ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်က တပ်မတော် ရဲ့ စီးပွားရေး အဆက်အသွယ် တွေကို ဖော်ထုတ် ပစ်မှတ်ထား အရေးယူ ပိတ်ဆိုဖို့နဲ့ လက်နက်ရောင်းချမှုကို ပိတ်ပင်ဖို့ တောင်းဆိုချက်တွေ ပါတဲ့ အစီရင်ခံစာ တခုကို သြဂုတ်လဆန်းက ထုတ်ပြန်လိုက်ပါတယ်။
ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တပ်မတော်က ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့တယ်၊ အဲဒီအတွက်ကြောင့် တပ်မတော်နဲ့ဆက်စပ်တဲ့ စီးပွားရေး ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ကာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ အဲဒီ သြဂုတ်လ ၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။
အဲဒီ အစီရင်ခံစာက တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နဲ့ မြန်မာ စီးပွားရေး ကော်ပို ရေးရှင်း (MEC) တို့ကို အဓိက ထောက်ပြခဲ့ပြီး အဲဒီလုပ်ငန်းတွေဟာ သိနားလည်ဖို့ ခက်ခဲသလို လုပ်ငန်းတွေကို ဦးဆောင်သူ တွေ ကပဲ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အတွက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခံ နေရသူတွေလို့ လည်း စွပ်စွဲ ထားပါသေးတယ်။
အဲဒါကြောင့် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေ အပါအဝင် ဆက်စပ်နေတဲ့ ကုမ္ပဏီတွေ အကြောင်းဟာ ဆွေးနွေး စရာ ဖြစ်လာပြီး လူပြောများလာလို့ တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်း တွေ လည်း ထွက်ပေါ်လာရပါတယ်။
တပ်မတော်ရဲ့ အဓိက စီးပွားရေး လုပ်ငန်းကြီး ၂ ခု ဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ MEC တို့ဟာ တပ် မိသားစုတွေ၊ တပ် သက်သာ ချောင်ချိရေးတွေ အတွက် ထူထောင်ထားတဲ့ အများပိုင် ကုမ္ပဏီတွေ ဖြစ်ပြီး ကုလ သမဂ္ဂ က စွပ်စွဲနေသလိုမျိုး မဟုတ်ဘူးလို့ တပ်မတော် တာဝန်ရှိသူတွေက ဧရာဝတီကို ပြောပါတယ်။
တပ်မတော်က စီးပွားရေးလုပ်တာ မြန်မာတနိုင်ငံတည်းမှ မဟုတ်ဘဲ တရုတ်၊ ကမ္ဘောဒီးယားနဲ့ တူရကီနိုင်ငံလို တပ်မတော် မျိုးမှာတောင် ရှိကြောင်း၊ အသေးစိတ် သိချင်ရင် အင်တာနက်မှာ Military Business ဆိုပြီး ရှာဖွေကြည့် ရင် သမိုင်းကြောင်းကနေ စပြီး တွေ့ရလိ့မ်မှာ ဖြစ်ကြောင်း တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိသူတဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“စွပ်စွဲချက်ထဲမှာ ပါသလို ဒါတွေနဲ့ ဂျီနိုဆိုက် (လူမျိုးတုန်း သတ်ဖြတ်မှု) ပဲ လုပ်နေသလိုလို။ ဒါတွေနဲ့လည်း လက်နက် လည်း ဝယ်လို့ မရပါဘူး။ ဝယ်လည်း မဝယ်ပါဘူး။ ဝယ်စရာလည်း အကြောင်း မရှိဘူး။ နိုင်ငံတကာမှာလည်း တပ်က စီးပွားရေး လုပ်နေတာပဲ။ မြန်မာ တနိုင်ငံတည်းက ထူးထူးဆန်းဆန်း လုပ်နေတာ မဟုတ်ပါဘူး”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းပြပါတယ်။
