လေရော မိုးပါ တပြိုင်တည်း သဲသဲမဲမဲရွာချနေချိန် ထီးကိုယ်စီ ဆောင်းလာသည့် အမျိုးသမီး ၇ ဦးမှာ စစ်တွေမြို့ပေါ်ရှိ နိုင်/ကျဉ်း ရုံးထဲသို့ အသီးသီး ဝင်ရောက်လာကြသည်။
ခပ်နွမ်းနွမ်း အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အမျိုးသမီးတချို့မှာ လက်တဖက်က နို့စို့အရွယ်ကလေးကို ချီထားသလို အခြား လက်တဖက်က ထီးကို ဆုပ်ကိုင်ထားသည်။ သူတို့၏ မျက်နှာပေါ်တွင် ပူပင်သောက ဖြစ်နေသည့် ပုံရိပ်များ အထင်းသား မြင်နေရသည်။
ထိုအမျိုးသမီးများသည် ကျောက်တော်မြို့နယ် တင်းမ (ကြီး)ကျေးရွာနှင့် တင်းမ (သစ်) ကျေးရွာများက ဖြစ်ပြီး တပ်မတော် သားများ ဖမ်းဆီးခံထားရသည့် ရွာသား ၁၈ ဦး အရေးနှင့် ပတ်သက်၍ သတင်းအစ ရှာဖွေ စုံစမ်းမရ ဖြစ်နေသည့်အတွက် ဇွန်လ ၁၅ ရက်က စစ်တွေ မြို့ပေါ်သို့ တက်ရောက်ကာ သတင်းစာ ရှင်းလင်းပွဲလုပ်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။
တင်းမ ရွာသားတွေ ဘယ်လို အဖမ်းခံခဲ့ရလဲ
တင်းမရွာသည် ကျောက်တော်မြို့နယ်ထဲတွင် တည်ရှိပြီး ရွာ၏ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် တောင်တန်းကြီးများက ဝန်းရံထားသလို ရွာအနောက်ဘက်တွင်လည်း ကုလားတန် မြစ်ကြီး ရှိသည်။ တောရိပ်တောင်ရိပ်နှင့် သဘာဝ အလှကို ပိုင်ဆိုင်ထားသည့် ဒေသဖြစ်သည်။
တင်းမရွာသူရွာသားများမှာ စပါးနှင့် ရာသီပေါ် သီးနှံများကို အဓိက စိုက်ပျိုး၍ အသက်မွေး ဝမ်းကျောင်းသူများ ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်း အထိ၎င်းတို့ ရွာဘက်ကို စစ်ပွဲသယ်ဆောင်လာသူ မရှိသလို မည်သည့် ပဋိပက္ခမှလည်း မရှိသဖြင့် အေးချမ်းစွာ လုပ်ကိုင် စားသောက်ရင်း နေထိုင်နိုင်ခဲ့ကြသည်။
ယခုနှစ် မတ်လပိုင်းမှာတော့ AA နှင့် ပတ်သက်ပြီး တင်းမရွာဘက်တွင် သေနတ်သံများ ကြားလာရပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။ ထိုပဋိပက္ခကြောင့် တပ်မတော်သားများ ရွာထဲအထိ ရောက်ရှိလာရာမှ တင်းမရွာ ကြမ္မာဆိုး ဝင်တဲ့ အဖြစ်ကို ရောက်ရှိလာခဲ့ရသည်။
မတ်လ ၁၆ ရက် ညနေပိုင်းတွင် အသက် ၅၀ အရွယ် ဒေါ်အေးရီတို့ မိသားစု ညနေစာ စောစောစားကာ အိမ်အောက်တွင် ထိုင်နေကြသည်။
တိုက်ပွဲတွေကြောင့် ဒေါ်အေးရီတို့ မိသားစု အပြင်မထွက်ရဲဘဲ ကျီးလန့်စာစား ဘဝဖြင့် နေကြရသည်မှာလည်း ၁၀ ရက် နီး ပါး ရှိလာပြီ ဖြစ်သည်။
