ညီအစ်မ ၄ ယောက်က လူအများကြားတွင် ထိုင်နေသည်။ သို့သော်လည်း သူတို့က သီးခြား ဖြစ်နေသည်။
သူတို့ အတွေ့အကြုံက ကြေကွဲစရာ ဇာတ်လမ်းသဖွယ်ပင်။ သူတို့ မိခင်ဖြစ်သူက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ သူတို့ အိမ်ကို စစ်သားများက မီးရှို့သည့် အချိန်တွင် သေဆုံးသွားခဲ့သည်။ သူတို့ ဖခင်က ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားခဲ့သော၊ အသက်အန္တရာယ်ကို စိုးရိမ်နေရသော ရိုဟင်ဂျာ မွတ်ဆလင် ထောင်ပေါင်းများစွာထဲမှ တဦး ဖြစ်သည်။
အသက် ၁၂ နှစ်၊ ၈ နှစ်၊ ၅ နှစ် နှင့် ၂ နှစ် စီ အသီးသီး ရှိကြသော သူတို့ ညီအစ်မ ၄ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံရန် ထွက်ပြေးနိုင်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည် စခန်းများတွင် နှစ်နှင့် ချီ၍ နေထိုင်ခဲ့သော ဦးလေးတဦးက သူတို့ ကို ဆာလောင်မွတ်သိပ်နေသော သူ၏ ကလေးများနှင့် အတူ ခေါ်ယူထားခဲ့သည်။
“ကျမရဲ့ မိဘတွေ မြန်မာနိုင်ငံမှာ အသတ်ခံခဲ့ရတယ်။ ကျမ သူတို့ကို အရမ်းသတိရပါတယ်” ဟု အသက် အကြီးဆုံး မိန်းကလေးဖြစ်သည့် ဂျနူကာဘီဂမ်းက ပြောသည်။
ကျမက ဒုက္ခသည်စခန်းများသို့ မိသားစုများ မပါဘဲ ရောက်ရှိလာသော ကလေးငယ်များ အကြောင်း သတင်း ရယူနေခဲ့ခြင်း ဖြစ်ပါသည်။ သူတို့၏ ဦးလေးဖြစ်သူကို ငွေကြေးထောက်ပံ့ခဲ့သော နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတခုက ကျမကို ထို မိန်းကလေးများနှင့် တွေ့ဆုံ ရန် ပို့ဆောင်ပေးခဲ့သည်။
တနာရီအတွင်းမှာပင် စိတ်မချမ်းမြေ့ဖွယ် ကောက်နှုတ်စကားများ မှတ်စုစာအုပ် တအုပ်စာမျှ ကျမ ရရှိခဲ့သည်။ သို့သော် ထိုအထဲက အနည်းငယ်မျှက မှန်ကန်ပါသည်။
သတင်းယူပြီး ၃ ရက်ကြာသောအခါ အမှန်တရားက စတင်ပေါ်ထွက်လာခဲ့သည်။ သူတို့ကို ခေါ်ယူစောင့်ရှောက်ထားသည့် ဦးလေး ဆိုသူ ဆိုယုဟော့စိန်မှာ အမှန်တကယ်တွင် သူတို့၏ ဖခင် ဖြစ်နေသည်။ သူ့တွင် ဇနီး ၃ ယောက်ရှိသည်။ ၂ ယောက်က ဘင်္ဂလားဒေ့ရှ်မှ ဖြစ်ပြီး တယောက်က မြန်မာနိုင်ငံမှ ဖြစ်သည်ဟု သူက ဝန်ခံခဲ့သည်။ ယခု ကလေးများမှာ မြန်မာနိုင်ငံတွင် ရှိသော အငယ်ဆုံး ဇနီးမှ မွေးသော ကလေးများ ဖြစ်ကြသည်။
