AA နှင့် ရိက္ခာ
မှန်တမ်းတွက်ချက်မှုများအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သို့မဟုတ် ပုန်ကန်သူအဖွဲ့များ၏ ရိက္ခာသည် ဒေသခံ လူထုထံမှ ရသည်ဟု ယူဆကြသည်။ လက်နက်ကိုင်အဖွဲ့များသည် ဒေသခံများထံမှ ရိက္ခာများကို အခွန် ကောက်ခံသည့် နည်းလမ်းဖြင့် လည်းကောင်း၊ ဝယ်ယူသည့်နည်းလမ်းဖြင့်လည်းကောင်း ရရှိနိုင်သည်။ သို့ဖြစ်ရာ အစိုးရများသည် ၎င်းတို့ကို ပုန်ကန်သူများအား ဖြတ်တောက်စစ်ဆင်ရာတွင် ရိက္ခာဖြတ်တောက်ရေးသည် အရေးပါသည်။ ပုန်ကန်သူများအား လူထုနှင့်အဆက်အသွယ်ပြတ်စေပြီး ရိက္ခာပြတ်တောက်စေရန် ဆောင်ရွက်လေ့ရှိသည်။
အမှန်ပင် ပုန်ကန်သူတပ်ဖွဲ့များအနေနှင့် ရိက္ခာရရှိစေရန် များသောအားဖြင့် လူထုအားမှီခိုရလေ့ရှိသည်။ သို့ရာတွင် နယ်စပ်တလျှောက်တွင် ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်များသည် ရိက္ခာကို ပြည်တွင်းမှ သာမက ပြည်ပ နိုင်ငံများမှပါ ဝယ်ယူရရှိနိုင်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားသော AA တပ်ဖွဲ့သည်လည်း ရိက္ခာကို ပြည်တွင်းမှသာမက ပြည်ပမှလည်း ရနိုင်သည့်အခွင့်အရေးရှိသည်။
နယ်စပ်နှင့်ဝေးသော အတွင်းပိုင်းဒေသများဖြစ်သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နယ်များသို့ ဝင်ရောက်လှုပ်ရှားနေသော AA တပ်ဖွဲ့များသည် ရိက္ခာနှင့်ပတ်သက်၍ ဒေသခံများကို အားကိုးရမည်ဖြစ်သော် လည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့များ အနေဖြင့် ရိက္ခာကို ပြည်ပနိုင်ငံများမှ ရယူနိုင်သည်။
လက်ရှိပလက်ဝဒေသတွင် တိုက်ပွဲများပြင်းထန်နေပြီး ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်။ ကျောက်တော်- ပလက်ဝ ရေလမ်းရော ကုန်းလမ်းပါသွားမရပါ။ မင်းတပ်-မတူပီလမ်းမှလည်း ဆမီး အထိသာ ရိက္ခာပို့နိုင်ပြီး ဆမီးနှင့် ပလက်ဝကြားတွင် သွားလာရန် ခက်ခဲနေသည်။ ထို့ပြင် အဆိုပါကားလမ်းများသည် မြေသားလမ်းများဖြစ်၍ မိုးတွင်းတွင် သွားလာရန် ခက်ခဲသည်။
လက်ရှိအချိန်တွင် ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံ လူဦးရေတသိန်းကျော်ခန့်သည်ပင် ရိက္ခာ အခက်အခဲဖြစ်နေသည်။ ထိုသို့သော အခြေအနေတွင် ပလက်ဝတွင်းရှိ AA တပ်ဖွဲ့သည် ရိက္ခာကို နယ်စပ်မှ ရယူနိုင် သည်ဟု တွက်ဆရပေသည်။ မည်သို့ပင်ဆိုစေကာမူ AA တပ်ဖွဲ့တခုလုံးအတွက် ရိက္ခာပြသနာသည် ကြိုးစား ရုန်းကန် ဖြေရှင်းရသည့် ပြသနာတရပ် ဖြစ်ပေလိမ့်မည်။