ထိုအချိန်တွင် ရွာထဲက သေနတ်သံများကို ကြားလိုက်ရပြီးနောက် သိပ်မကြာခင် အချိန်အတွင်းမှာပဲ တပ်မတော်သား ၃ ဦး ဒေါ်အေးရီတို့ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ကျမတို့ အိမ်ထဲကို စစ်သား ၃ ယောက် ဝင်လာပြီး၂ ယောက်တော့ ပြန်ထွက်သွားတယ်။ ကျန်တဲ့တယောက်က အိမ်ပေါ် ကိုတက်မယ်လုပ်တော့ ကျမကအပေါ်မှာ ဘယ်သူမှ မရှိဘူးပြောတော့ အိမ်အောက်ဘက်ကို ပတ်လာပြီး သားလေးကို တွေ့တာနဲ့ ခင်ဗျား ထွက်ပြေးတာ မဟုတ်ဘူးလား ဆိုပြီး သေနတ်နဲ့ချိန်ပြီး ဖမ်းပါတယ်” ဟု မတ်လ ၁၆ ရက်က သားဖြစ် သူ အဖမ်းခံရပုံကို ဒေါ်အေးရီက ပြန်ပြောပြသည်။
သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ထွန်းထွန်းဝေကို တပ်မတော်သား ၁ ဦးက ဖမ်းဆီးစဉ် မိခင်ဖြစ်သူ ဒေါ်အေးရီနှင့် အဖွားဖြစ်သူ ဒေါ်မနုစိန်တို့က ကျောင်းသားဖြစ်ကြောင်း ဝိုင်းဝန်း ပြောဆိုကြသည်ဟု ဆိုသည်။
“သားလေး လက်ကို ကိုင်ပြီးတော့ ကျမက ဒါကျမသား ၈ တန်း တက်နေတာ။ ထွက်ပြေးတာ မဟုတ်ဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေတာ ဆိုပြီး ပြောတယ်။ သူ့အဖွားကလည်း ဒါ အဖွားမြေး။ သူက ကျောင်းသား ဆိုပြီး ပြောတော့ ကျမ ယောက္ခမ မျက်နှာကို သေနတ်နဲ့ တေ့ပြီး ကျည်ထိုးတော့ သူလည်း (ဒေါ်မနုစိန်) ဘာမှထပ် မပြောရဲတော့ဘူး” ဟု ဧရာဝတီသို့ ပြော သည်။
ဒေါ်အေးရီ၏ ယောက္ခဖြစ်သူ ဒေါ်မနုစိန်သည် တင်းမ (သစ်) ကျေးရွာမှ ဖြစ်ပြီး မတ်လ ၁၃ ရက်ကတည်းက ယောင်္ကျား ဖြစ်သူ အသက် ၇၀ အရွယ် ဦးမောင်စိတ်ကြီးအား တပ်မတော်သားများက ဖမ်းဆီးသွားသည့်အတွက် ခိုကိုးရာမဲ့ ဖြစ်ကာ ဒေါ်အေးရီတို့ထံ လာရောက် နေထိုင်ခြင်း ဖြစ်သည်။
ယောင်္ကျားဖြစ်သူ အဖမ်းခံရသည့် အချိန်ကစ၍ အဖွားဖြစ်သူ ဒေါ်မနုစိန်တယောက် ကြောက်လန့်နေသည့် စိတ် မပြယ်ခင်မှာဘဲ မြေးဖြစ်သူအား ထပ်မံ ဖမ်းဆီးသွားသည်ကို ဘာမှ စောဒက မတက်ရဲတော့ဘဲ ကြည့်နေရုံသာတတ်နိုင်တော့သည်။
မိခင်ဖြစ်သူ ဒေါ်အေးရီကတော့ သားဖြစ်သူကို ထုထောင်း၊ ရိုက်နှက်ခံရမည် စိုးသဖြင့် သားဖြစ်သူ၏ လက်ကို မလွှတ်စတမ်းကိုင်လျက် အိမ်အပြင်ဘက်ကို ထွက်ပြီး တပ်မတော်သားများ ခေါ်ဆောင်ရာသို့ လိုက်ပါ သွားခဲ့သည်ဟု ဆိုသည်။
“သားတယောက်တည်း ပါသွားရင် အရိုက်ခံရနိုင်တယ် ဆိုပြီး သားလေး လက်ကို မလွှတ်တော့ဘူး ” ဟု ရှင်းပြနေသည့် ဒေါ်အေးရီ၏ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝဲလာသည်။
