တရုတ်နိုင်ငံသည် နှောင့်နှေး သက်ဝင်လှုပ်ရှားခြင်း မရှိတော့သည့် မြန်မာနိုင်ငံမှ စီမံကိန်းများကို ရပ်ဝန်းနှင့်လမ်း အစီအစဉ်အောက်တွင် ပြန်လည်ထုတ်ပိုးပြီး ကုန်အမှတ်တံဆိပ်သစ် ကပ်နေကြောင်း ၊ BRI မှ စီမံကိန်း အများအပြားသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ထိခိုက်သည့် လူမှုအသိုင်းအဝန်းများနှင့်လည်း ညှိနှိုင်းတိုင်ပင်မှုမရှိကြောင်း နယ်သာလန်အခြေစိုက် သုတေသနနှင့် ထောက်ခံအားပေးမှု ဌာနတခု၏ မူဝါဒဆိုင်ရာ နောက်ဆုံး အစီရင်ခံစာ က ဆိုလိုက်သည်။
Transnational Institute (TNI) မှ တရုတ်နိုင်ငံခြားရေး မူဝါဒကို သုတေသနပြုသူ စီမံရေးနှင့် အကဲဖြတ်ရေး ညှိနှိုင်းသူ စတက်ဖနီ အိုလင်ဂါ ရှန်နွန်က “BRI ဟာ မဟာ သေနင်္ဂဗျူဟာ ဆိုတာထက် တရုတ်အရင်းရှင်စနစ် အကျပ်အတည်းကို ဖြေရှင်းတဲ့ လှုပ်ရှားမှု ကျယ်ပြန့်ပြီး လျော့တိလျောရဲ အုပ်ချုပ်တဲ့ မူဘောင်ဖြစ်နေတယ်” ဟု ပြောသည်။
“ဘယ်သူက ဘယ်နေရာမှာလုပ်တဲ့ ဘာကိစ္စကိုမဆို အားလုံးနီးပါးကို BRI မူဘောင်အောက်မှာ ထည့်လို့ရနေပြီး မြန်မာနိုင်ငံက BRI စီမံကိန်းအဖြစ် တံဆိပ်ကပ်လို့ ရနေတယ်” ဟု သူက ပြောသည်။
တရုတ်နိုင်ငံပိုင်လုပ်ငန်းများ (SOEs) နှင့် ပြည်နယ်အစိုးရများ အနေဖြင့် အကျိုးအမြတ်နှင့် စီးပွားရေး တိုးတက်မှု ရှာဖွေရန် ၎င်းတို့၏ စီမံကိန်းများအား မြှင့်တင်ခြင်းကို BRI က ခွင့်ပြုထားကြောင်းလည်း သူက ပြောသည်။
မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို ချိတ်ဆက်သော နေရာနှင့် အိန္ဒိယ သမုဒ္ဒရာနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကုန်းတွင်းပိတ် ယူန်ပြည်နယ် တို့အကြား တည်ရှိပြီး ကမ္ဘာ့ BRI စီမံကိန်းတွင် ထူးခြားသော ပထဝီအနေအထားကို ရယူထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော ထို ဒေသတခုလုံးကို ဖြတ်သန်းမည့် အခြေခံအဆောက်အအုံ စီမံကိန်းတွင် မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ထူထောင်သည့် နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးပြီးနောက် လွန်ခဲ့သောနှစ် စက်တင်ဘာလက တရားဝင် အဖွဲ့ဝင်ဖြစ်လာသည်။ CMEC သည် BRI ၏ အစိတ်အပိုင်းဖြစ်လာမည်ဟု ဆိုသည်။
“CMEC သည် တရုတ်နိုင်ငံပိုင် လုပ်ငန်းများနှင့် ယူနန်ပြည်နယ် အစိုးရတို့က အသက်မဝင် နှောင့်နှေးနေသည့် စီမံကိန်းများကို ပြန်လည်အသက်သွင်းရန် အထောက်အကူပြုနေသည်” ဟု TNI မူဝါဒ အစီရင်ခံစာက ဆိုသည်။
ထိုစီမံကိန်းများသည် မြန်မာနိုင်ငံတွင် ယခင်တရုတ်ရင်းနှီးမြှုပ်နှံမှုများကဲ့သို့ပင် စိန်ခေါ်မှုများနှင့် ဝေဖန်မှုများကို ရင်ဆိုင်ရပြီး တိုးတက်မှုမှာ နှေးကွေးနေကြောင်း TNI က ပြောသည်။
နိုဝင်ဘာလ ၇ ရက်က TNI သည် “ပိုးလမ်းမစိတ်ဓာတ်ကို ရောင်းချခြင်း – မြန်မာရှိ တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ်” အမည်ရှိ အစီအရင်ခံစာကို ရန်ုကုန်တွင် ထုတ်ပြန်သည်။