မည်သည့် ဒုက္ခသည်စခန်းတွင် မဆို ကံဆိုးမိုးမှောင်ကျသည့် ဇာတ်လမ်းက ရောင်းကုန်ဖြစ်သည်။ အကူအညီပေးရေး အ ဖွဲ့အစည်းများက အလိုအပ်ဆုံး ကိစ္စများကို ကူညီချင်နေသည်။ မိဘမဲ့ ညီအစ်မ ၄ ယောက်ကဲ့သို့သော ဇာတ်လမ်းမျိုးက ပိုင်ဆိုင်သမျှ အားလုံးဆုံးရှုံးခဲ့သည့်တိုင် မိသားစုဝင်များ မပျက်မစီး ကျန်ရစ်ခဲ့သည့် ဇာတ်လမ်းမျိုးထက် တန်ဖိုးရှိမှန်း လူ တွေ သတိပြုမိလာသည်။
အကူအညီပေးရေး အဖွဲ့အစည်းများက ဖြန့်ဝေသည့် ကယ်ဆယ်ရေး ပစ္စည်းများကို အပြိုင်အဆိုင်ရယူရေး မွေးကင်းစ ကလေးများကို လက်ထဲတွင် ပွေ့ထားသော အမျိုးသမီးများကို တာဝန်ပေးရမည် ဖြစ်ကြောင်း ဒုက္ခသည်များ သိ လာကြသည်။ ငိုကြွေးနေသော ကလေးငယ်များကို ရှေ့ဆုံးတန်းရောက်အောင် တွန်းပို့ကြသည်။
အဆိုပါ ဗျူဟာများမှာ သဘာဝအလျှောက် ဖြစ်လာသည့် ရှင်သန်ရေး နည်းလမ်းဖြစ်သည်။ မိသားစုတခုကို ကျွေးနိုင်ရန် အတွက် မည်သူက အလားတူ မလုပ်ဘဲ နေမည်နည်း။
သို့သော် ဇာတ်လမ်းအမှားများက လုံခြုံရေး တပ်ဖွဲ့များကြောင့် ရိုဟင်ဂျာများ ထိခိုက် ခံစားခဲ့ရသည့် စစ်မှန်သော ကြောက်မက်ဖွယ်ရာများ (လူသတ်ခြင်း၊ မတရားပြုကျင့့်ခြင်းနှင့် ကျေးရွာများ မီးရှို့ခြင်း) တို့ကို တန်ဖိုး လျော့ကျစေခဲ့သည်။ တန်ဆာဆင်ထားသည့် ဇာတ်ကြောင်းများက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသမျှသည် နိုင်ငံတကာ အသိုင်းအဝိုင်းက ယူဆသကဲ့သို့ လူမျိုးဖြုတ် ရှင်းလင်းခြင်း မဟုတ်ဘဲ ပြည်ပမှ ကျူးကျော်လာသူတို့၏ လှည့်စားမှုသာ ဖြစ်သည်ဆိုသော မြန်မာ အစိုးရ၏ ခုခံချေပမှု ပိုမို ခိုင်မာသွားခြင်းကိုသာ ဖြစ်စေနိုင်ပါသည်။
မြန်မာနိုင်ငံက တရားဝင် ထုတ်ပြန်သည့် ဇာတ်ကြောင်းမှာ “ရိုဟင်ဂျာ မွတ်ဆလင်များသည် လူဦးရေ ပြည့်ကျပ်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူများ ဖြစ်သည်၊ မွတ်ဆလင် အမျိုးသားများက ဇနီး အများအပြားယူခြင်း အားဖြင့် ရိုဟင်ဂျာများက မြန်မာနိုင်ငံမှ လူများစု ဗုဒ္ဓဘာသာဝင်များထက် လူဦးရေ တိုးနှုန်း ပိုမို မြန် ဆန်လာခဲ့သည်” ဟူ၍ ဖြစ်ပါသည်။
အဆိုပါ ပြောဆိုချက်ကို တန်ပြန်နိုင်သည့် သက်သေ အထောက်အထား အများအပြား ရှိပါသည်။ မွတ်ဆလင်များက ထိုဒေသတွင် မျိုးဆက်နှင့် ချီ၍ အခြေချနေထိုင်ခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အချိုးအစားက ပြီးခဲ့သည့် ရာစုနှစ်ဝက်အတွင်း များစွာ အပြောင်းအလဲ မရှိခဲ့ပါ။