တပ်မတော်သားများက တွေ့တွေ့သမျှ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်ပြီး ရွာ၏ အပြင်ဘက်သို့ ခေါ်ထုတ်နေသည်။ ဒေါ်အေးရီ၏ အိမ်ရှေ့မှာပင် ထွန်းမောင်ဝင်း ဆိုသူကိုလည်း တပ်မတော်သားများက ဖမ်းခေါ်လာပြီး ရိုက်နှက်နေ သည်ကိုလည်း သူမ မြင်တွေ့လိုက်ရကြောင်းလည်း ဆိုသည်။
“သားနဲ့အတူ ကျမလည်း လိုက်သွားမယ်ဆိုပြီး သူ့လက်ကို ကိုင်ထားတယ်။ အဲဒီအချိန်မှာ သားကို ဖမ်းတဲ့ စစ်သားက မြေ ထောက်ပြီး သေနတ်ကို တရပ်စပ် ပစ်ချလိုက်တော့ ကျမမှာလည်း လိပ်ပြာလွင့်သွားသလိုပဲ။ ဘာမှလည်း မပြောရဲတော့ ဘူူူူး။ သူတို့က ပြောခွင့်လည်း မပေးဘူးလေ” ဟု ဒေါ်အေးရီက ပြောသည်။
ထိုနောက် တပ်မတော်သားများသည် မောင်ထွန်းထွန်းဝေ အပါ အဝင် ရွာသားများကို အပြင်ဘက်သို့ ခေါ်ထုတ်ကာ တပ်စွဲ ထားသည့် တောင်ရှည်တောင်ပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဖမ်းဆီးခံထားရသူ မိသားစုဝင်များက ဆိုသည်။
ထိုနေ့ တပ်မတော်သားများသည် တင်းမ(ကြီး) ရွာသားထဲမှ အယောက် ၄၀ ကိုဖမ်းဆီးခဲ့ပြီး သက်ကြီးပိုင်း ရွာသားများကို ပြန်လွှတ်ပေးကာ လူငယ်၊ လူလတ်ပိုင်း ရွာသား ၁၀ ဦးကို တောင်ရှည်တောင်ပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောပြကြသည်။
အဆိုပါ တင်းမ (ကြီး) ကျေးရွာမှ ဖမ်းဆီးခံထားရသူများမှာ ဦးမောင်ဝင်းကြီး ၄၈ နှစ်၊ ဦး မောင်ဝင်းချေ (၄၂ နှစ်)၊ ဦးကြည် လင်း (၃၆ နှစ်) ၊ ဦးအောင်ညွန့် (၆၀ နှစ်)၊ ဦးမောင်ဝန်းစိန် (၅၀ နှစ်) ၊ ဦးသန်းမောင်ထွန်း (၄၀ နှစ်) ၊ မောင်ထွန်းထွန်းဝေ (၁၄ နှစ်)၊ ဦးယဉ်မောင် (၃၈ နှစ်)၊ ကိုနေလင်းဦး (၂၅ နှစ်)နှင့် ဦးထွန်းမောင်ဝင်း (၄၂ နှစ်) တို့ ဖြစ်ကြောင်း မိသားစုဝင် များက ပြောသည်။

“ဆွံ့အ” နားမကြား အုပ်ချုပ်ရေးမှူး သား ဖမ်းဆီးခံရ
တပ်မတော်သားများ ဖမ်ဆီးသွားသည့် ရွာသား ၁၀ ဦးထဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝန်း၏ သား ဖြစ်သူ အသက်၂၆ နှစ်အရွယ် ကိုနေလင်းဦး လည်း ပါဝင်ခဲ့သည်။
ကိုနေလင်းဦးသည် မွေးရာပါ ဆ့ွံအ နားမကြားသူ ဖြစ်ပြီး မတ်လ ၁၆ ရက်က တပ်မတော်သားများကို ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဉ် ကြောက်ရွံ့ပြီး အိမ်ဘေးနားရှိ စာကြည့်တိုက်ထဲတွင် ဝင်ရောက် ပုန်းရှောင်နေရင်း ဖမ်းဆီးခံရခြင်း ဖြစ် ကြောင်း မိခင်ဖြစ်သူ ဒေါ်ဦးသန်းရီက ပြောသည်။
သားဖြစ်သူ စာကြည့်တိုက်ထဲ ဝင်ပုန်းနေသည်ကို အိမ်ဘေးနားက ဆွေမျိုးတော်စပ်သူ စစ်မှုထမ်းဟောင်း တဦးက သတိ ပေး ပြောကြားမှ မိခင် ဖြစ်သူ ဒေါ်ဦးသန်းရီ သိရှိခဲ့ရသည်။