အခုလို မြန်မာ တနိုင်ငံတည်းကို ချိတ်ဆက်ပြီး စွပ်စွဲမှုတွေ ဆောင်ရွက်လာတာကတော့ တပ်မတော်ကို အင်အားချိနဲ့ သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်မတော်နဲ့ ပတ်သက်ပြီးတော့ စီးပွားရေး လုပ်ငန်းတွေကအစ ဖြတ်တောက်ဖို့ လုပ်လာတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာ စီးပွားရေး ဦးပိုင် လီမိတက် ကို တပ်မတော် အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး တပ်မတော် ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက ရှယ်ယာ မတည်ငွေ ကျပ်သန်း ၄၀၊ တပ်မတော် စစ်မှုထမ်း များ၊ စစ်မှုထမ်းဟောင်းများ၊ တဦးချင်းနှင့် အဖွဲ့အစည်းများရဲ့ ထည့်ဝင်ငွေ ကျပ် ၁၆.၀၉၈ သန်း ဖြစ်ကာ စုစုပေါင်း မတည်ငွေ ၅၆.၀၉၈ သန်းနဲ့ စတင်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲတခုမှာ သတင်းထောက်တွေကို ပြောပြခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ် မတ်လအထိ တပ်မတော်သားများ၊ တပ်ရင်း တပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်း တဦးချင်းနှင့် စစ်မှုထမ်း ဟောင်း အဖွဲ့တွေရဲ့ အစုရှယ်ယာ တန်ဖိုးဟာ စုစုပေါင်း ကျပ် ၁၆၀၈၄၀.၇၅၅ သန်း အထိ တိုးတက် လာခဲ့တယ်လို့ လည်း ဗိုလ်ချုပ်မြင့်နွယ် ပြောပါတယ်။
၁၉၅၀ ပြည့်နှစ် အထူး ကုမ္ပဏီများ အက်ဥပဒေအရ အထူးကုမ္ပဏီ အဖြစ် ဖွဲ့စည်းခွင့် ရရှိထားတဲ့ ဦးပိုင်ကို အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ မတက်ခင် ၂၀၁၆ ခုနှစ် မတ်လမှာ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ပြောင်းလဲ ခွင့်ပြုပေးခဲ့ပါတယ်။
ဦးပိုင် အပါအဝင် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေဟာ ၂၀၁၁ ခုနှစ် အရပ်သား အစိုးရတပိုင်း ဦးသိန်းစိန် အစိုးရ မတက်ခင် အထိ အခွန် မဆောင်ခဲ့ကြပါဘူး။ အခွန် မဆောင်ခဲ့သလို ဦးပိုင်က ပို့ကုန်၊ သွင်းကုန်တွေ လုပ်ရင်လည်း အခွန် မကောက်ပါဘူး။
