ဆောင်းပါး

တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို

Want create site? Find Free WordPress Themes and plugins.

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်အပတ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သတင်းများက ဆိုသည်။ ထိုခရီးစဉ်သည် အိန္ဒိယ သမုဒ္ဒရာတွင် တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်များအတွက် မြန်မာနိုင်ငံ၏ အရေးပါမှုကို သတင်းပေးရန်နှင့် ရှီ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ကို မြန်မာခေါင်းဆောင်များအကြား ထောက်ခံမှု ရရှိရေးအတွက် လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ထိုအစီအစဉ်၏ အဓိကကျသော စီမံကိန်းအချို့ကို အိမ်ရှင်အဖြစ်လက်ခံရန် သဘောတူထားသည်။

ရှီသည် တရုတ်နိုင်ငံတောင်ပိုင်း အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံသို့ ဆယ်စုနှစ် နှစ်ခုအတွင်း လာရောက်လည်ပတ်သည့် ပထမဆုံး တရုတ် သမ္မတဖြစ်လာမည် ဖြစ်သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ကို ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားရာ ရှီ၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးရန် ဒီဇင်ဘာလ အစောပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အစိုးရသတင်းရင်းမြစ်များ၏ အဆိုအရ ရှီသည် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်သို့ ဇန်နဝါရီလ ၁၇-၁၈ ရက်များအတွင်း သွားရောက် လည်ပတ်မည်ဖြစ်သည်။ သူ၏ ခရီးစဉ်တွင် နှစ်နိုင်ငံတို့သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့်ပတ်သက်သည့် သဘောတူညီချက်နှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်များ၊ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းများ၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ လူမှုနှင့် စီးပွားတိုးတက်ရေး အကူအညီများနှင့် ပတ်သက်သော သဘောတူညီမှုများကို လက်မှတ်ရေးထိုးမည်ဟု မြန်မာအစိုးရ သတင်းရင်းမြစ်များက ဆိုသည်။

ရှီသည် မြန်မာနိုင်ငံသို့ မကြာမီလာရောက်လည်ပတ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်က မီဒီယာများကို ဗုဒ္ဓဟူးနေ့ကပြောသည်။ သူ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်တခု ချုပ်ဆိုမည်ဖြစ်ပြီး ထိုသဘောတူညီချက်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်ဟု သူက ပြောသည်။

“ဒီစာချုပ်က နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်ပေးပါလိမ့်မယ်” ဟု သူက ပြောသည်။

ယခုခရီးစဉ်သည် ရှီ၏ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်သည်။ သူသည် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ ဒုတိယ သမ္မတအဖြစ် လာရောက်ခဲ့ဖူးသည်။ ထိုခရီးစဉ်အတွင်း မြန်မာနှင့် တရုတ်နိုင်ငံတို့သည် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့နှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးသည်။ သို့သော် ကျောက်ဖြူစီမံကိန်းသည် ရှယ်ယာ အချိုးအစားအပေါ် သဘောထားကွဲလွဲမှုကြောင့် တုန့်ဆိုင်းသွားခဲ့သည်။

ယခုခရီးစဉ်အတွင်း တရုတ်သမ္မတသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများ (CMEC) အကောင်အထည်ဖော်ရေးအတွက် အရှိန်မြှင့်ရန် မြန်မာနိုင်ငံကို တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း မြန်မာသေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန (ISP) မှ တရုတ်နိုင်ငံဆိုင်ရာ ဌာန အကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် CMEC နှင့်ပတ်သက်သည့် အချက် ၁၅ ချက်ပါ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး BRI သို့ဝင်ရောက်ခဲ့သည်။ အပြန်အလှန်ဆက်သွယ်နေသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံမျာကို အသုံးပြုပြီး ကီလိုမီတာ ၁၇၀၀ ရှိသော CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ ရှမ်းပြည်နယ် မူဆယ်မြို့နယ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးကို ဖြတ်သန်းကာ ရန်ကုန်နှင့် အနောက်ပိုင်း ခရိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ လမ်းခွဲဆက်သွယ်မည်ဖြစ်သည်။

BRI သည် ရှီ၏ သင်္ကေတ နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ကြေညာခဲ့ပြီး ပိုးလမ်း စီးပွားရေး ရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းဟုလည်း လူသိများကြသည်။ ထိုစီမံကိန်းသည် လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းများကို တရုတ်မှ ဥရောပအထိ ဗဟိုအာရှ အရှေ့အလယ်ပိုင်းနှင့် ရုရှားကို ဖြတ်ကာ နိုင်ငံပေါင်း အနည်းဆုံး ၇၀ တွင် တည်ဆောက်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်မည့် စီမံကိန်းဖြစ်သည်။