ထိုသုတေသနဌာနက မြန်မာနိုင်ငံရှိ BRI အစီအစဉ် ၄ ခုကို လေ့လာသည်။ ထိုစီမံကိန်း လေးခုမှာ တရုတ်-မြန်မာ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း၊ မြန်မာနှင့် တရုတ် မဟာဓာတ်အားလိုင်းများ အပြန်အလှန်ချိတ်ဆက်ခြင်း၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များနှင့် တရုတ်-မြန်မာ ကုန်းလမ်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေးတို့ဖြစ်ပြီး ၎င်းတို့သည် မြန်မာဘက်မှ အချိန်အလိုက်ပြောင်းလဲနေသော ထောက်ခံမှုနှင့် BRI ကို စောစီးစွာ ပြီးလိုသည့် ရေရှည် လုပ်ငန်းများဖြစ်သည်။
BRI သည် ရှီ၏ သင်္ကေတ နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က စတင်ထုတ်ပြန်ကြေညာသည့် ထိုစီမံကိန်းကို ပိုးလမ်းစီးပွားရေး ရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမဟုလည်း ခေါ်ကြသည်။ ထိုစီမံကိန်းတွင် တရုတ်မှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားကိုဖြတ်ပြီး ဥရောပသို့ဆက်သွယ်ကာ အနည်းဆုံးနိုင်ငံပေါင်း ၇၀ ကိုဖြတ်သန်းမည့် ကားလမ်း၊ ရထားလမ်းနှင့် သင်္ဘောလမ်းကြောင်းများ၏ ကွန်ရက်ကို တည်ဆောက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် အစီအစဉ်ဖြစ်သည်။
CMEC ကို တည်ဆောက်မည့် အဆိုပြုချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တွေ့ဆုံပြီးနောက် ထုတ်ပြန်ကြေညာသည်။ ထိုစီးပွားရေး စင်္ကြန်သည် BRI ၏ အစိတ်အပိုင်းအဖြစ် တိုးတက်မှုနှင့် ကုန်သွယ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးမည်ဟု ဝမ်ကပြောသည်။
ခန့်မှန်းချေ ၁၇၀၀ ကီလိုမီတာရှည်လျှားသော စင်္ကြန်သည် တရုတ်နိုင်ငံယူနန်ပြည်နယ် မြို့တော်ကူမင်းမှ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး အချက်အခြာနေရာများဖြစ်သော မန္တလေးကို ပထမဆက်သွယ်ပြီးနောက် အရှေ့ဖက် ရန်ကုန်သို့ဆက်သွယ်ကာ အနောက်ဖက်တွင် ရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) သို့ ဆက်သွယ်မည်ဖြစ်သည်။
CMEC နားလည်မှု စာချွန်လွှာအရ အစိုးရများသည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် သုတေသနနှင့် နည်းပညာ ကဏ္ဍများ အပါအဝင် စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။
CMEC အကောင်အထည်ဖော်ရေးအတွက် စီမံကိန်းတခုရေးဆွဲရန် မြန်မာအစိုးရကို တရုတ်နိုင်ငံက တွန်းအားပေးနေသည်။ ထို MOU ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီးနောက် တရုတ်အရာရှိများ၏ လုပ်ဆောင်မှုများ အားလုံးသည် မြန်မာနိုင်ငံတွင် BRI ကို အားပေးရန် ဦးတည်ကြောင်း မြန်မာနိုင်ငံရှိ တရုတ် သံရုံးမှ ထုတ်ပြန်သည့် ကြေညာချက်များတွင် ဖော်ပြသည်။