“ဟေ့ နင့်သား စာကြည့်ထဲ ဝင်သွားတယ် ဆိုမှ ကျမလည်း စိတ်က ပူထူသွားတယ်။ သူ့ကို ပြန်ခေါ်ဖို့လည်း အချိန်မရ လိုက်တော့ဘူး” ဟု ဒေါ်ဦးသန်းရီက ဖြစ်စဉ်ကို ပြန်ပြောပြသည်။
ကိုနေလင်းဦး၏ ဖခင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး တယောက်ဖြစ်သည့်အတွက် သူတို့ အိမ်သို့ တပ်မတော်သားများ မကြာခဏ လာရောက်တတ်ကြောင်းလည်း သူမက ဆိုသည်။
ယခင် လာရောက်စဉ် တပ်မတော်သားများ ကိုနေလင်းဦး၏ မျက်နှာကို သေနတ်နှင့် ချိန်ပြီး စစ်ဆေးမေးမြန်းမှု တကြိမ် ခံခဲ့ရကာ ယင်းအချိန်ကတည်းက သူ့မှာ ကြောက်စိတ် ဝင်သွားခဲ့ကြောင်းလည်း ဒေါ်ဦးသန်းရီ က ပြောပြသည်။
“ပထမတကြိမ် စစ်သားတွေ အိမ်လာကတည်းက သားလေးကို သေနတ်နဲ့ ချိန်ထားတယ်။ ကျမသားလေးက စကားမပြော တတ်ဘူး။ ဘအ(ရွှေအ)၊ နားလဲ မကြားဘူးလို့ ကျမက ပြောပြတော့ စစ်သားတွေက စကားမပြောတတ်တာ ငါတို့ လုပ် တာလား ဆိုပြီး ကျမကို ရန်ရှာပါတယ်။ အဲဒီကတည်း သားလေးက စစ်သားတွေ လာရင် အိမ်မှာ မနေဝံ့ဘူး” ဟု သား၏ ဖြစ်ရပ်ကို ရင်ဖွင့်သည်။
ဖမ်းဆီးခဲ့စဉ်က ဆွေမျိုးတော်စပ်သူ စစ်မှူးထမ်းဟောင်းနှင့် မိခင်ဖြစ်သူ ဒေါ်ဦးသန်းရီတို့ အမျိုးမျိုး ရှင်းပြသော်လည်း တပ် မတော်သားများကတော့ ကိုနေလင်းဦးကို ပြန်လွှတ်မပေးဘဲ နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မိခင်ဖြစ်သူက ပြောဆိုသည်။
“အဲဒီ ဖမ်းတဲ့အထဲမှာ အတွင်းရေးမှူး (ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်) လည်း ပါသွားတယ်။ စစ်သားတွေက ခင်ဗျားတို့ ရွာသား ၁၀ ယောက်ကို မနက်ဖြန် မနက် ၈ နာရီမှာ ပြန်လွှတ်ပေးမယ်။ ဘာမှ မကြောက်ကြနဲ့ ဆိုပြီး မှာခဲ့တယ်လို့ ပြော တယ်” ဟု ဒေါ်ဦးသန်းရီက စီးကျနေသည့် မျက်ရည်သုတ်ရင်း ပြောသည်။
ဖမ်းဆီးခံ မိသားစုဝင်များသည် အိပ်ရာ မဝင်ရဲကြတော့ဘဲ နောက်တနေ့ မနက် မြန်မြန်ရောက်ဖို့ကိုသာ ဆုတောင်ပြီး တည လုံး ထိုင်စောင့်နေခဲ့ကြသည်။
နောက်တနေ့ မနက် ၈ နာရီ ထိုးသော်လည်း ဖမ်းဆီးခံ ရွာသား ၁၀ ဦး ပြန်လွတ်လာခြင်း မရှိတော့သည့်အတွက် ရပ်ရွာ လူကြီးများနှင့် မိသားစုဝင်များက တောင်ရှည်တောင်ပေါ်သို့ လိုက်သွားကြရန် လူစုခဲ့ကြသည် ဟုလည်း ဖမ်းဆီးခံ မိသားစု ဝင်များက ပြောပြသည်။
ထိုသို့ ရွာသားများ လူစုနေဆဲအချိန်တွင် တပ်မတော်သားများ နောက်တကြိမ် ရွာထဲသို့ ဝင်ရောက်ပြီး ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်လာကြောင်း ရွာသားများက ပြောသည်။