အရင်တုန်းက ဦးပိုင်ဟာ တိုင်းပြည်ရဲ့ တန်ဖိုးကြီး စီမံကိန်း တချို့ကို ယှဉ်ပြိုင်စရာ မလိုဘဲ လုပ်ပိုင်ခွင့်ရတဲ့ အထူး အခွင့်အရေးမျိုးတွေလည်း ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီဘက်ပိုင်းမှာ ဦးပိုင်ဟာ လုပ်ငန်းတိုင်းအပေါ်မှာ အခွန်ဆောင်လာလို့ သူ့ရဲ့ လုပ်ငန်းတချို့ဟာဆိုရင် တိုင်းပြည်မှာ အခွန် ထမ်းဆောင်မှု အများဆုံးဆိုတဲ့ စာရင်းထဲအထိ ပါဝင်လာတာမျိုး တွေ့ရပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ် အခွန် ထမ်းဆောင်ခဲ့ကြသူများကို သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ဂုဏ်ပြုလက်မှတ် ပေးအပ်တဲ့ပွဲ တခု ကို ၂၀၁၉ ခုနှစ် ဇန်န ဝါရီလ အတွင်း နေပြည်တော်မှာ ကျင်းပခဲ့ရာ အခွန် အများဆုံး ထမ်းဆောင်သူ ၁၀ ဦး စာရင်းမှာ တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ မြဝတီ ထရိတ်ဒင်းတို့ ပါဝင်လာပြီး ယင်းအဖွဲ့အစည်းတွေရဲ့ကိုယ်စား ဦးပိုင် တာဝန်ရှိသူ တဦးက ဂုဏ်ပြုဆု လက်ခံရယူခဲ့တာကို တွေ့ရပါတယ်။
ဦးပိုင်ရဲ့ ရည်ရွယ်ချက်ကတော့ တပ်မိသားစုဝင် စစ်သည်တွေ သက်သာ ချောင်ချိရေး အတွက်လို့ ဆိုပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို တဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက် ဖြစ်စေ နှစ်စဉ် ပြန်ခွဲဝေပေးတယ်လို့ ဆိုပါတယ်။
အစုအဖွဲ့အလိုက် ခေါင်းစဉ်နဲ့ ရတဲ့ ဦးပိုင်ရဲ့ အမြတ်ငွေတွေဟာ တပ်သက်သာ ချောင်ချိရေး ရန်ပုံငွေတွေဆီကို ရောက် သွားတယ်လို့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။
တပ်တွေမှာ သာရေး၊ နာရေး၊ တပ်တွင်း အားကစားပြိုင်ပွဲတွေ လုပ်ရင် ဆုချီးမြှင့်ရတဲ့ ငွေတွေနဲ့ ကုန်ကျစရိတ်တွေ၊ နောက်ပြီး လူမှုရေး၊ ဘာသာရေး အရ ဝါဆိုသင်္ကန်း ကပ်တာမျိုးတွေကအစ ခရစ္စမတ်ပွဲတော် အဆုံး ကုန်ကျစရိတ် တွေ ဟာ တပ်သက်သာ ချောင်ချိရေး ရန်ပုံငွေကနေ သုံးရတယ်လို့ သိရပါတယ်။
တဦးချင်း အကျိုးအမြတ်ကတော့ စစ်သည်တွေ အရာရှိတွေ သူတို့ စုဆောင်းနိုင်သလောက် သူတို့ လစာထဲ ကနေ ဦးပိုင် အစုရှယ်ယာတွေကို ဝယ်ရတယ်၊ ဝယ်ထားပြီး ရလာတဲ့ အကျိုးအမြတ်ကို ဦးပိုင်က နှစ်တိုင်းမှာ ၃ ပုံ တပုံ အမြတ်ငွေ ပြန်ပေးတာ မျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဥပမာ ကျပ် တသိန်း ထည့်ထားတဲ့သူဆိုရင် နှစ်ကုန်ရင် ၃ သောင်း ရမှာပါ။ နှစ်တိုင်း ရမှာပါ။ ၁၀ သိန်းထည့်ထားရင် နှစ်ကုန်ရင် ၃ သိန်း ရမှာဖြစ်လို့ မြန်မာပြည်မှာ ဘာမှမလုပ်ရဘဲ အမြတ် ၃၀ ရာခိုင်နှုန်း ရတဲ့ စီးပွားရေး လုပ်ငန်းမျိုး တော်တော် ရှားတယ်လို့ ပြောရမှာပါ။