ဇွန်လက မြန်မာနိုင်ငံသို့ အသစ်ရောက်ရှိလာသော တရုတ်သံအမတ်သစ်သည် နေပြည်တော်တွင် သမ္မတ ဦးဝင်းမြင့်ထံ သံအမတ်ခန့်အပ်လွှာကို ပေးအပ်စဉ်အတွင်း CMEC နှင့်ပတ်သက်သည့် ပိုမိုနက်ရှိုင်း လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်မှ ၂၀၃၀ အထိ CMEC နှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ရပ်ဝန်းနှင့်လမ်း အစီအစဉ် ညီလာခံတွင် တရုတ်နိုင်ငံနှင့် လက်မှတ် ရေးထိုးခဲ့သည်။ ထိုညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။
မြန်မာအစိုးရ၏ အဆိုအရ တရုတ်နိုင်ငံသည် CMEC အောက်တွင် စုစုပေါင်း စီမံကိန်း ၃၈ ခု အဆိုပြုထားကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ အကျိုးအမြတ် စောစီးစွာ ရနိုင်သည့် စီမံကိန်း ၉ ခုကိုသာလျှင် ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် BRI ညီလာခံတွင် အတည်ပြုခဲ့သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံသည် ထိုစီမံကိန်းများအနက် ၃ ခုကိုသာ လူသိရှင်ကြား ထုတ်ပြန်ခြင်းရှိသေးပြီး ၎င်းတို့မှာ ကချင်နှင့် ရှမ်းပြည်နယ်များမှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် သုံးခု တည်ဆောက်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတို့ ဖြစ်သည်။
အသစ်အဆန်းမဟုတ်
သို့သော် အဓိက စီမံကိန်းများသည် အသစ်အဆန်းများ မဟုတ်ကြဘဲ ယခင်က မမျှတသည့် သဘောတူညီချက်များနှင့် အများပြည်သူ ဆန့်ကျင်မှုများကြောင့် ဆိုင်းငံ့ထားသော စီမံကိန်းများသာ ဖြစ်သည်။
မြန်မာနိုင်ငံမှ BRI လုပ်ငန်းများအဖြစ် တံဆိပ်ကပ်ထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရထားလမ်းနှင့် အခြား အထူးစီးပွားရေးဇုန်များကို တရုတ်အစိုးရပိုင်လုပ်ငန်းများနှင့် ယူနန်ပြည်နယ်အစိုးရက တရုတ်သံရုံးနှင့် အခြားဗဟို အစိုးရအဖွဲ့အစည်းများ၏ ထောက်ကူမှုဖြင့် မောင်းနှင်နေသည်။
CMEC MOU ကို လက်မှတ်ရေးထိုးပြီးနောက် မြန်မာနှင့် တရုတ်နိုင်ငံများသည် ရှမ်းပြည်နယ် မူဆယ်မှ မန္တလေးသို့ အဆိုပြုရထားလမ်း တည်ဆောက်ရေးကို လေ့လာရန် အခြားသဘောတူညီချက် တစောင်ကို လက်မှတ်ရေးထိုးကြသည်။ ထိုနေရာ နှစ်ခုစလုံးသည် တရုတ်မြန်မာ မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေး စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် အရှေ့တောင်အာရှတွင် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရန် စီမံကိန်း အဓိက အချက်အခြာနေရာများဖြစ်မည်ဟု ရည်မှန်းထားသည်။
သို့သော် ထိုအဆိုပြု ရထားလမ်းစီမံကိန်းသည် CMEC အောက်မှ စီမံကိန်းသစ် မဟုတ်ပေ။ ၂၀၁၁ ခုနှစ်က ဘေ့ဂျင်းနှင့်နေပြည်တော်တို့သည် တရုတ်-မြန်မာ ရထားလမ်းအဖြစ် လူသိများသော မူဆယ်နှင့် ကျောက်ဖြူအကြား ရထားလမ်း တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ တစောင်ကို လက်မှတ်ရေးထိုးကြသည်။ တရုတ်မီဒီယာ သတင်းများ၏ အဆိုအရ China Railway Group သည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်း ရွှေလီမှ မူဆယ်ကိုဖြတ်ပြီး ကျောက်ဖြူသို့ ရထားလမ်း တည်ဆောက်ရန် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ထို ရထားလမ်း တခုလုံးသည် ၈၁၀ ကီလိုမီတာရှည်သည်။ ထိုနားလည်မှု စာချွန်လွှာအရ ထိုစီမံကိန်းကို စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ (ကျပ် ၃၀.