“ရွာလူကြီးတွေလည်း အဖမ်းခံရမှာ ကြောက်ပြီး ကျမတို့လည်း တောင်ရှည်တောင်ကို မသွားဖြစ်တော့ဘူး။ အဲဒီနေ့ နေဝင် တာနဲ့ ရွာသားတွေ ထွက်ပြေးလာကြတယ်” ဟု ဖမ်းဆီးခံ ကိုထွန်းထွန်းဝေ၏ မိခင် ဒေါ်အေးရီက ပြောပြသည်။
နောက်ထပ် တကြိမ် ဖမ်းဆီးခဲ့ရာတွင် အဆိုပါ ရပ်/ကျေး လူကြီးများကို ရွာလယ်တွင် စုကာ ရက္ခိုင် စစ်တပ် (AA) တပ် ဖွဲ့ဝင်များ ဖြစ်ကြောင်း ထွက်ဆိုခိုင်းပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ပြန်လွှတ်ပေးခဲ့သည် ဟုလည်း ကျေးရွာသားများက ပြောပြသည်။
“ခင်ဗျားတို့ ရွာသားတွေ ကျနော်တို့ ပြောတဲ့အတိုင်း ပြောရင် ဘာမှ မလုပ်ဘူး။ ပြောတဲ့အတိုင်း မလုပ်ရင် အကုန် ပစ်သတ် မယ် ဆိုပြီးပြောပါတယ်။ ရွာသားတွေကို ပခုံးကိုင်ပြီးတော့ ခင်ဗျား AA ခေါင်းဆောင်နော်၊ ဟုတ်ပါတယ် ဆိုပြီး ဝန်ခံရ တယ်။ နောက်တယောက်ကိုလည်း ခင်ဗျား AA ရိက္ခာ တာဝန်ခံနော်၊ ဟုတ်ပါတယ် ဆိုတာ ဝန်ခံရပါတယ်” ဟု ဒေါ်အေးရီ က သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရပုံကို ပြန်လည် ပြောသည်။
အထက်ကို တင်ပြရမည် ဖြစ်သည့်အတွက် ရွာသားများကို ထိုသို့ မလုပ်ချင်ဘဲ လုပ်ရခြင်းသာ ဖြစ်ကြောင်း တပ်မတော် သားများက ပြောဆိုခဲ့သည်ဟုလည်း တင်းမရွာသားများက ဆိုသည်။
တင်းမ ကျေးရွာ အထက်တန်း ကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်အေးကတော့ မောင်ထွန်းထွန်းဝေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဋ္ဌမတန်း သင်ကြားနေသော ကျောင်းသားတယောက် ဖြစ်ကြောင်းကို လက်မှတ်အတည်ပြု ပေးထားသည်။
တင်းမ ရွာသားများ စတင် ထွက်ပြေး
တပ်မတော်သားများသည် ရွာသားများကို ထွက်မပြေးရန် မှာကြားထားပြီး ပြေးရင် ရွာကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက် ထားသည်ဟု ရွာသားများက ဆိုသည်။
အခြေအနေ ဆိုးလာနိုင်သည့် အတွက် ရွာသားများမှာ ကျောက်တော်မြို့ပေါ်နှင့် နီးစပ်ရာ ဆွေမျိုးများရှိရာသို့ အခွင့်ကြုံ လျှင် ကြုံသလို ထွက်ပြေးကြသော်လည်း ဖမ်းဆီးခံ မိသားစုဝင်များမှာတော့ တပ်မတော်သားများ လက်ထဲက မိသားစု ပြန် လွတ်လာမည့် အချိန်ကို စောင့်နေခဲ့ကြသည် ဟုလည်း ပြောဆိုသည်။
အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ဒေါ်ဦးသန်းရီးက “ကျမ တယောက်ထဲလည်း တောင်ရှည်တောင်ပေါ်ကို သွားကြည့်ပါတယ်။ ရွာ က အမျိုးသမီးတွေကို ခေါ်ပြီးတော့လည်း သွားကြည့်တယ်။ ဖမ်းခံထားတဲ့ ရွာသားတွေ တောင်ပေါ်မှာ အလုပ်ခိုင်းထားပါ တယ်။ မြေကြီးတူးသူကတူး၊ ပခုံးပေါ်တင်ပြီး မြေကြီးတွေ သယ်နေကြတာကို မြင်ရပါတယ်။ အဲဒီအထဲမှာ ကျမ သားလေး ကိုလည်း လှမ်းမြင်ရပါတယ်” ဟု ပြောရင်း ငိုလေသည်။
