အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရေး တပ်မတော်၏ အဓိက ခံစစ်စည်း ၃ ခုကို မြန်မာ့အရေးကို အထူးပြုသော နိုင်ငံရေးသုတေသီ အစ်ဂေါ ဗလာဇီဗစ်က ဖော်ပြခဲ့သည်။
တပ်မတော်၏ ပထမ သို့မဟုတ် ရှေ့တန်းခံစစ်စည်းတွင် နိုင်ငံရေးပါတီများ၊ အမျိုးသားရေးဝါဒီများ၊ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ (BGF) တို့ ပါဝင်သည်။ ဒုတိယ သို့မဟုတ် အလယ်တန်း ခံစစ်စည်းတွင် တပ်၏ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် ခရိုနီများ ပါဝင်သည်။ နောက်ဆုံးခံစစ်စည်းသည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အာဏာရလာသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် သူမ၏ မဲဆွယ်ကတိဖြစ်ပြီး ပါတီ၏ ဦးစားပေးလုပ်ငန်းလည်းဖြစ်သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ကျမတို့အစိုးရရဲ့ ရည်မှန်းချက်ပန်းတိုင်တွေထဲက တခုဖြစ်ပါတယ်” ဟု သြဂုတ်လက စင်္ကာပူတွင်ကျင်းပသည့် ညီလာခံတခုတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားပြီး ထိုဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုသည်။
NLD ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် မူကြမ်းများ ရေးဆွဲရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီကို ဖေဖေါ်ဝါရီလက ဖွဲ့စည်းခဲ့သည်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် အပါအဝင် လူထောင်ပေါင်းများစွာတို့က နိုင်ငံတဝန်းတွင် ထိုအားထုတ်မှုကို စုရုံး ထောက်ခံကြသည်။
ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ၎င်းတို့၏ မဟာမိတ်များ ရင်နေရသည့် သေရေး၊ ရှင်ရေးမေးခွန်းဖြစ်နိုင်သော အရေးပါသော မေးခွန်းမှာ “၎င်းတို့သည့် တပ်မတော်၏ ခံစစ်စည်းများကို မည်သည့်အတိုင်းအတာအထိ လှုပ်ခါလိုသနည်း” ဟူသော မေးခွန်းပင်ဖြစ်သည်။ အဓိက ကျသောအချက်မှာ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်ဆုံးခံစစ်စည်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ရှေ့တန်းခံစစ်စည်း
ရှေ့တန်းခံစစ်စည်းတွင် နိုင်ငံရေးပါတီများ၊ အမျိုးသားရေးဝါဒီများ၊ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ ပါဝင်သည်။ ထို ရှေ့တန်းခံစစ်စည်းတွင် နိုင်ငံရေးပါတီ အများအပြားပါနိုင်သော်လည်း စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် အမြင်သာဆုံးဖြစ်သည်။ ဗိုလ်ချုပ်စိုးမောင်အပါဝင် ဗိုလ်ချုပ်ဟောင်းများသည် မကြာသေးမီက အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ အခြားသော လက်ဝေခံပါတီများနှင့် USDP နှင့် လက်တွဲသော တိုင်းရင်းသားပါတီများလည်း ရှိနိုင်သေးသည်။
အမျိုးသားရေးဝါဒီများတွင် စစ်မှုထမ်းဟောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့၊ တပ်မတော် မိသားစုများနှင့် ဗမာအချို့လည်း ပါဝင်သည်။ တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲသော ကုလသမဂ္ဂကို ဆန့်ကျင်ရန် တပ်မတော်ကိုထောက်ခံသော ဆန္ဒထုတ်ဖေါ်ပွဲများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် တပ်မတော်၏ ထိုးစစ်ကို ထောက်ခံပွဲများကို ၎င်းတို့ လုပ်ကြသည်။ ထင်ရှားသော ဗုဒ္ဓဘာသာ ဆရာတော် ဦးဝီရသူသည် ဖေဖေါ်ဝါရီလက ထောင်ချီသော အမျိုးသားရေးဝါဒီများကို ဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များသည် တပ်မတော်အမြဲသုံးနေသည့် ကိရိယာဖြစ်သည်။ ဥပမာဆိုရပါက တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်တို့သည် ၂၀၁၈ ခုနှစ် ဇွန်လက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကနလို ကျေးရွာအနီးမှ မွန်ပြည်သစ်ပါတီ၏ စခန်းတခုကို ဝင်ရောက်ရှင်းလင်းခဲ့သည်။ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များသည် တပ်မတော်၏ အကာအကွယ်ကို ရရှိနေသမျှကာလပတ်လုံး တပ်မတော်နှင့်အတူ ရပ်တည်မည်ဖြစ်သည်။ ပြည်သူ့စစ်မှ USDP အထိ ထိုအုပ်စု အားလုံးသည် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါသော အခန်းမှပါဝင်ကြပြီး ပြုပြင်ပြောင်းလဲရေးသည် ၎င်းတို့၏ အကျိုးစီးပွားကို ထိပါးပါက ပြုပြင်ပြောင်းလဲရေးကို ဟန့်တားနိုင်သည့် သဘောရှိသည်။ ဥပမာဆိုရပါက USDP သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကော်မတီကို ဖျက်သိမ်းရန် မတ်လ ၁၃ ရက်နေ့က တောင်းဆိုခဲ့သည်။
အလယ် ခံစစ်စည်း