၄၉ ထရီလျံ) ဖြင့် သုံးနှစ်အတွင်း အပြီးတည်ဆောက်ရန်ဖြစ်သည်။ သို့သော် ထိုစဉ်က သမ္မတ ဦးသိန်းစိန် အစိုးရသည် ဒေသခံများ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ထိုစီမံကိန်းကို ဆိုင်းငံ့ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထိုသဘောတူညီချက် သက်တမ်းကုန်ဆုံးပြီး ရထားလမ်းစီမံကိန်းမှာ မရေမရာဖြစ်သွားခဲ့သည်။
နောက်ပိုင်းတွင် တရုတ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ချဉ်းကပ်ပြီး ရွှေလီမှ ကျောက်ဖြူအထိ တရုတ်၏ သေနင်္ဂဗျူဟာ ရထားလမ်း၏ ကနဦး အစိတ်အပိုင်းအဖြစ် မူဆယ်မှ မန္တလေးသို့ ရထားလမ်းဖောက်ရေးအတွက် စဉ်းစားရန်ပြောသည်။ China Railway Group က မူဆယ်မှ မန္တလေးအထိ ရထားလမ်းအတွက် ဖြစ်နိုင်ခြေစမ်းသပ်ရန် ၂၀၁၇ ခုနှစ် မေလတွင် အဆိုပြုသည်ဟု သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
၂၀၁၈ ခုနှစ် တလျှောက်လုံးတွင် CMEC ၏ အစိတ်အပိုင်းအဖြစ် ဆွေးနွေးခဲ့ပြီး China Railway Group သည် ထိုစီမံကိန်းကို CMEC အောက်တွင် ပြန်လည်စတင်ရေးအတွက် ဆက်လက်စည်းရုံး ပြောဆိုနေသည်ဟု TNI ၏ အဆိုအရ သိရသည်။
ထိုု့အပြင် CMEC အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက် ၂ လ ကြာသောအခါ တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးသည်။ BRI အရ သေနင်္ဂဗျူဟာကျ အရေးပါလှသော ထိုစီမံကိန်းသည် တရုတ်နိုင်ငံမှ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် တိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ရပြီး တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရကာ မလက္ကာရေလက်ကြားကို မသုံးဘဲ ရေနံတင်သွင်းနိုင်စေသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် စက်မှုဇုန်တခုနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတခုပါဝင်သည်။ အကျယ် ၁၀၀၀ ဟက်တာရှိသော စက်မှုဇုန်ကို အဆင့် ၃ ဆင့်ခွဲ တည်ဆောက်မည်ဖြစ်ပြီး အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများ၊ ဆောက်လုပ်ရေးပစ္စည်း ပြုပြင်ထုတ်လုပ်သော စက်ရုံများ၊ အစားအစာ ပြုပြင်ထုတ်လုပ်သော စက်ရုံများ၊ ရေလုပ်ငန်းနှင့် ဝန်ဆောင်မှုများ၊ ဆေးဝါး၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်နှင့် သုတေသန အဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု BRI ကို မြန်မာနိုင်ငံတွင် တရားဝင်မကြေညာမီ နှစ်ပေါင်းများစွာကပင် စတင်သော လုပ်ငန်းဖြစ်သည်။
၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းနှင့် ကျောက်ဖြူရှိ မဒေးကျွန်းမှ ယူနန်ပြည်နယ် တောင်ပိုင်းသို့ ဆက်သွယ်သည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံ ဒုတိယသမ္မတဖြစ်သော ရှီသည် ထိုလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံပိုင်သတင်းစာများ၏ အဆိုအရ ထိုလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် နှစ်ဖက်သဘောတူကြသည်ဟု သိရသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် China International Trust and Investment Corporation (CITIC) အုပ်စုသည် တင်ဒါအောင်မြင်ခဲ့သည်။ သို့သော် CITIC သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အချိန်အနည်းငယ်မျှသာ လိုချိန်တွင် ယခင်အစိုးရနှင့် ရှယ်ယာခွဲဝေရေးစာချုပ် ချုပ်ဆိုခဲ့သည်။
ထိုရှယ်ယာစာချုပ်က တရုတ်နိုင်ငံသည် စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းသာပိုင်ဆိုင်သည်။
ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်အတွင်း ကျရောက်သွားနိုင်သည်ဟု စီမံကိန်းကို ဝေဖန်သူများကပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် ပြန်လည်ညှိနှိုင်းပြီးနောက် မြန်မာနိုင်ငံက စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ရန် တရုတ်နိုင်ငံက သဘောတူခဲ့သည်။
ထိုရထားလမ်း၏ စီးပွားရေးအလားအလာသည် ကျောက်ဖြူဆိပ်ကမ်း၏ စီးပွားရေး အလားအလာနှင့် ဆက်စပ်နေကြောင်း TNI က သတိပေးသည်။ အဓိက စိုးရိမ်ရသည့်အချက်မှာ ရထားလမ်း၏ လက်တွေ့အလားအလာ၊ မြင့်မားသော အကြွေးဝန်ထုတ်ဝန်ပိုး၊ ထိခိုက်သော လူမှုအသိုင်းအဝန်းများနှင့် ညှိနှိုင်းရေးလုပ်ငန်းစဉ်များနှင့် မတည်ငြိမ်သောဒေသတခုတွင် စစ်ရေးပြင်ဆင်မှု တိုးလာမည့် လက္ခဏာတို့ပင်ဖြစ်သည်။
ထိုရထားလမ်းသည် ရှမ်းပြည်မြောက်ပိုင်းမှ ပဋိပက္ခဇုန်ကို ဖြတ်သန်းရသည်။
“BRI လုပ်ငန်းတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးဖို့ စစ်ရေး ပြင်ဆင်မှုတွေ တိုးလာတာမျိုး မဖြစ်စေသင့်ဘူး။ ဒီ့အပြင် လက်ရှိပဋိပက္ခကို ပိုမဆိုးရွားစေသင့်သလို ဒီဒေသတွေထဲမှာ ပဋိပက္ခသစ်တွေလည်း မဖြစ်စေသင့်ဘူး” ဟု အိုလင်ဂါ ရှန်နွန်ကပြောသည်။
ထိုသို့သော သံသယများကြောင့် ထိုစီမံကိန်း၏ ဘဏ္ဍာ အလားအလာကို လွတ်လပ်သော အကဲဖြတ်မှုပြုလုပ်ရန် လိုသည်ဟု TNI ၏ အဆိုအရသိရပြီး စီမံကိန်း ပြန်လည်မစတင်မီ ပဋိပက္ခနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိုရထားလမ်း၏ ရိုက်ခတ်မှုကို အကဲဖြတ်ရန် လိုသည်ဟုလည်းဆိုသည်။
တရုတ်-ကူမင်း-မြန်မာ ရန်ကုန် ဧရာဝတီမြစ်လမ်းကြောင်းကိုလည်း BRI အရ ပြန်လည်အသက်သွင်းနေကြောင်း TNI က ထောက်ပြသည်။ ယခင်က တရုတ်-မြန်မာ ကုန်းတွင်းနှင့် မြစ်လမ်းကြောင်း သယ်ယူပို့ဆောင်ရေး အဖြစ် သိကြသော ထိုစီမံကိန်းကို မြန်မာစစ်အစိုးရက ရပ်ဆိုင်းထားခဲ့သည်။
ထိုစီမံကိန်းကို ယူနန်ပြည်နယ်အစိုးရက ၁၉၈၉ ခုနှစ်တွင်အဆိုပြုခဲ့သည်။ မူလအစီအစဉ်မှာ ယူနန်မှ အိန္ဒိယ သမုဒ္ဒရာသို့ ဧရာဝတီမြစ်မှတဆင့် ဆက်သွယ်သည့် ကုန်းလမ်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်းမှာ တရုတ်-မြန်မာနယ်စပ်မှ ကုန်များကို မြန်မာနိုင်ငံမြောက်ပိုင်း ကုန်သွယ်ရေး အချက်အခြာဖြစ်သည့် ကချင်ပြည်နယ် ဗန်းမော်သို့ ကုန်းလမ်းဖြင့် ပို့ဆောင်ရေးဖြစ်သည်။ ထိုမှတဆင့် ကုန်စည်များနှင့် ခရီးသည်များကို မြန်မာနိုင်ငံ၏ အဓိက ရေလမ်းဖြစ်သော ဧရာဝတီမြစ်မှတဆင့် မန္တလေး၊ ရန်ကုန်နှင့် အိန္ဒိယ သမုဒ္ဒရာသို့ စုန်ဆင်းရန်ဖြစ်သည်။