မြန်မာ အစိုးရက ရိုဟင်ဂျာများ တချိန်က နေထိုင်ခဲ့သော ဒေသအတွင်းသို့ သွားလာဝင်ထွက်ခြင်းကို ကန့်သတ်ထားခြင်း (ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူများကိုပင် ပြည်ဝင်ခွင့်ပေးရန် ငြင်းဆန်ထားခြင်း) ကြောင့် စုံစမ်းစစ်ဆေးသူများနှင့် စာနယ်ဇင်းသမားများမှာ ရက်စက်မှုများ၏ လက်တွေ့အထောက်အထားများကို စုဆောင်းရယူရန် မဖြစ်နိုင်ခဲ့ပါ။ အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် နေရာတခုကို စုံစမ်းရန် ကြိုးစားခဲ့ကြသော ရိုက်တာ သတင်းဌာနမှ ပြည်တွင်း သတင်းထောက် ၂ ဦးမှာ အကျဉ်းထောင် အတွင်းတွင် ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည် စခန်းများတွင် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြင့် ရောက်ရှိနေကြသည့် ဒုက္ခသည်များက တွေ့ဆုံမေးမြန်းရန် အလွယ်ကူဆုံး ဖြစ်လာခဲ့သည်။ ကလေးတယောက်၏ ကိုယ်ခန္ဓာတွင် လောလော လတ်လတ် ရရှိထားသည့် သေနတ် ဒဏ်ရာက ဆိုးဆိုးရွားရွား တစုံတရာ ဖြစ်ပျက်ခဲ့သည်ကြောင်း သက်သေဖြစ်လာသည်။
ကောက်နှုတ်စကားများအတွက် အနည်းဆုံး အခြားသူ တဒါဇင်မျှ ကျမ မှတ်စုစာအုပ်များထဲ ရေးသားကျန်ရှိနေသည်။ သို့သော်လည်း သတင်းထောက်တဦးတွင် ရှိသင့်သည့်၊ နေ့စဉ်သတင်းလိုက်တိုင်း စိုးမိုးထားသည့် သံသယက တပါးသူ၏ ကိုယ်ရေးကိုယ်တာကို ကျူးကျော်ကြည့်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။ သူ မတရားကျင့်ခံခဲ့ကြောင်း သူစိမ်းတယောက်ကို ဝန်ခံပြောကြားခဲ့သော ရိုဟင်ဂျာ အမျိုးသမီးတယောက် အနေဖြင့် သူ့ဇာတ်လမ်းကို သံသယဝင်နေကြောင်း သိသည့်အချိန်တွင် မည်သို့ ခံစားရမည်နည်း။
နိုင်ငံခြားသတင်းမီဒီယာများတွင် အစစ်အမှန် မဟုတ်သည်များကို ပြောကြသည့် ရိုဟင်ဂျာ အများအပြားကို ကျမ မြင်ခဲ့ပြီး ဖြစ်ပါသည်။ သူတို့၏ ပြောပြချက်များက အချို့သော ကိစ္စများတွင် အခြေအနေဆိုးများက တပြိုင်နက်တည်း ပေါင်း၍ ကျရောက်ခဲ့သလိုမျိုး အလွန်ကို ပြင်းထန်လွန်းနေသည်။