မြန်မာအစိုးရ၏ အစီအစဉ်အရ တရုတ်နိုင်ငံသည် CMEC အရ မြန်မာနိုင်ငံတွင် စီမံကိန်း ၃၈ ခု အကောင်အထည် ဖော်ရန် အဆိုပြုထားသည်။ သို့သော် မြန်မာနိုင်ငံက လွန်ခဲ့သော နှစ်ဧပြီလက ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယ အကြိမ် BRI ညီလာခံတွင် စီမံကိန်း ၉ ခုကိုသာ အတည်ပြုခဲ့သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံသည် စီမံကိန်း ၃ ခုကိုသာ လူသိရှင်ကြားကြေညာသေးသည်။ ထို စီမံကိန်းများမှာ ကချင်နှင့် ရှမ်းပြည်နယ်များတွင် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်စီမံကိန်း ၃ ခု တည်ထောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် မူဆယ်-မန္တလေး ရထားလမ်းတို့ဖြစ်သည်။

“ချမှတ်ထားတဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မူဆယ်-မန္တလေးရထားလမ်းနဲ့ ဧရာဝတီ စီးပွားရေး ရပ်ဝန်းတို့ဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေး သေနင်္ဂဗျူဟာကို အသက်သွင်းထားတဲ့သဘောဖြစ်ကြောင်း ပြသနေတယ်။ အထူးသဖြင့်တော့ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရမယ့် လမ်းကြောင်းစီမံကိန်းတွေပေါ့” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

“ရှီရဲ့ခရီးစဉ်ဟာ တရုတ်နိုင်ငံ အနေနဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိရေး အောင်မြင်ရေးရည်မှန်းချက်နဲ့ ကိုက်ညီနေလိမ့်မယ်။ ဒါကြောင့်မို့လို့ BRI စီမံကိန်းတွေ အတွက် မြန်မာနိုင်ငံရဲ့ အလေးအနက် ကတိကဝတ်ကို တရုတ်နိုင်ငံက လိုချင်နေတာပါ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် တောင်နှင့်တောင်အာရှအကြားနှင့် အိန္ဒိယ သမုဒ္ဒရာနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အကြားတွင် တည်ရှိပြီး BRI တွင် ထူးခြားသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် ရှယ်ယာအချိုးအစားကို ပြန်လည် ညှိပြီးနောက် CMEC ၏ အဓိက စီမံကိန်းဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ရပြီး အိန္ဒိယသမုဒ္ဒရာကို တရုတ်နိုင်ငံက တိုက်ရိုက်အသုံးပြုခွင့် ရမည်ဖြစ်ကာ ၎င်း၏ ရေနံသွင်းကုန်များကို မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ တင်သွင်းနိုင်မည်ဖြစ်သည်။

တည်ဆောက်ရေး လုပ်ဆောင်သော လုပ်ငန်းဖြစ်သည့် China International Trust and Investment Corporation (CITIC) သည် အထူးစီးပွားရေးဇုန်နှင့် မသက်ဆိုင်သော ထိုဆိပ်ကမ်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ထိခိုက်မှုများကို လေ့လာရန်နှင့် ပထဝီ ဆိုင်ရာ စစ်တမ်းပြုလုပ်ရေးအတွက် လေ့လာရန် ကနေဒါလုပ်ငန်းဖြစ်သော HATCH ကို ဇူလိုင်လတွင် ငှားရမ်းခဲ့သည်။ သို့သော် တည်ဆောက်သူများသည် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဥပဒေကို လိုက်နာခြင်းရှိမရှိနှင့် ပတ်သက်ပြီး ဥပဒေလေ့လာသူများက ဝေဖန်ကြသည်။ ထိုဥပဒေအရ မည်သည့်စီမံကိန်းကြီးမဆိုသည် လုပ်ငန်းခွင်တခုလုံးအရ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အကဲဖြတ်ချက်ပြုလုပ်ရန် လိုအပ်သည်။ ထိုဝေဖန်မှုများကို CITIC က တုန့်ပြန်ခြင်းမရှိခဲ့ပေ။

တရုတ် နိုင်ငံပိုင် လုပ်ငန်းတခုက ကူမင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာများ ဖြစ်သည့် မူဆယ်၊ မန္တလေးကို ဆက်သွယ်သည့် အဆိုပြုရထားလမ်းအတွက် ဖြစ်နိုင်ခြေစမ်းသပ်ခြင်းကို ဆောင်ရွက်သည်။ ထိုလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်ခြင်းကို ဆောင်ရွက်ရန် ပြည်တွင်းလုပ်ငန်းတခုကို ငှားရမ်းသည်။ သို့သော်လည်း ရထားလမ်း၏ သက်ရောက်မှုနှင့်ပတ်သက်ပြီး ဒေသခံများကို အပြည့်အ၀ တိုင်ပင်ဆွေးနွေးခြင်းမရှိကြောင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ပြောသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအကျပ်အတည်းကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အေးစက်နေချိန်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံဖက်သို့ ယိမ်းနေသည်ကို လေ့လာစောင့်ကြည့်သူ အများအပြားက ဝေဖန်ကြသည်။