ကချင်ပြည်နယ်ရှိ KIA တပ်ဖွဲ့များသည် လူသူနှင့်ဝေးလံသော တောတောင်လျှိုမြောင်များထဲတွင် နှစ်စဉ် ၃ နှစ်စာ ရိက္ခာစုဆောင်း စုပုံထားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လေ့ရှိသည်။ KIA ထံတွင် သင်တန်းတက်လာသော AA အနေဖြင့် လည်း ဤအချက်ကို လေ့လာအသုံးချနိုင်ပါသည်။
AA နှင့်ဆေးဝါး
လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အခြေခံလိုအပ်ချက်တခုမှာ ဆေးဝါးနှင့်ဆေးတပ်ဖွဲ့ ဖြစ်သည်။ သာမန်ဖျားနာမှုများမှစ၍ မတော်တဆထိခိုက်မှုများ အပါအဝင် စစ်မြေပြင်တွင်ရရှိသော ဒဏ်ရာကြီးငယ်တို့အား ကုသနိုင်ရန် ဆေးဝါးနှင့် ဆေးတပ် ဖွဲ့ လိုအပ်သည်။ AA သည် ဆေးဝါးအနေဖြင့် ရခိုင်ပြည်နယ်တွင်း မြို့ကြီးများမှလည်းကောင်း၊ နယ်စပ်မှလည်းကောင်း ရရှိနိုင်သည်။ သို့သော် ကျွမ်းကျင်သည့် ဆေးပညာကျွမ်းကျင်သူ နည်းပါးပုံရသည်။ ရောဂါကြီးများ၊ ဒဏ်ရာ ပြင်းထန်သူများအား ကုသရန် အခက်အခဲရှိပုံရသည်။ AA တပ်ဖွဲ့ဝင်အချို့သည် အရပ်သားယောင်ဆောင်၍ မြို့ပေါ်သို့ ဆေးတက်ရောက်ကုသသည်ဟူသည့် သတင်းများထွက်ပေါ်သည်ကို တွေ့ရသည်။
နယ်စပ်အနီးရှိ ပြည်ပနိုင်ငံများတွင်လည်း သွားရောက်ကုသနိုင်သည်။ ဒဏ်ရာပြင်းထန်သည့် ဖမ်းမိ စစ်သုံ့ပမ်းများအား ပြန်လွှတ်လိုကြောင်း သတင်းစကားပါးသည်ကိုလည်း တွေ့ရသည်။ သို့ဖြစ်ရာ ဆေးဝါးနှင့် ဆေးတပ်ဖွဲ့ပြဿနာသည်လည်း AA တပ်ဖွဲ့ ကြိုးစားရုန်းကန်ဖြေရှင်းနေရသည့် ပြသနာတရပ်ဟု ဆိုရမည်။
AA နှင့် ဆက်သွယ်ရေး
ဆက်သွယ်ရေးပြသနာသည် တပ်ဖြန့် လှုပ်ရှားနေရသော လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် ဟန်ချက်ညီ လှုပ်ရှားနိုင်ရန် အရေးကြီးသည်။ လက်ရှိ AA တပ်ဖွဲ့ကဲ့သို့ တပ်ဖွဲ့၏ အဓိကခေါင်းဆောင် ၂ ဦးလုံး အရှေ့မြောက် တရုတ်နယ်စပ်တွင် ရှိနေသေးသည်ဟု ယူဆရသည့်အချိန်တွင် ၎င်းတို့၏ နောက်တန်းဌာနချုပ်နှင့် ရှေ့တန်းဌာနချုပ်တို့ အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်ရန် လိုအပ်သည်။ လက်ရှိအချိန်တွင် AA တပ်ဖွဲ့သည် နောက်တန်းနှင့် ရှေ့တန်းဌာနချုပ်တို့ ဆက်သွယ်မှု ထူထောင်ထားနိုင်သည်ဟု ယူဆရသည်။