ထိုသို့ပြောခြင်းက ပြီးခဲ့သည့် ၅ လတာ ကာလအတွင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသော ရိုဟင်ဂျာ ၇၀၀၀၀၀ နီးပါး ခံစားခဲ့ရသော ဒုက္ခများကို တန်ဖိုးကျဆင်းစေရန် မဟုတ်ပါ။ ပြီးခဲ့သည့် နှစ်အတွင်းက ၁ လ အတွင်း မှာ ပင် ရိုဟင်ဂျာ ၆၇၀၀ သေဆုံးခဲ့ရသည်ဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့က ခန့်မှန်းခဲ့သည်။ ထိုအရေအတွက်သည် ပင် အလွန်နည်းလွန်းသည်ဟု သူတို့က ပြောသည်။
၄ ရက်မြောက်နေ့တွင် အသက် ၉ နှစ် အရွယ် နူးရှဒ် အမည်ရှိ ယောက်ျားလေးတဦးကို ကျမ အင်တာဗျူး လုပ်ခဲ့ပါသည်။ ကျမ၏ မှတ်စု စာအုပ်အတွင်းတွင် သူ၏ နေအိမ်ပုံ နှင့် သူ၏ မိဘများကို မြန်မာ စစ်သားများက ကြိုးပေးသတ်ခဲ့သည့် သစ်ပင်ပုံတို့ကို သူက ဆွဲပြသည်။
ထို့နောက် မြစ်ကို ဖြတ်ကူး၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့သွားရန် သူ အသုံးပြုခဲ့သော လေးထောင့် ဓာတ်ဆီပုံး ပုံကို ဆွဲပြသည်။ သူ၏ ဖိနပ်များကို ခါးတွင် နွယ်ကြိုးနှင့် ချည်ထားခဲ့သည်ဟု သူကပြောသည်။ ကြိုးသိုင်းဖိနပ်များမှာ သေဆုံးသွားသော သူ၏ မိခင်ထံမှ ဖြစ်သည်။ သူက ဖိနပ်များကို ကြည့်ပြီး ငိုသည်။
သို့သော်လည်း ရှေ့နောက်မညီသော အချက်များ ရှိပါသည်။ နူးရှဒ်က ခရစ်ကက်ကို ကြိုက်ကြောင်း ပြောသည်။ ခရစ်ကက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရေပန်းစားသော အားကစားနည်း တခု ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ လူကြိုက် မများပါ။ သူ၏ ဘိုးဘွားများကို စစ်တပ်က သတ်ပစ်ခဲ့သည်ဟု သူက ကျမကိုပြောပါသည်။ သို့သော်လည်း သူတို့သည် ရိုးရိုး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင် သူက ဝန်ခံခဲ့သည်။
သူ၏ ကျေးရွာမှ ဖြစ်သည်ဟု ယူဆရသော ဒေသခံများကို ကျမ တွေ့ရှိခဲ့သည်။ သစ်ပင်တွင် ကြိုးပေးခံရခြင်း မရှိသည့် အပြင် မည်သူမျှ အသတ်မခံခဲ့ရကြောင်း ပေါ်ထွက်လာခဲ့သည်။
နူးရှဒ် မည်သည့်နေရာမှ ရောက်လာပါသနည်း။ ကူတူပလောင်း ဒုက္ခသည်စခန်း ဈေးထဲတွင် ငိုနေသော သူ့ကို တွေ့ ရှိခဲ့ကြသည်။ အခြား ဒုက္ခသည်များက သူ့ကို အစားအစာများ ပေးဝေနေသည့် အမျိုးသမီးများ ရှိသည့် ကျောင်းတကျောင်းသို့ ခေါ်လာခဲ့ကြသည်။ သူက ဆိုးဆိုးရွားရွား တစုံတရာ ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားပါသည်။ သို့သော် ယနေ့ထိ သူ၏ ဇာတ်ကြောင်း အမှန်ကို မည်သူမျှ မဖော်ထုတ်ခဲ့ကြပါ။