ပြီးတော့ အခု လတ်တလော ဖြစ်ပေါ်နေတဲ့ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကာကွယ်ရေးတွေ၊ တပ်မတော် ဆေးကုသရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ငွေတွေဟာလည်း နိုင်ငံတော် ဘတ်ဂျက်ကနေ ခေါင်းစဉ်တပ် တောင်း ထား တာ မရှိဘဲ တပ်မတော် ရဲ့ ရန်ပုံငွေတွေကနေပဲ ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သြဂုတ်လ ၅ ရက်နေ့က ကုလသမဂ္ဂ ထုတ်ပြန်ချက် ထွက်လာပြီး မကြာခင်မှာပဲ စစ်တက္ကသိုလ် အပတ်စဉ် ၄၇ ဆင်း ဗိုလ်မှူး သန်းထိုက်အောင် ဆိုသူဟာ ဦးပိုင်ကို ဝေဖန်တဲ့ စာတချို့ကို လူမှုကွန်ရက်မှာ ရေးခဲ့တာကြောင့် ထိန်းသိမ်းခံထား ရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
သူထောက်ပြတာကတော့ ဦးပိုင် ရှယ်ယာတွေကို မထည့်မနေရ ထည့်ခိုင်းတာ၊ အောက်ခြေ ရဲဘော်တွေမှာ ရှယ်ယာ ကို မပြည့် ပြည့်အောင် ထည့်နေရတာနဲ့ ထည့်ပြီးရင် ပြန်ထုတ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာမျိုး ရေးထားပါတယ်။
ပြီးတော့ ဦးပိုင်က လူကြီးတွေဟာ အိမ်၊ ခြံ၊ ကား၊ လစာ မနည်းမနော ရပေမယ့် စစ်သည်တွေမှာတော့ တီဗီဝယ်မယ့် သူ၊ မိန်းမအတွက် နားကပ် လုပ်ပေးမယ့် သူနဲ့ ကလေးကျောင်းစရိတ် ပေးရမယ့်သူ ဘဝချင်း မတူကြဘူးလို့လည်း ဆိုထား ပါတယ်။
အဲဒီကိစ္စကို စုံစမ်းကြည့်တဲ့အခါ ဗိုလ်မှူး သန်းထိုက်အောင်ဟာ ရာထူး တဆင့်တိုးဖို့အတွက် တပ်ရင်းမှူး သင်တန်း တက်နေတုန်းမှာ အခုလို ဝေဖန်လို့ ထိန်းသိမ်းခံထားရတာ ဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့သူ တယောက်က ဧရာဝတီကို ပြောပြပါတယ်။
တပ်မတော်သားတွေဟာ လူမှုကွန်ရက်ကို အသုံးပြုရင် စည်းကမ်း ၂၇ ချက် လိုက်နာရပြီး အဲဒီအထဲမှာ နိုင်ငံ အကြီး အကဲ၊ တပ်မတော် အကြီးအကဲကို စော်ကား ရေးသားတာမျိုး မလုပ်ဖို့၊ နောက်ပြီး တပ်တွင်း စည်းလုံးမှု ပြိုကွဲစေမယ့် အရေးအသားမျိုး မလုပ်ရဖို့ ဆိုတာမျိုး ရှိပြီး ဗိုလ်မှူး သန်းထိုက်အောင်က ဒုတိယ အချက်နဲ့ ငြိလို့ ထိန်းသိမ်းခံရတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော် ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးကြည်တဲ့အခါ အဲဒီ ဗိုလ်မှူး ထိန်းသိမ်း ခံရတဲ့ ဖြစ်စဉ်ကို သူမသိကြောင်း၊ သို့သော် လူမှုကွန်ရက်မှာ ရေးသား နေတာတွေကိုတော့ သူသိကြောင်း ပြောပါ တယ်။
“ကျနော် ပြောချင်တာကတော့ အတင်းအကျပ် ထည့်ခိုင်းတယ်ဆိုတဲ့ ဟာကတော့ မမှန်ပါဘူး။ ကျနော်တို့ လက်တွေ့ လည်း မြင်နေတာပဲ။ မထည့်တဲ့ စစ်သည်တွေလည်း ရှိတယ်။ ဦးပိုင်သည် အများပိုင် ကုမ္ပဏီ လီမိတက်ပဲ ဖြစ်တယ်။ ဒီ အစုရှယ်ယာတွေသည် တသက်လုံး ရောင်းလို့ မရဘူး ဆိုတာတွေလည်း မမှန်ပါဘူး”လို့ သူက ရှင်းပြပါတယ်။
ပြီးတော့ ဦးပိုင်ကို ရှယ်ယာတွေ “မထည့်မနေရ”ဆိုတဲ့ ကန့်သတ်ချက် မရှိသလို “ထည့်ချင်သလောက်တောင်” ထည့် လို့ မရဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါသေးတယ်။