ယနေ့ခေတ်ကာလတွင် ကြေးနန်းဆက်သွယ်ရေးအပြင် ဂြိုလ်တုဖုန်းများရှိနေခြင်း၊ နယ်စပ်တလျောက်တွင် တဖက်နိုင်ငံမှ ဖုန်းလိုင်းအား အသုံးပြုနိုင်ခြင်းတို့ကြောင့် ဆက်သွယ်ရေးစနစ်ကို နည်းမျိုးစုံနှင့် ထူထောင်နိုင်သည်ဟု သုံးသပ်ရသည်။
အတွင်းပိုင်းတွင် ဝင်ရောက်လှုပ်ရှားနေသော တပ်ဖွဲ့များသည်လည်း ဆက်သွယ်ရေးစက်များ အသုံးပြုနိုင်သည်ဟု ယူဆရသည်။ ဆက်သွယ်ရေးစက် ဘက်ထရီများအား အားသွင်းရန် ယခင်အချိန်ကာလများကဲ့သို့ ခက်ခဲခြင်းမရှိတော့ဘဲ နေရောင်ခြည်သုံးအားသွင်းစနစ်ကို လွယ်ကူစွာ အသုံးပြုနိုင်သည့် ခေတ်ကာလဖြစ်သည်။ လေးလံသော ဘက်ထရီအိုးများ အစား ပါးလျပ်ပေါ့ပါးသော ဘက်ထရီငယ်များ အစားထိုးဝင်ရောက်သောကာလဖြစ်ရာ ဆက်သွယ်ရေးပြသနာသည် မခက်ခဲတော့ပေ။ ထို့ပြင် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းပါ ဖုန်းလိုင်းမိသည်ဖြစ်ရာ ဖုန်းလိုင်းများကိုလည်း အသုံးပြု ဆက်သွယ်နိုင်သည်။
ရခိုင်ပြည်နယ်စစ်ပွဲများ ပြင်းထန်လာပြီးနောက် ပလက်ဝ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်းအသုံးပြု ခွင့်ပေးထားသော်လည်း အင်တာနက်အသုံးပြုမှု ပိတ်ထားသည်မှာ ၁ နှစ်နီးပါးကြာမြင့်ပြီဖြစ်သည်။ ခြွင်းချက်အားဖြင့် ၂၀၂၀ ခုနှစ် မေလအတွင်း မောင်တောမြို့နယ်တွင် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးသည်မှအပ ကျန်မြို့နယ်များတွင် ပိတ်ထားဆဲဖြစ်ရာ အစိုးရသည် AA တပ်ဖွဲ့ဝင်များ အင်တာနက်အသုံးမပြုနိုင်ရန် ရည်ရွယ်ပုံရသည်။ သို့သော် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့ဝင်များကတော့ တဖက်နိုင်ငံ၏ ဖုန်းနှင့် အင်တာနက်လိုင်းများကို အသုံးပြုနိုင်ကြသည်။ သို့ဖြစ်ရာ AA အတွက် ဆက်သွယ်ရေးပြသနာသည် အခက်အခဲမရှိဘဲ ဖြေရှင်းနိုင်ပုံရသည်။
AA နှင့် ဘဏ္ဏာရေး
လက်နက်ကိုင်တပ်ဖွဲ့ ၁ ဖွဲ့သည် တပ်ဖွဲ့ဝင်များအတွက် စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးပြသနာများကို ဖြေရှင်းပေးရန် လိုအပ်သည့်အပြင် လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေး စရိတ်များကို ဖြေရှင်းရန်လိုအပ်သည်။ AA အနေဖြင့် တပ်ဖွဲ့ဝင် ၄၀၀၀ ခန့်ရှိပါက တဦးအတွက် တလလျှင် စားစရိတ် ၅၀၀၀၀ ကျပ်ခန့် ကုန်သည်ဆိုလျှင်ပင် တလလျင် တပ်ဖွဲ့တခုလုံးအ တွက် စားစရိတ် သိန်း ၂၀၀၀ ခန့်ကုန်ကျမည်ဖြစ်သည်။ ဝတ်စုံအတွက် လူတဦး တနှစ်လျှင် ၁ သိန်းခန့် ကုန်ကျမည်ဆိုလျှင်ပင် တနှစ် သိန်း ၄၀၀၀ ခန့် ကုန်မည်ဖြစ်သည်။ ဆေးဝါး၊ ဆက်သွယ်ရေးနှင့် အထွေထွေကုန်ကျ စားရိတ်များ မပါသေးပေ။