ထိုစီမံကိန်းကို လက်ရှိ မြန်မာအစိုးရက တရားဝင်ကြေညာခြင်း မရှိပေ။ သို့သော် တရုတ်ပညာရှင်အဖွဲ့တဖွဲ့သည် ဗန်းမော်သို့ သြဂုတ်လတွင် ရောက်လာပြီး ဆိပ်ကမ်းနှင့် ကုန်းလမ်းကြောင်းကို အဆင့်မြှင့်တင်ရန် ဖြစ်နိုင်ခြေများကို လေ့လာခဲ့ကြောင်း ဧရာဝတီသတင်းဌာနက လေ့လာသိရှိရသည်။
NLD အစိုးရခေတ်တွင် တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးသည့် အစောဆုံး သဘောတူညီမှုများအနက် တခုမှာ BRI ၏ အစိတ်အပိုင်းအဖြစ် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် သုံးခုတည်ဆောက်ရေးဖြစ်သည်။ ၂၀၁၇ ခုနှစ်က BRI ညီလာခံတက်ရန် ဒေါ်အောင်ဆန်းစုကြည် ဘေ့ဂျင်းသို့ရောက်ရှိစဉ်အတွင်း ထိုဇုန်များကိုတည်ဆောက်ရန် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများက သဘောတူခဲ့ကြသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လက CMEC အတွက် နားလည်မှု စာချွန်လွှာကို လက်မှတ်မထိုးမီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ရေးကို အရှိန်အဟုန် မြှင့်တင်ခဲ့သည်။
ထိုဇုန်များသည် ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ ကန်ပိုက်တီး (လတ်တလောတွင် မြန်မာ့တပ်မတော်၏ မဟာမိတ် နယ်ခြားစောင့်တပ် တခုဖြစ်သော ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်သူ့စစ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တစိတ်တပိုင်းဖြစ်သော ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော်နှင့် ရှမ်းပြည်နယ် မူဆယ်တို့တွင်ရှိသည်။ ချင်းရွှေဟော်နှင့် မူဆယ်တို့မှာ လက်ရှိအချိန်တွင်ပင် မြန်မာ-ယူနန် နယ်စပ်တလျှောက်ရှိ ကုန်သွယ်ရေးအချက်အခြာ နေရာများဖြစ်နေပြီးဖြစ်သည်။ ကန်ပိုက်တီးသည်လည်း တရုတ်နိုင်ငံနှင့် ပုံမှန်ကုန်သွယ်ရေး ရှိနေသည်။
တရုတ်ဒေသဆိုင်ရာ အစိုးရများက ကျောထောက်နောက်ခံပေး
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိုပြည်နယ်အတွင်းမှ မြူနီစပယ် အုပ်ချုပ်ရေးဒေသ နှစ်ခုဖြစ်သော ပေါင်ရှန်နှင့် ကျင်းကျောင်း အစိုးရများသည် မြန်မာအထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံနေကြကြောင်း TNI က ဖော်ပြသည်။
မန္တလေးမှ မြို့သာ စက်မှုဇုန်တွင် အမေရိကန်ဒေါ်လာ ၃၉၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပေါင်ရှန် အစိုးရက လွန်ခဲ့သောနှစ်က ကြေညာခဲ့သည်။ ထို့အပြင် ကျင်းကျောင်းအစိုးရ၏ လုပ်ငန်းခွဲဖြစ်သော Tengchong Heng Young Investment Company ကလည်း မြစ်ကြီးနား စီးပွားတိုးတက်ရေးဇုန်ကို ပူးတွဲတည်ဆောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုစက်မှုဇုန်များကို BRI ၏ အစိတ်အပိုင်းအဖြစ် CMEC အောက်တွင် အကောင်အထည်ဖော်နေကြောင်း TNI က ဖော်ပြသည်။