ရှယ်ယာဝင်တဲ့ အခါမှာ အကုန်လုံး မျှမျှတတ ဖြစ်နိုင်ဖို့ အတွက် ကန့်သတ်ချက်တွေ ရှိပြီး စစ်သည် တဦးဆိုရင် ဘယ်လောက် ထည့်ဝင်သင့်တယ်၊ ဗိုလ်ကြီး တယောက်ဆိုရင် ဘယ်လောက် ထည့်ဝင်သင့်တယ် ဆိုတဲ့ ကန့်သတ် ချက်မျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘောဇ (KBZ) ဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်ကတော့ တပ်မတော်က စီးပွားရေးလုပ်တယ် ဆိုတာ နိုင်ငံတကာမှာ ရှိသလို အိမ်နီးချင်း ထိုင်းမှာလည်း ရှိတယ် ဆိုပေမယ့် တခြားနိုင်ငံက တပ်မတော်တွေ ဘယ်လို စီးပွားရေးလုပ်သလဲ ဆိုတာနဲ့ အခွင့်အရေး ပိုယူတာမျိုး ရှိ၊ မရှိ ဆိုတာ လေ့လာသင့်တယ်လို့ ပြောပါတယ်။
“အခွင့်အရေး တရပ်အနေနဲ့တော့ မယူနဲ့။ အရင် တုန်းက လက်ပံတောင်းတောင်တို့ ဘာတို့ဆိုရင် ဒါတွေအကုန်လုံးက အခွင့်အရေး ယူထားတာကိုး။ အဲဒါတွေက အင်မတန် သက်သာတဲ့ ဈေးနဲ့ ယူထားတာ။ အဲဒီလိုတော့ မလုပ်နဲ့ပေါ့”လို့ သူက ဆိုပါတယ်။
ဦးသန်းလွင်က ဆက်လက်ပြီး“ဘယ်သူနဲ့ ဖြစ်ဖြစ် ကိုယ်က ယှဉ်ပြိုင်ပြီးတော့မှ ရပ်တည်ပေါ့ဗျာ။ ပြီးတော့လည်း ထိုက် သင့်တဲ့ အခွန်တွေ ဆောင်ပေါ့။ ဘာပဲပြောပြော စီးပွားရေး လုပ်တယ်ဆိုရင်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ လည်း ရလာအောင် ရဲဘော်တွေကိုပဲ ခန့်တာမျိုး မလုပ်ဘဲနဲ့ အရပ်သားတွေကိုလည်း ခန့်ပေါ့ဗျာ”လို့ ပြောဆိုပါတယ်။
တိုင်းပြည် စီးပွားရေး တိုးတက်ဖို့ အတွက် တပ်မတော်က စီးပွားရေး လုပ်သင့်၊ မလုပ်သင့် ဆိုတဲ့အပေါ်မှာတော့ သဘောထား မှတ်ချက် မပေးလိုဘဲ ဒီကိစ္စက မူဝါဒဆိုင်ရာ ကိစ္စတခု ဖြစ်ပြီး အစိုးရကိုယ်တိုင် ကိုင်တွယ်ရမှာ ဖြစ်တယ် လို့ ဦးသန်းလွင်က ပြောပါတယ်။
“တပ်မတော်က စီးပွားရေး ဆက်လုပ်မယ်ဆိုရင် တခြား နိုင်ငံတွေလို ဒီမိုကရေစီ နိုင်ငံ ဖြစ်လာပြီဆိုရင် ပွင့်ပွင့် လင်းလင်း ဖြစ်ရမယ်။ မျှတရမယ်။ ပြိုင်ဆိုင်မှုပိုင်းမှာ အသာစီး ယူတာမျိုးတွေ မလုပ်သင့်ဘူး။ အထူးအခွင့်အရေး မယူဖို့ကတော့ အရေးကြီးဆုံးပဲ”လို့လည်း သူက ပြောဆိုပါတယ်။
တိုးတက်တဲ့ နိုင်ငံတွေမှာ တပ်မတော်လည်း စီးပွားရေး မလုပ်သလို အစိုးရကလည်း စီးပွားရေး မလုပ်ကြောင်း၊ မြန်မာ ပြည်မှာတော့ အစိုးရကိုယ်တိုင်က ဈေးကွက်စီးပွားရေး စနစ်နဲ့ ဆန့်ကျင်ပြီး စီးပွားရေး ဝင်လုပ်နေလို့ တပ်မတော်ကို လည်း စီးပွားရေး မလုပ်ပါနဲ့လို့ ပြောမရကြောင်း၊ အဲဒီလို ပြောနိုင်ဖို့အတွက် ဆိုရင် တပ်မတော်ကို ငွေကြေး လုံလောက် အောင် ထောက်ပံ့ပေးဖို့ လိုလာမှာ ဖြစ်ကြောင်း NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ တပ်မတော်ကို ကိုယ်ပိုင်စီးပွားရေး မလုပ်ဖို့ ဝေဖန်ဆွေးနွေးတာမျိုး လုပ်တဲ့အခါ ဥပမာ အားဖြင့် တပ်မတော်ကို လယ်တွေ မစိုက်ခိုင်းရင် တပ်ရိက္ခာအတွက် ဘီလီယံ ၇၀ ကျော်ကို ပြည်သူ့ဘဏ္ဍာထဲက ပေး ရမယ် ဆိုတာမျိုး ပြန်လည် ဆွေးနွေးလာတဲ့အခါ အစိုးရမှာ ပေးစရာ ပိုက်ဆံမရှိဘူးလို့ သူက ရှင်းပြပါတယ်။
“တကယ်လို့သာ အခုချိန်မှာ တပ်မတော်ရဲ့ လုပ်ငန်းတွေကို ဒီမိုကရေစီနိုင်ငံတွေမှာ နည်းတူ ရပ်လိုက်မယ်ဆိုရင် တပ်မတော်ဘက် ကလည်း ဘတ်ဂျက်တွေကို လွှတ်တော်မှာ ပိုပြီးတော့ တောင်းလာနိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ အခက်အခဲက အဲဒါ ဖြစ်နေတာ”လို့ ပြည်သူ့လွှတ်တော် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကော်မတီဝင်ဟောင်းလည်း ဖြစ် တဲ့ ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ တိုင်းရင်းသား အဖွဲ့များအပေါ် ရက်ရက်စက်စက် စစ်ဆင်ရေးများကို မြန်မာ့ တပ်မတော် က အရပ်ဘက် အစိုးရရဲ့ ကြီးကြပ်မှုအောက်ကနေ လွတ်ပြီး တာဝန်ခံမှုကို ရှောင်ကာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါ သေးတယ်။
အဲဒီလိုကျူးလွန်မှုတွေ ပြုလုပ်နိုင်ဖို့ တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ပြည်ပကုမ္ပဏီတွေနဲ့ လက်နက်ရောင်းချ ဖို့ သဘော တူညီချက်တွေကို မည်သည့် အတိုင်းအတာအထိ အသုံးပြုခဲ့တယ်ဆိုတာကို အစီရင်ခံစာက အသေးစိတ် အချက်အလက်တွေနဲ့ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
“(ဦးပိုင်က ရတဲ့ ငွေနဲ့) လက်နက် ဝယ်တယ်ဆိုတာတော့ ကျနော်တို့လည်း ကြားတယ်။ နိုင်ငံပိုင်ထဲကနေ မဟုတ်ဘဲနဲ့ တပ်မတော်က နေရတဲ့ ပိုက်ဆံတွေနဲ့ ဝယ်တယ်ပေါ့။ တနည်းအားဖြင့်ဆိုရင် ကာကွယ်ရေး ပစ္စည်းတွေ ဝယ်တယ်ပေါ့ နော်။ တကယ်လို့သာ ကျနော်တို့ ဒီဘက်ပိုင်းက လွှတ်တော်ပိုင်းက နေပြီးတော့ ထောက်ပံ့ပေးနိုင်တယ် ဆိုရင်တော့ ဒီ အသုံးစရိတ်တွေက လွှတ်တော်က တဆင့်သွားမှာ”လို့ လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ တခု သတိထားသင့်တာက နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေအရ ဖြစ်စေ၊ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ ဖြစ်စေ တပ်မတော် အပါအဝင် မည်သည့် အဖွဲ့အစည်းမဆို ဝင်ငွေ ရပေါက် ရလမ်းကို မဖော်ပြဘဲထားလို့ မရကြောင်း၊ အသုံးစရိတ်တွေကိုလည်း ပြန်လည် ကြေညာပေးရမှာ ဖြစ်ကြောင်း သိရပါတယ်။
