPP မှ ကိုအောင်မျိုး ကျော်က ပြောပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ AAPP ရဲ့ စစ်တမ်းမှာလည်း ကာကွယ်ကုသနိုင်တဲ့ ရောဂါတွေ ဖြစ်ပေမယ့် ကုသမှု မလုံလောက်မှုနဲ့ ကုသပေးမှု မရှိတာတွေကြောင့် ထောင်တွင်း သေဆုံးခဲ့ရမှု ၂၇ မှု အထိ ကြုံတွေ့ခဲ့ရတယ် လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုပါတယ်။
တရားရင်ဆိုင်နေရဆဲ သတင်းထောက်တဦး ဖြစ်သူ ဦးဝင်းဦးဟာလည်း အူအတက်ရောင် ရောဂါကို ခွဲစိတ် ထားရပြီး ခြေထောက်နာ ဒဏ်ရာကြောင့် ကောင်းမွန်စွာ လမ်းလျှောက်နိုင်တာကြောင့် မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေစဉ်မှာပင် အင်းစိန်ထောင် အချုပ်ကို ပြန်လည် ခေါ်ဆောင်ခံရကာ အမှု ဆက်လက် ရင်ဆိုင်နေရပါတယ်။
“ကျနော် ထောင်ကို ပြန်ရောက်တဲ့ မတ် ၂၉ ရက်နေ့ညက ဘေးခန်းမှာ တယောက်သေတယ်၊ ဒီနေ့လည်း တယောက် ထပ်သေတယ်၊ ဘာရောဂါလဲတော့ မသိဘူး၊ ထောင်ထဲက ဆေးရုံမှာ လူအရမ်းများနေတယ်” လို့ ဦးဝင်းဦးက မတ် ၃၁ ရက်နေ့ အမှုရုံးချိန်မှာ ပြောပါတယ်။
ဦးဝင်းဦးအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အရက်မူးကာ YBS ယာဉ်လိုင်း လမ်းညွန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ် လို့ ဆိုကာ ရဲအရေးပိုင်တဲ့ အမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ကျန်မာရေး မကောင်းပေမယ့် အာမခံလည်း မရရှိဘဲ အချုပ်ထဲတွင် ၃ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
လက်ရှိ အင်းစိန်ထောင် ဆေးရုံအခြေအနေဟာလည်း ညဘက်တွေမှာ လူ ၇၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပြီး နေဘက်တွေမှာပင် လူဦးရေက ၄၀၀ ကျော် ရှိနေတဲ့ အတွက် များပြားနေတယ် လို့ ထောင်အချုပ်မှ တရား ရင်ဆိုင်နေရဆဲ ဦးဝင်းဦးက မျက်မြင် တွေ့ရှိရမှုကို ပြောပြပါတယ်။
အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေ အတွက် ခန့်အပ်ထားတဲ့ ဆရာဝန်မှာ ၂၆ ဦးသာ ရှိပြီး အချို့ထောင်တွေ မှာတော့ မြို့နယ် ဆေးရုံးက ဆရာဝန်တွေကို ရက်ပတ်နဲ့ ဖိတ်ပြီး ကုသနေရတဲ့ အခြေအနေ ရှိပါတယ်။
“ကုခြင်း မကုခြင်းတောင်မှ ခွဲခြားပြီး ကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ နေရာမှာ ဘယ်သူက သွားချင်မလဲ၊ မူပြောင်း ဖို့ လိုသလို… လူပြောင်းဖို့လည်း လိုသေးတယ်၊ ဒီလိုဌာနမှာ ဆရာဝန်တွေ တာဝန်ထမ်းဆောင်ချင် လာအောင်လည်း ပြုပြင်မှုတွေ လုပ်ဖို့ လိုတယ်” လို့ ဒေါက်တာခင်သန်းအေးက ပြောပြပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့တော့ အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အတွက် နှစ်စဉ် ဘက်ဂျက် ကျပ် ၁၅၁ သန်းကျော် ချထား သုံးစွဲလျက်ရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မှာတော့ ကျပ်သန်း ၁၈၃ သန်းကျော် သုံးစွဲခဲ့တယ် လို့ သိရပါတယ်။