လက်နက်ခဲယမ်းမီးကျောက်ဈေးက ပိုကြီးသည်။ ထိုင်းနယ်စပ်တလျှောက်ရှိ လက်နက်မှောင်ခိုဈေးကွက်တွင် ပစ္စတို သို့မဟုတ် ချေမှုန်းရေး ရိုင်ဖယ် ၁ လက်လျင် ဘတ် ၄ သောင်းမှ ၆ သောင်းကြား (မြန်မာကျပ်ငွေဖြင့် သိန်း ၂၀ မှ သိန်း ၃၀) ကြားတွင်ရှိသည်။ ကျည်တတောင့်လျှင် ၅ ဘတ် (မြန်မာကျပ်ငွေ ၂၀၀) ကြားတွင်ရှိသည်။ အမေရိကန်လုပ်လက် ဖြောင့်ရိုင်ဖယ် အကောင်းစား ၁ လက်လျှင် ဘတ် ၂ သန်း (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ခန့်) အထိရှိသည်။ တရုတ် လာအိုနယ်စပ်တို့၌ အာပီဂျီ လောင်ချာ ဒုံးကျည် ၁ လုံး လဘျှင် ယွမ်ငွေ ၁၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀ ခန့်) ရှိသည်။ ထို့ပြင် FN 6/7ကဲ့သို့ လေယဉ်ပစ် ဒုံးကျည် ၁ လက်လျင် အမေရိကန်ဒေါ်လာ တသိန်း (မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ) ခန့် ရှိသည်ဟု နယ်စပ်ဒေသသတင်းရင်းမြစ်များက ဆိုပါသည်။
သို့ဖြစ်ရာ ဝယ်ယူတပ်ဆင်ရပါက လက်နက် ၁ လက် အတွက် အနည်းဆုံး သိန်း ၂၀ ဆိုလျှင်ပင် လက်နက် ၄၀၀၀ အတွက် သိန်းပေါင်း ၈၀၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည်။ သို့ဖြစ်ရာ လက်နက်ခဲယမ်းများအတွက်ပင် မြန်မာ ကျပ်ငွေ သိန်းပေါင်းသိန်းချီ၍ သုံးရမည်ဖြစ်ပေသည်။ လက်နက် အစုံအလင်ဖြင့် အင်အားတောင့်တင်းလာသော AA တပ်ဖွဲ့၏ ဘဏ္ဍာရေး ဘယ်ကရသနည်းဟူသည့် မေးခွန်းပေါ်လာရာ အမျိုးမျိုးသုံးသပ်ကောက်ချက်ချကြသည်ကို တွေ့ရသည်။ AA တပ်ဖွဲ့ တာဝန်ရှိသူများကတော့ ၎င်းတို့၏ ဘဏ္ဍာရေးရရှိမှုနှင့် ပတ်သက်၍ ထုတ်ဖော်ခြင်းမရှိဘဲ လျို့ဝှက်ထားကြရာ သုံးသပ်မှုများ ထွက်ပေါ်ခြင်းက အံ့အားစရာတော့မရှိပေ။
ပထမအချက်အနေနှင့် မြေပြင်သတင်းများအရ AA တပ်ဖွဲ့ အရှိန်သြဇာ ရှိလာသည့်ကာလကစပြီး AA အား ထောက်ခံသူ များက ရန်ပုံငွေကောက်ခံသည် ဆိုသည့်အချက်ဖြစ်သည်။ ရခိုင်ပြည်နယ်မှ သာမက ရန်ကုန်၊ ဖားကန့်တို့တွင် အလုပ် လုပ်နေကြသူများ၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် တို့တွင် အလုပ်လုပ်နေသော ရခိုင်များက လစဉ် အနည်းဆုံး