ကလေးငယ်များ မဟုတ်မမှန် ပြောဆိုခြင်းအတွက် စာနာသည့်ဘက်မှ ရှင်းပြခြင်းလည်း ရှိပါသည်။ ကလေးသူငယ်များ၏ စိတ်သည် တိုက်ရိုက်ကြုံရသည်များနှင့် တဆင့်ကြားရသည်များကို အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် တူညီစွာ စွဲမြဲနိုင်ပါသည်။
“တကယ်လို့ တချို့ ကလေးငယ်တွေက ရက်စက်မှုတွေကို ကြားရုံပဲ ကြားခဲ့တယ် ဆိုရင်တောင် ကြောက်ရွံ့မှုက သူတို့ဆီ မှာ စိမ့်ဝင်သွားခဲ့တယ်။ သူတို့ မြင်ခဲ့တာတွေနဲ့ ကြားခဲ့တာတွေကို ခွဲခြားဖို့က သူတို့အတွက် အတော်ခက်တယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားရှိ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဘန်ဂျမင်း စတိန်းလက်ချ်နာက ပြောသည်။ “ကြောက်လန့်စရာ ရုပ်ရှင်တခုကို ကြည့်ရသလိုပါပဲ။ ကလေးငယ်တွေ တွေ့ကြုံခံစားရတာက အရွယ်ရောက်ပြီးသူတွေနဲ့ အလွန်ခြားနားပါတယ်။”
မိန်းကလေး ၄ ယောက်၏ ဖခင် ဖြစ်သူ ဆိုယုဟော့စိန်၏ ဘဝနှင့် ပတ်သက်၍ ကျမ ပိုသိခဲ့ရပါသည်။
မြန်မာနိုင်ငံသို့ ခေတ္တပြန်ချိန်တွင် သူ၏ “ဒုက္ခများ” စတင်ခဲ့သည်ဟု သူက ပြောသည်။ အသားလတ်လတ် နှင့် နူးညံ့သော အသွင်အပြင်ရှိသည့် အသက် ၁၂ နှစ် အရွယ် မိန်းကလေးတယောက်ကို သူမြင်ခဲ့သည်။
“သူက အရမ်းလှတယ်။ ကျနော် သူ့ကို လက်ထပ်ဖို့ လိုတယ်” ဟု ဆိုယုဟော့စိန်က ပြောသည်။
အရွယ်မရောက်သေးသည့် ကလေးများကို လက်ထပ်ခြင်းက ရိုဟင်ဂျာများတွင် ဖြစ်ရိုးဖြစ်စဉ် စိတ်ပျက်စရာ တခု ဖြစ်ပါသည်။ မကြာမီမှာပင် ဆိုယုဟော့စိန်သည် သူ၏ ဇနီး ၃ ယောက်ကြားတွင် စတင်၍ လွန်းပျံပြေးလွှားနေခဲ့ရ တော့သည်။ သူ၏ ဇနီးများက တယောက်အကြောင်းကို တယောက် မသိကြပါ။ သို့သော်လည်း ဇနီး ၃ ယောက် ရှိသည် မှာ များလွန်းသည်ဟု ဆိုယုဟော့စိန် မထင်ပါ။ သူ့ဖခင်ဖြစ်သူမှာ ဇနီး ၆ ယောက်နှင့် ကလေး ၄၂ ယောက် ရှိသည်ဟု သူက ပြောသည်။
သို့သော်လည်း မိသားစု ဆက်ဆံရေးများကို ဟန်ချက်ညီမျှအောင် မလုပ်ခဲ့ဟု ဆိုယုဟော့စိန်က ဝန်ခံပါသည်။ သူတို့ရွာ မီးလောင်သွားခဲ့ပြီးနောက် သူ၏ သမီး ၄ ယောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခိုလှုံရန်ရောက်လာသည့်အခါ လဲဒါး ဒုက္ခသည် စခန်းတွင် သူနှင့် အတူနေသည့် ဇနီးတယောက် ဖြစ်သော ဆဂျီဒါက အလွန် စိတ်ဆိုးသွားခဲ့သည်။