ငွေကြေးခဝါချတယ် ဆိုတာက မူးယစ်ဆေးဝါးက ရတဲ့ငွေတွေကို ငွေဖြူဖြစ်အောင် ပြန်လုပ်တာ တခုတည်းကို ငွေကြေး ခဝါချတယ်လို့ ပြောတာ မဟုတ်ဘဲ ကိုယ့်ရဲ့လုပ်ငန်းမှာ ရှိတဲ့ အမြတ်တွေကို ဘယ်လို သုံးတယ်၊ ဘယ်လုပ် ငန်း တွေမှာ သုံးတယ်ဆိုတာ မဖော်ပြရင်လည်း ငွေကြေး ခဝါချတဲ့အထဲမှာ အကျုံးဝင်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂက အဓိက ထောက်ပြချင်တာလည်း အဲဒီတချက်ဖြစ်ပြီး မြန်မာ့ တပ်မတော်အနေနဲ့ ပွင့်လင်းမြင်သာမှု မရှိ တာ၊ ငွေရေး ကြေးရေး သုံးစွဲတဲ့နေရာတွေမှာ ဘယ်လို သုံးတယ်ဆိုတာ မသိရတာတွေ ရှိတဲ့အတွက် ပိုပြီးတော့ သံသယ တွေ တိုးပွားစေတယ်လို့ အာဏာရ NLD ပါတီရဲ့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။
“အဲဒါတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ်မှာ သံသယ ကြီးထွားလာတယ်။ အဲဒါကို ထောက်ပြကြ တယ်။ ပွင့်လင်း မြင်သာမှု မရှိတဲ့အခါကျတော့ တပ်မတော်ဟာ အရပ်သားအစိုးရရဲ့ အမိန့်ကို မနာခံဘဲ တဦး တယောက်တည်း ဆောင်ရွက်နေသလား ဆိုတာက ပိုပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်”လို့လည်း သူက ထောက်ပြ ပါတယ်။
တပ်မတော် အစိုးရလက်ထက်မှာ ဦးပိုင်နဲ့ စီးပွားရေး တွဲလုပ်ဖူးတဲ့ ရန်ကုန်မြို့က လုပ်ငန်းရှင်တဦးက ဦးပိုင်ကို စတင် တည်ထောင်စဉ်က တပ်မတော်အတွက် မဟုတ်ဘဲ တပ်မတော်သား၊ မိသားစုဝင်တွေနဲ့ အငြိမ်းစားတွေ အတွက် ဖြစ် ပေမယ့် အခုနောက်ပိုင်းမှာတော့ တပ်မတော်ရဲ့ အသုံးစရိတ်တွေ အတွက်ပါ ရှာပေးဖို့ စဉ်းစားသွားသလား ဆိုတာ မရှင်းဘူးလို့ ပြောပါတယ်။
တပ်မတော် အစိုးရလက်ထက် စီးပွားရေး ပိတ်ဆို့ခံနေရချိန်မှာ နိုင်ငံခြားကို တင်ပို့မယ့် ပို့ကုန်တွေကို စစ်အစိုးရက ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတဲ့အခါ တချို့ လုပ်ငန်းရှင်တွေဟာ ဦးပိုင်နဲ့ ပေါင်းပြီး အခွန် ၁၀ ရာခိုင်နှုန်းလွတ်အောင် ဆောင်ရွက် ခဲ့ရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
အဲဒီခေတ် ကာလမှာ ဦးပိုင်နဲ့ ပေါင်းပြီး စီးပွားရှာကြတဲ့ လုပ်ငန်းရှင်တွေ အများကြီး ရှိခဲ့ပါတယ်။
“ဦးပိုင်နဲ့လုပ်ရင် အခွန်မပေးရဘူး။ အဲဒီတော့ ဦးပိုင်နဲ့ ညှိလိုက်ရင် ဦးပိုင်က ၅ ရာခိုင်နှုန်းပဲယူ ဆိုပြီး လုပ်လိုက်တော့ အခွန် သက်သာသွားတယ်။ ဦးပိုင်က ၁၀ ရာခိုင်နှုန်း အခွန် မဆောင်တဲ့အပြင် အမြတ်ခွန်လည်း မပေးရဘူး”လို့ အထက်ပါ လုပ်ငန်းရှင်က ပြောပါတယ်။