မြန်မာကျပ်ငွေ ၁ သောင်း ခန့် ရနပုံငွေ ထည့်ပေးကြသည်ဟုဆိုသည်။ ချမ်းသာကြွယ်ဝသော ရခိုင်သူဌေးများက ပိုမိုများပြားသော ပမာဏကို ထည့်ဝင်လှူဒါန်းကြသည်ဟုဆိုသည်။ သို့သော် ထိုသို့လစဉ်လှူဒါန်းသည့် ငွေပမာဏသည် AA တပ်ဖွဲ့အတွက် လစဉ် အသုံးစရိတ်အား လောက်ငှနိုင်သည်ဟု ဆိုစေကာမူ ပမာဏများပြားသော လက်နက်ခဲယမ်း ဝယ်ယူရန် အတွက်မူ ခက်ခဲလိမ့်မည်ဟု သုံးသပ်ရသည်။
ဒုတိယအနေဖြင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ လက်နက်ခဲယမ်းထောက်ပံ့မှု ရှိနိုင်သည်ဟု သုံးသပ်ကြသည်။ theEasternlink.com ၏ သတင်းအရ တရုတ်လက်နက်ကုမ္ပဏီ norinco က AA အား လက်နက်ခဲယမ်း ထောက်ပံ့သည်ဟု စွပ်စွဲထားသည်။ ၂၀၂၀ ဇန်နဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာပြည်လာစဉ်ကတော့ တရုတ်အနေနှင့် မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်ပေးပို့ခြင်းမရှိဟု ငြင်းပယ်ထားသည်။
သို့မဟုတ်ပါက အရှေ့မြောက်ရှိ KIA/ UWSA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက AA အား လက်နက် ကူညီထောက်ပံ့ခြင်း သို့မဟုတ် ရောင်းချပေးခြင်းရှိသလောဟု တွက်ဆဖွယ်ရာ ရှိသည်။ သို့သော် ထိုအဖွဲ့များကလည်း ဝန်ခံမည်မဟုတ် ငြင်းဆိုကြမည်သာဖြစ်သည်။ မြန်မာပြည်ရှိ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မဆို ကူညီနိုင်သည့် အနေအထားရှိပါက မိမိထံလှည့်လာမည့် စစ်မြှားဦးအား တခြားဖက်သို့ ရောက်သွားစေရန် ကူညီနိုင်သည်ဟုသာ နိုင်ငံရေးအရ သုံးသပ်နိုင်ပေသည်။
တတိယ အချက်အနေဖြင့်AA သည် မူးယစ်ဆေးဝါးရောင်းဝယ်မှု တွင် ပါဝင်၍ အကျိုးအမြတ်ရယူသလောဆိုသည့် အချက် ဖြစ်သည်။ AA သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သည်ဟု တပ်မတော်က အတိအလင်း စွပ်စွဲသကဲ့သို့ နိုင်ငံခြားသတင်းအချို့ကလည်း သံသယရှိကြောင်း ဖော်ပြကြသည်။ ၂၀၁၆ ခုနှစ်က AA မှ အဆင့်မြင့် တာဝန်ရှိသူ ၁ ဦး အား ရန်ကုန်တွင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းနှင့် ၂၀၁၉၊ ၂၀၂၀ အတွင်း ရန်ကုန်တွင် ဖမ်းမိသော AA တပ်ဖွဲ့ဝင် အမျိုးသမီး ၁ ဦး ပါဝင်သော အဖွဲ့အား မူးယစ်ဆေးဝါးများနှင့်ဖမ်းမိသည် ကိုထောက်ပြ၍ လည်းကောင်း၊ ၂၀၂၀ တွင် တပ်မတော်က ကောင်းခါး ပသစ နှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိပြီးနောက် အဆိုပါ အဖွဲ့နှင့် AA တို့ မူးယစ်ဆေးဝါး အရောင်းအဝယ် ပတ်သက်မှု ရှိသည်ဟု တပ်မတော်က အတိအလင်း စွပ်စွဲထားသည်။