“ကျမ ယောက်ျားက လူဆိုးတယောက်ပါ။ သူ့ အလိမ်အညာတွေကို ကျမ စိတ်ကုန်နေပြီ” ဟု ဆဂျီဒါက မိန်းကလေး ၄ ယောက်၏ မူလဇစ်မြစ်ကို ဝန်ခံခဲ့ပြီး နောက်တွင် ပြောဆိုလိုက်သည်။
နောက်ပိုင်းတွင် ဆိုယုဟော့စိန်ကို ကျမ ဖုန်းခေါ်သည့်အခါ သူက စိတ်ဆိုးနေသည်။
“ခင်ဗျား ပြန်သွားတော့ ကျနော် သူ့ကို ရိုက်လိုက်တယ်။ မနက်ဖြန်ကျရင် ထပ်ရိုက်ဦးမယ်” ဟု သူက ပြောသည်။
ဆိုယုဟော့စိန်၏ မရီးဖြစ်သူကလည်း မိသားစု၏ ရှုပ်ထွေးသော အမှန်တရား၏ တစိတ်တပိုင်းကို ရှင်းပြသည်။ သူက ပွင့်ပွင့်လင်းလင်းပြောခဲ့သည့်အတွက် ခင်ပွန်းသည်က ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု အိမ်နီးချင်း တဦးကလည်း နောက်ပိုင်းတွင် ပြောသည်။
အသိုင်းအဝိုင်းမရှိသည့် ကလေးငယ်များ၏ ဒုက္ခကို ဖော်ပြခြင်းအစား ကျမ၏ သတင်းက မိသားစု ၂ ခု အတွင်းမှ အိမ်တွင်း အကြမ်းဖက်မှုနှင့် ရောယှက်သွားခဲ့သည်။ ဆဂျီဒါကို မေးမြန်းခဲ့သည့် နေ့များအတွက် ကျမ နောင်တရမိပါသည်။
မိန်းကလေးများ မြန်မာနိုင်ငံသို့ ပြန်ရောက် ပျောက်ကွယ်သွားစေလိုကြောင်း ပြောသည့်အချိန်တွင် ဆဂျီဒါ၏ စာနာခြင်း ကင်းမှုကို ကျမ တွေ့ရှိခဲ့ရပါသည်။ သို့သော်လည်း ထိုညတွင် သူ့ခင်ပွန်းက သူ့ကို ရိုက်နှက်ခဲ့သည်။ သူ့ခင်ပွန်း၏ အငယ်ဆုံး ဇနီးမှ မွေးသည့် ကလေး ၄ ယောက်ကို လက်မခံခြင်းအတွက် သူ့ကို ကျမက အပြစ်တင်နေသည့် အချိန်တွင် ပိုးဟပ် တကောင်က ကြမ်းပြင်ပေါ်တွင် လျှောက်ပြေးနေသည်။ ကြွက်တကောင်က နောက်က လိုက်၏။
ဆဂျီဒါ စတင်၍ ငိုတော့သည်။
ရိုဟင်ဂျာ အိမ်တခု၏ နံရံအဖြစ် အသုံးပြုထားသော ဝါးခြမ်းပြားများ ကြားမှ တဆင့် ကလေးငယ်များ၏ မျက်လုံးများက ကျမ၏ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေကြသည်။ ကျမ ဘာလုပ်နေသနည်း၊ မည်သည့်အတွက်ကြောင့် အရွယ်ရောက်ပြီး အမျိုးသမီးတယောက်ကို ငိုကျွေးအောင်လုပ်ရသနည်း ဆိုသည်ကို သူတို့ သိချင်နေကြသည်။
(The New York Times သတင်းစာပါ Hannah Beech ၏ The Rohingya Suffer Real Horrors. So Why Are Some of Their Stories Untrue? ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်)