ထိုအထူးစီးပွားရေးဇုန်များနှင့် ပတ်သက်သော အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံရှိ စက်မှုဇုန်များအတွက် မြေသိမ်းယူမှုများအပေါ် စိုးရိမ်ကြောင်း TNI က ဖော်ပြသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ မြေယာသိမ်းယူမှုများ အထူးသဖြင့် မြေအတွက် လျှော်ကြေးပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် ပတ်ဝန်းကျင်နှင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းများကို ထိခိုက်သောကြောင့် တနိုင်ငံလုံးရှိ ဒေသခံ လူမှုအသိုင်းအဝန်းများအတွက် အငြင်းပွားဖွယ်ဖြစ်နေသည်။
ဥပမာအားဖြင့်ဆိုရပါက လက်ရှိမြေယာဥပဒေများသည် တိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာ မြေပိုင်ခွင့်ကို အသိအမှတ်မပြုဘဲ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်သော သယံဇာတ ထုတ်ယူရေးစီမံကိန်းများသည် တိုင်းရင်းသားဒေသများတွင်သာ ရှိနေကြောင်း TNI က ဖော်ပြသည်။
စီးပွားရေး စင်္ကြန်အတွင်း အပြန်အလှန်ချိတ်ဆက်နေသော စက်မှုဇုန်များကြောင့် မြန်မာနိုင်ငံသည် ထုတ်လုပ်မှုလမ်းကြောင်းမှ တန်ဖိုးနိမ့်ထုတ်ကုန်များသာ ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း TNI က ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ လုပ်အားခသက်သာခြင်းကို အခွင့်ကောင်းယူရန် ကြိုးစားနေသော်လည်း ထုတ်လုပ်မှုလမ်းကြောင်းမှ တန်ဖိုးမြင့်ထုတ်ကုန်များနှင့် ၎င်းတို့ကို သုံးစွဲမှုမှာ တရုတ်နိုင်ငံတွင်သာ ဖြစ်နိုင်ခြေများကြောင်း TNI က သတိပေးသည်။
BRI မူဘောင်အရ တရုတ်စွမ်းအင်နှင့် ဆောက်လုပ်ရေးလုပ်ငန်း SOE China Southern Power Grid (CSG) သည် မြန်မာနိုင်ငံသို့ ဓာတ်အား ပိုမိုရောင်းချနိုင်ရန် နှစ်နိုင်ငံ ဓာတ်အားလိုင်းများ ချိတ်ဆက်ရေးအတွက် တရုတ်နှင့်မြန်မာအစိုးရများကို ၂၀၁၄ ခုနှစ်က စတင်စည်းရုံးခဲ့ကြောင်း TNI က ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEE) က ၎င်းတို့သည် လာမည့် ၂ နှစ်အတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြည့်ဆီးရန် CSG ထံမှ လျှပ်စစ် ၁၀၀၀ မဂ္ဂါဝပ် ဝယ်ယူမည်ဖြစ်ကြောင်း မေလက ကြေညာသည်။
တရုတ်လျှပ်စစ်ဓာတ်အား ပိုမိုဝယ်ယူခြင်းကြောင့် မြန်မာနိုင်ငံသည် လျှပ်စစ်ရင်းမြစ်အတွက် တရုတ်နိုင်ငံကို မှီခိုနေရမည်ဖြစ်ကြောင်း အိုလင်ဂါ ရှန်နွန်က ပြောသည်။
၎င်းတို့လေ့လာခဲ့သော စီမံကိန်း ၄ ခု အောင်မြင်ရေး အလားအလာများ ချိတ်ဆက်နေကြောင်း TNI ကဖော်ပြပြီး သယ်ယူပို့ဆောင်ရေး စီမံကိန်းများသည် ဘဏ္ဍာရေးအရ ခိုင်မာလက်တွေ့ကျမှု မရှိသောကြောင့် ထိုစီမံကိန်း ၄ ခု စလုံးသည် မြန်မာအစိုးရအတွက် မြင့်မားသော အကြွေးဝန်ထုတ်ဝန်ပိုး ဖြစ်မည်ဟုလည်း ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံခြားကြွေးမြီများ အားလုံး၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး (အမေရိကန်ဒေါ်လာ ၄.၁ ဘီလျံနီးပါး) မြန်မာနိုင်ငံ၏ မြီရှင်နိုင်ငံများ အကြားတွင် အတိုးနှုန်း အမြင့်မားဆုံး ယူနေသည်။
အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများ၏ မြင့်မားလှသော တန်ဖိုးကြောင့် BRI စီမံကိန်းများကြောင့် ဖြစ်လာမည့် အကြွေး ဝန်ထုပ်ဝန်ပိုးကို အကဲဖြတ်ရန် အရေးကြီးကြောင်း အိုလင်ဂါ ရှန်နွန်က ပြောသည်။
မြန်မာအစိုးရသည် CMEC အတွက်နားလည်မှု စာချွန်လွှာကို လွန်ခဲ့သောနှစ်က လက်မှတ်ရေးထိုးခဲ့သော်လည်း ဒုတိယအကြိမ် ရပ်ဝန်းနှင့်လမ်း ညီလာခံအတွင်းက အတည်ပြုခဲ့သည့် အကျိုးအမြတ် စောလျှင်စွာ ရနိုင်သည့် CMEC စီမံကိန်းစာရင်းအပါအဝင် ထိုနားလည်မှုစာချွန်လွှာနှင့် ပတ်သက်သော စာရွက်စာတမ်းများကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
စီမံကိန်းများနှင့် ပတ်သက်ပြီး အစိုးရသည် ပိုမိုပွင့်လင်းမြင်သာရန် လိုကြောင်း အိုလင်ဂါ ရှန်နွန်က ပြောသည်။ စီမံကိန်းများ၏ အသေးစိတ်များကို မထုတ်ပြန်မခြင်း ပွင့်လင်းမြင်သာမှု ကင်းမဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။
လက်ရှိတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပိုမို ထိန်းကြောင်းသော ဥပဒေများနှင့် မူဝါဒမူဘောင်သည် အားနည်းပြီး ဒေသခံလူမှုအသိုင်းအဝန်းများထက် ကုမ္ပဏီများကိုသာ အကျိုးခံစားစေကြောင်း TNI က ထောက်ပြသည်။
BRI နှင့် CMEC စီမံကိန်းများသည် အတိတ်က အခြား တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများကဲ့သို့ ဒေသခံလူမှုအသိုင်းအဝန်းများနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက်ပါက ပြင်းထန်သော လူထုဆန့်ကျင်မှု ခံရမည်ဖြစ်ကြောင်း International Growth Center ၏ မူဝါဒ အစီရင်ခံစာတွင် ယခင်နှစ်က ဖော်ပြထားသည်။
ပြည်သူလူထုနှင့် ညှိနှိုင်းတိုင်ပင်သော နည်းလမ်းကို ဖော်ထုတ်ရမည်ဖြစ်ပြီး စီမံကိန်းများသည် ဒေသခံလူမှုအသိုင်းအဝန်းများသို့ စစ်မှန်သော အကျိုးပြုမှုပေးရန် အရေးကြီးကြောင်း TNI က ပြောသည်။
အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရများ၏ အကျိုးကိုသာမက ပြည်သူလူထု အကျိုးအပေါ် အခြေခံပြီး BRI စီမံကိန်းများကို အကဲဖြတ်ရန် ၎င်းတို့က တိုက်တွန်းသည်။ ထိုသို့မလုပ်ပါက မြန်မာပြည်သူများ အထူးသဖြင့် တိုင်းရင်းသားဒေသများမှ ပြည်သူများသည် BRI လုပ်ငန်းများ၏ ဆိုးကျိုးကို အဓိကခံစားရမည်ဖြစ်ကြောင်း TNI က ပြောသည်။
( Nan Lwin ၏ In Myanmar, China’s BRI Projects Are Old Wine in a New Bottle ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ရခိုင်ရှိ တရုတ်စီမံကိန်းမှ ဓာတ်အားဝယ်ယူရန် မြန်မာနှင့် စာချုပ်ချုပ်ဆို
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ
မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံ ရောက်ဖို့ မျှော်မှန်း