AA ကမူ မူးယစ်ဆေးဝါး အရောင်းအဝယ်ကိစ္စတွင် ပတ်သက်မှု မရှိဟု ငြင်းဆိုထားခဲ့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူများ၊ အကဲခတ်များအနေနှင့် ယတိပြတ် သုံးသပ် ပြောဆိုနိုင်ခြင်း မရှိဘဲ ထည့်သွင်းစဉ်းစားရမည့် ပြဿနာအဖြစ်သာ သဘောထားကြသည်ကို တွေ့ရသည်။
စတုတ္ထ ၁ ခုမှာ AA သည် နိုင်ငံတကာထောက်ပံ့မှု ရနိုင်သလောဟူသည့် အချက်ဖြစ်သည်။ အစောပိုင်းကာလက တရုတ်နှင့်သာ နီးစပ်သော AA အား ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် အနောက်အုပ်စုကပါ စိတ်ဝင်စားလာသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံမှ မြန်မာအစိုးရလက်ထဲသို့ လွှဲပြောင်းပေးလုနီးပါး ဖြစ်နေသော AA အဓိက ခေါင်းဆောင်၏ဇနီးအား အနောက်အုပ်စုက ဆွစ်ဇာလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရအောင် စွမ်းဆောင်ပေး ခဲ့သည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေများ အောက်တွင် AA သည် တရုတ်အပါအဝင် နိုင်ငံတကာမှ အကူအညီများရနိုင်သလောဆိုသည့် အချက်မှာ ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။
၂၀၀၉ ခုနှစ် စတင်ဖွဲ့စည်းစဉ်က လူ ၃၀ ခန့် စားသောက်ရန်ပင် KIA က ထောက်ပံ့ကျွေးမွေးမှုဖြင့် ရပ်တည်ခဲ့ရသော AA သည် ၁၀ နှစ်ကျော် ကြာမြင့်ပြီးနောက် လူအင်အားထောင်ချီအား ကိုယ်ပိုင်ကျွေးမွေးရပ်တည် လာနိုင်ပြီး လက်နက် တပ်ဆင်လာနိုင်သည့် အခြေအနေတွင် ရောက်ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း AA သည် ဘဏ္ဍာရေးပြဿနာ ပူပင်ကြောင့်ကျစရာမလိုဟုတော့ ကောက်ချက်ချ မရနိုင်ပေ။ AA သည် ဘဏ္ဍာရေး ပြဿနာနှင့် ပတ်သက်၍ အမြဲတစေ လုံးပမ်းရုန်းကန်နေရမည်ဟု သုံးသပ်ရပေသည်။
အထက်ပါအကြောင်းအချက်များအရ လက်နက်ကိုင်တပ်ဖွဲ့ ၁ ခုအဖြစ် AA ၏ လှုပ်ရှားရပ်တည်နိုင်စွမ်းကို အခြေခံအားဖြင့် သုံးသပ်နိုင်မည်ဖြစ်ပါသည်။
အပိုင်း ၄ အား ဆက်လက်ဖော်ပြသွားပါမည်။
You may also like these stories:
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)
ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၂)