တင်းမရွာတွင် ရွာသူ ရွာသားများ ထွက်ပြေးကြ၍ နောက်ပိုင်း၌ လူ မကျန်သလောက် ဖြစ်လာသည်။ ဖမ်းဆီးခံ မိသားစုဝင် များမှာလည်း ဆက်နေရန် လုံးဝ မဖြစ်နိုင်တော့သည့် အနေအထား ရောက်လာသည့်အတွက် မတ်လ ၂၀ ရက် ညတွင် ကုလားတန်မြစ်ကို ကူးဖြတ်ကာ ရွာကို စွန့်ခွာလာခဲ့ရသည်။
“နေဝင်တာနဲ့ ကျမတို့ ထွက်ပြေးကြတယ်။ မီးလည်း မထွန်းရဘူး။ မီးရောင်မြင်ရင်လည်း လှမ်းပစ်တယ်။ ကုလားတန်မြစ်ကို လှေနဲ့ ကူးပြီးတော့ တောလမ်းအတိုင်း ပစ္စည်းတွေလည်း မယူနိုင်ဘူး။ မှောင်မှောင်မဲမဲထဲမှာ ထွက်ပြေးလာခဲ့ရတာ” ဖမ်း ဆီးခံထားရသူ ဦးကြည်လင်း၏ ဇနီး ဒေါ်ဝင်းမေဦးက ပြောသည်။
တင်းမရွာ တရွာလုံး ထွက်ပြေးကြရာတွင် အုပ်ချုပ်ရေးမှူးသား ကိုနေလင်းဦး ဇနီးက သူမ ယောင်္ကျား မပါဘဲ မသွားနိုင်ဟု ဆိုသည်။ သူ့ဇနီးမှာလည်း ကိုနေလင်းဦး ကဲ့သို့ မွေးရာပါ စကား မပြောတတ်သူ ဖြစ်ကာ သား ၁ ယောက်လည်း ရှိ၏။
သူမ အမျိုးသား မပါဘဲ ရွာကနေ လုံးဝ မသွားဟု ၂ နှစ် အရွယ်သား ကလေးကို ချီကာ လက်ဟန်၊ ကိုယ်နေဟန်ထား များဖြင့် အမျိုးမျိုး လုပ်ပြကာ ရွာကနေ ထွက်ပြေးဖို့ အရေးကို ငြင်းဆန်နေသည့်အတွက် မိသားစုဝင်များက မနည်း ဖျောင်းဖျကာ လှေပေါ်သို့ တွန်းတင်ပြီး ထွက်ပြေးလာခဲ့ရခြင်း ဖြစ်သည်ဟုလည်း မိသားစုဝင်များက ပြန်ပြောပြသည်။
တောင်ရှည်တောင်ပေါ်တွင် တပ်စွဲ နေထိုင်သော စစ်ကြောင်း
ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ် ကုလားတန်မြစ်ကြောင်း အနီးရှိ မီးဝ ဗျူဟာကုန်း တိုက်ပွဲအတွင်း တပ် မတော်နှင့် AA တို့ ဖေဖော်ဝါရီလဆန်းပိုင်းကတည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက် နေသည့် အတွက် နှစ်ဖက် ထိတွေ့တိုက်ပွဲများမှာ ပြင်းထန်ခဲ့သည်။
စစ်ကူလာသော တပ်မတော်သားများမှာ မတ်လဆန်းပိုင်း ကတည်းက အဆိုပါ တင်းမရွာအနီးရှိ တောင်တန်းများသို့ ရောက်ရှိလာပြီး တောင်ရှည်တောင် အနီးဝန်းကျင် တဝိုက် တောင်တန်း၊ တောင်ကုန်းများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် တင်းမ ကျေးရွာဘုန်းတော်ကြီး ကျောင်းအတွင်းသို့ လက်နက်ကြီး ကျည်ဆန်များ ကျ ရောက် ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းဆောင်တချို့လည်း ပျက်စီးသွားခဲ့ကြောင်း တင်းမဆရာတော်က မိန့်သည်။