နိုင်ငံတကာအသိုင်းအဝန်းမှ ပြင်းထန်သော ဖိအားများအကြားတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကျပ်အတည်းတွင် မြန်မာနိုင်ငံကို ထောက်ခံကြောင်းပြသသည်။ နှစ်နိုင်ငံဆက်ဆံရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တာဝန်ယူချိန်တွင် ပိုမို မြင့်မားလာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“တရုတ်က မြန်မာနဲ့ဆက်ဆံရေး ကောင်းမွန်ကြောင်း ပြသလိုတယ်။ ရှီ ရဲ့ခရီးစဉ်က NLD အစိုးရနဲ့ အနာဂတ်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ပေးလိမ့်မယ်” ဟု တိုင်းရင်းသားအရေးနှင့် တရုတ်ရေးရာကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ဧရာဝတီသို့ပြောသည်။

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာနိုင်ငံကို ဝေဖန်နေသော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူ အခိုင်အမာ ရပ်တည်မည်ဖြစ်ကြောင်း ရှီ၏ ခရီးစဉ်က ပြသနေသည် ဟုလည်း သူက ပြောသည်။

တရုတ်နိုင်ငံသည် CMEC ကို စီမံကိန်းချသည့်အဆင့်မှ အကောင်အထည်ဖော်သည့်အဆင့်သို့ မြှင့်တင်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်က သူ၏ဒီဇင်ဘာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောသည်။

အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသည် CMEC ၏ ကျောရိုးဖြစ်ကြောင်းနှင့် နှစ်ဖက်အောက်ခြေတွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဝမ်ကပြောသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ် အထူးစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များနှင့် အခြားစီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန်လည်း သူက နိုင်ငံတော်အတိုင်ပင်ခံကို တွန်းအားပေးသည်။

တရုတ်-မြန်မာ ဆက်ဆံရေးသည် CMEC စီမံကိန်းများ၏ တဝက်သာ အကောင်အထည်ပေါ်စေကာမူ ပိုမိုနီးစပ်လာလိမ့်မည်ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောပြီး နှစ်နိုင်ငံဆက်ဆံရေးကို တရုတ် နိုင်ငံက စီးပွားရေး၊ လူမှုရေးအရ မြှင့်တင်မည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသည် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသော်လည်း မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သော ရပ်တည်ချက်သည် CMEC စီမံကိန်းများကြောင့် တရုတ်နိုင်ငံဘက်သို့ လိုက်မည်ဖြစ်ကြောင်း ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင် မူဆယ်-မန္တလေးရထားလမ်းကဲ့သို့သော CMEC ၏ ကျောရိုးစီမံကိန်းများသည် မြန်မာအစိုးရဖက်မှ ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ပြည်တွင်းဝေဖန်မှုများ ခံနေရသည်။ ထိုသို့ ဝေဖန်မှုများရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဧပြီလက ညီလာခံတက်ရန် ဘေ့ဂျင်းသို့ ရောက်ရှိနေစဉ်အတွင်း သဘောတူညီချက် သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်များတွင် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (၂၀၁၉-၃၀) နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး ငါးနှစ် စီမံကိန်းချမှတ်ရေး သဘောတူညီချက်တို့ ပါဝင်သည်။

“တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ကျမတို့အနေနဲ့ သေနင်္ဂဗျူဟာ ရည်မှန်းချက်လိုတယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံဆီက သူတို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရည်မှန်းချက်ရှိတယ်။ မြန်မာအစိုးရအနေနဲ့လည်း တရုတ်နိုင်ငံက သူတို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရည်မှန်းချက်ရှိသင့်တယ်။ ဒီစီမံကိန်းတွေကနေ ဘာအကျိုးကျေးဇူးရမလဲ။ ဆိုးကျိုးအနည်းဆုံးဖြစ်အောင် ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာတွေကို စဉ်းစားသင့်တယ်” ဟု သူက ပြောသည်။

( Nan Lwin ၏ Chinese President’s Upcoming Visit Seen as Bid to Gain Myanmar Leaders’ Commitment on BRI Projects ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

Did you find apk for android? You can find new Free Android Games and apps.
Loading