ဦးပိုင် နဲ့ MEC တို့ဟာ ဆောက်လုပ်ရေး၊ ဆေးဝါး၊ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအဝင် ကဏ္ဍမျိုးစုံမှာ စီးပွားရေး လုပ်ငန်းပေါင်း ၁၂၀ ကျော် ပိုင်ဆိုင်ထားတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေအရ ၎င်းတို့မှာ ကုန်သွယ်မှု လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းနဲ့ ထုတ်လုပ်မှု လုပ်ငန်း ဌာနများရှိပြီး ဖွဲ့စည်းထားသည့် ကုမ္ပဏီလုပ်ငန်း ၄၈ ခု ရှိကြောင်း၊ အဓိက ထုတ်ကုန် ပစ္စည်းများမှာ မော်တော်ယာဉ်၊ အိမ်မိုးသွပ်ပြား၊ ဘိလပ်မြေ၊ LED မီးသီး၊ လျှပ်စစ်၊ ဆပ်ပြာ၊ ရှပ်အင်္ကျ ီ၊ ရာဘာ၊ ပလတ်စတစ် လူသုံးကုန်ပစ္စည်း၊ စီးကရက်၊ ဘီယာ၊ သကြား၊ ငါး၊ ပုစွန် တို့ ဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် မြန်မာ့ တပ်မတော်နဲ့ စီးပွားရေးအရ ဖက်စပ်လုပ်ကိုင်နေတဲ့ ပြည်ပကုမ္ပဏီပေါင်း ၁၅ ခု၊ ဆက်ဆံ လုပ်ကိုင်နေ တဲ့ ပြည်ပ ကုမ္ပဏီပေါင်း ၄၄ ခုအထိ ရှိကြောင်း၊ ၎င်းတို့ဟာ တပ်မတော်ကို ငွေကြေးထောက်ပံ့ပေးရာ ရောက်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
အခုနောက်ပိုင်းမှာတော့ ဆက်သွယ်ရေး လုပ်ငန်းတွေအထိ တပ်မတော်က ခြေဆန့်လာပြီး စတုတ္ထမြောက် ဆက်သွယ် ရေး အော်ပရေတာဖြစ်တဲ့ မိုင်တယ် (Mytel) ဟာ ပြည်တွင်း ပိုင်ဆိုင်မှု အချိုးမှာ တပ်မတော်က ၂၈ ရာခိုင်နှုန်းနဲ့ အများ ဆုံး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
“ကျနော် သိသလောက်တော့ ဖက်စပ်လုပ်တဲ့ လုပ်ငန်းတွေ ရှိတယ်။ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ စီးပွား ရေး ကော်ပိုရေးရှင်း တို့က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ မြန်မာ စီးပွားရေး ကော်ပရေးရှင်း အောက်မှာ စက်ရုံ တွေ ရှိတယ်။ အားလုံးက တရားဝင် ထူထောင်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေပါပဲ။ တရားဝင် အခွန်ဆောင် ထားတဲ့ လုပ်ငန်းတွေလည်း ဖြစ်တယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အမှန်တကယ်ဆို ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ တိုင်းပြည်တခုမှာ တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တခုတည်းသာ ဖြစ်သင့်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ဟာ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးတွေမှာ တရားဝင် ပါဝင်ခွင့် ရရှိထားသလို စီးပွားရေးမှာလည်း လုပ်ပိုင်ခွင့် များစွာ ရရှိထားပြီး အခွင့်ထူးခံ ဖြစ်နေဆဲလို့ သုံးသပ်နေကြတုန်းပဲ ဖြစ်ပါတယ်။ ။
ဆက်စပ်ဖတ်ရှုရန်
တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူရန် ကုလသမဂ္ဂ တိုက်တွန်း
တပ်မတော်ရဲ့ နောက်ဆုံးခံစစ်စည်းကို NLD ကျော်လွှားနိုင်မလား