အလယ်ခံစစ်စည်းတွင် တပ်မတော် သို့မဟုတ် တပ်မတော်အရာရှိများနှင့် ခရိုနီများပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးများ ပါဝင်သည်။ တပ်မတော်သည် ၎င်း၏ အကျိုးစီးပွားအတွက် ယခု အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းခဲ့သော ယခင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် (UMEHL) နှင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို တည်ထောင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဦးပိုင် UMEHL သည် အများပိုင် Myanma Economic Holdings Public Company Limited – MEHPCL လုပ်ခဲ့ပြီး (က) အဆင့် ရှယ်ယာများကိုမူ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက ပိုင်ဆိုင်နေဆဲဖြစ်ပုံရသည်။ (ခ) အဆင့် ရှယ်ယာရှင်များတွင် တပ်မတော်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲဝင်ဟောင်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အရပ်သား စီးပွားရေးသမားများ ပါဝင်နိုင်သည်။
MEC ကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး ဆိပ်ကမ်းများမှ ဆက်သွယ်ရေးလုပ်ငန်းအထိ အရေးပါသော ကဏ္ဍများကို စီမံဆောင်ရွက်နေသည်။ ထိုလုပ်ငန်းသည် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်း အများအပြားကို ထိန်းချုပ်ထားပြီး ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများလည်း လက်မှတ်ရေးထိုးထားသည်။
စီးပွားရေးလောကမှ ခရိုနီများသည်လည်း တပ်မတော်၏ ခံစစ်စည်းတွင် ပါဝင်သည်။ ၎င်းတို့သည် တပ်မတော်အရာရှိများနှင့် နိုင်ငံရေးလောကမှ အထက်လွှာများနှင့် ပုဂ္ဂိုလ်ရေး၊ စီးပွားရေး အဆက်အသွယ်ရှိကြသည်။ အချို့သည် သားသမီးခြင်း ထိမ်းမြားပေးခြင်းဖြင့်ပင် ထိပ်တန်းဗိုလ်ချုပ်များနှင့် ရင်းနှီးသော အဆက်အသွယ်ရှိကြသည်။
နောက်ဆုံး ခံစစ်စည်း
တပ်မတော်၏ နောက်ဆုံး ခံစစ်စည်း သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တပ်မတော်၏အာဏာ သက်တမ်းရှည်ရေး ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသည်။
ဥပဒေ အကာအကွယ်များစွာဖြင့် ဖွဲစည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို နိုင်ငံရေးအာဏာနှင့် ဗီတိုအာဏာကို ပေးအပ်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို နိုင်ငံတော်၏ အမျိုးသားခေါင်းဆောင်မှုကို ုပေးအပ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကကာကွယ်သူအဖြစ် သတ်မှတ်ထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသားအဆင့်နှင့် ဒေသအဆင့် လွှတ်တော်များတွင် တပ်မတော်သာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအထိပေးထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) သည် အာဏာအမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး အဓိကပြဿနာတိုင်းတွင် နောက်ဆုံးအဆုံးအဖြတ်ပေးမည့် အဖွဲ့လည်း ဖြစ်သည်။ ထိုကောင်စီတွင် တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပထမ ဒုတိယ သမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ပါဝင်ပြီး အရပ်သား အစိုးရဖက်မှ သမ္မတ၊ ဒုတိယ ဒုတိယ သမ္မတ၊လွှတ်တော် ဥက္ကဌများနှင့် နိုင်ငံခြားရေးဝန်းကြီးတို့ပါဝင်သည်။ အဖွဲ့ဝင် ၁၁ ဦး ရှိသည့်အနက် တပ်မတော်က ၆ ဦးပါဝင်သည်။
ထို့အပြင် သြဇာကြီးမားသည့် ဝန်ကြီးဌာနကြီး ၃ ခုဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီဌာနတို့ကို တပ်မတော်က ထိန်းချုပ်ထားသည်။ ထို ဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီချုပ်က တိုက်ရိုက်ခန့်သည်။ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ကိုင်တပ်များကို ထိန်းချုပ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ကုန်သွယ်ရေးအပါအဝင် နယ်စပ်ဒေသများကို ထိန်းချုပ်ထားသည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားသည်။
အထိမခံနိုင်သည်ကို ထိခြင်း
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည် တပ်မတော်က အထိမခံနိုင်သည်ကို ထိလိုက်ခြင်းပင်ဖြစ်သည်။ NLD သည် ပုဒ်မပေါင်း ၁၆၀ ကျော်ပြင်လိုသည်ဟု ယူဆရသော်လည်း ဖွဲစည်းပုံအခြေခံဥပဒေကို အနှစ်သာရပျက်သည်အထိမပြင်ရန် တပ်မတော်က သတိပေးနေသည်။
ပုဒ်မ (၂၀) (စ) အရ တပ်မတော်၏ အခြေခံတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ကာကွယ်သူအနေဖြင့် တပ်မတော်သည် နောက်ဆုံးအဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထို့ကြောင့်ပင် တပ်မတော်သည် အာဏာဆက်လက် ချုပ်ကိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နောက်ဆုံးခံစစ်စည်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
တပ်မတော်၏ ပထမနှင့် ဒုတိယ ခံစစ်စည်းများကို ထိနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် နောက်ဆုံးခံစစ်စည်းကို မည်မျှ လှုပ်ခါနိုင်မည် မနိုင်မည်ကို အချိန်ကသာ အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ပေသည်။
(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေး ဝေဖန်သုံးသပ်သူတဦး ဖြစ်သည်။ သူ၏ Can the NLD Overcome the Military’s Last Line of Defense? ကို ဘာသာပြန်ဆိုသည်။)