“တိုက်ပွဲ ငြိမ်သွားလို့ ကိုယ်တော်ကျောင်းကို တပ်မတော်သားတွေ လာရောက်ကြတယ်။ တပ်မ ၅၅ ဘက်တံဆိပ်နဲ့ပါ။ ကိုယ်တော်က ကျောင်းထဲ လက်နက်ကြီးကျတာကို ပြတော့ သစ်ဝယ်ပြီး ပြုပြင်ဖို့ ငွေ ၃၀၀၀၀ လှူသွားတယ်။ ပြည်သူတွေ မထိခိုက်အောင် ကာကွယ်ပေးသင့်တယ် ဆိုတာ ပြောပြတော့ AA က ရွာကို အကာအကွယ်ယူပြီး ပစ်လို့ ဖြစ်တာလို့ ပြော တယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ရွာအနီးရှိ တောင်ရှည်တောင်ပေါ် တပ်စွဲ နေထိုင်ကြသည့် တပ်မတော်သားများမှာ ကျေးရွာအတွင်းသို့ မကြာခဏ ဝင် ရောက်ကာ ရွာသားများ ပိုင်ဆိုင်သည့် ကြက်နှင့်စားသောက်စရာများကို ယူဆောင်ခဲ့ကြောင်း ရွာသားများက ပြောသည်။
“ပထမ ရွာကိုလာတုန်းကတော့ ပစ္စည်းတွေကို ဝယ်တယ်။ ရွာလူကြီးတွေကိုလည်း တန်ဖိုးငွေ ပေးယူတာ၊ အလကား ယူ တာ ဘာမှ မရှိဘူး ဆိုပြီး လက်မှတ် ထိုးခိုင်းတယ်။ လက်မှတ် ထိုးပေးပြီး နောက်နေ့ ရွာထဲက ကြက်တွေဖမ်းပြီး ယူချင်တာ အကုန် ယူတယ်။ ရွာမှာ ကြက်တွန်သံတောင် လုံးဝ မကြားရတော့ဘူး” ဟု တင်းမ ရွာသူ ဒေါ်အေးရီက ပြောပြ သည်။
ထိုသို့ တပ်မတော် စစ်ကြောင်းက ရွာသားများ၏ ပစ္စည်းများကို ယူဆောင်မှုများ ရှိခဲ့ပြီး နောက်ပိုင်းတွင် ရွာသားများ ကိုလည်း ဖမ်းဆီးမှုများ ရှိလာသည့်အတွက် တင်းမကျေးရွာသားများမှာ အိုးအိမ်များကို စွန့်ခွာပြီး ရွာမှ ထွက်ပြေးခဲ့ရာ၊ မတ်လ ၂၂ ရက်၌ အိမ်ခြေ ၇၀၀ ကျော် ရှိသည့် ယင်း ကျေးရွာမှာ မိးရှို့ ဖျက်စီးခံလိုက်ရကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။

တင်းမ (သစ်) မှ ရွာသား ၈ ဦးလည်း အလားတူ ဖမ်းဆီးခံရ
မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက တင်းမ (သစ်) ကျေးရွာမှ ရွာသား ၈ ဦးကိုလည်း တပ်မတော်သားများက ရွာထဲသို့ ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံထားရသူ ဦးမောင်မြင့်အေး၏ ဇနီး ဒေါ်ခိုင်စိန်ဝင်းက “ကျမ အမျိုသားက အိမ်ထဲမှာ ထိုင်နေတာ။ ရွာထဲကို စစ် သားတွေ ဝင်လာပြီးတော့ အိမ်ရှေ့က ထွက်ခဲ့ဆိုပြီး ခေါ်ပါတယ်။ သေနတ်နဲ့ပစ်မှာ ကြောက်တော့ ကျမ အမျိုးသား လိုက် သွားရတာ။ ကျမတို့လည်း မပြောရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တင်းမ(သစ်) ကျေးရွာအနီးတွင် တပ်စွဲ နေထိုင်သော တပ်မတော်သားများသည် ကျေးရွာအတွင်းသို့ ၂ ကြိမ် ဝင်ရောက် လာပြီး ပထမတကြိမ်တွင် ဆန်နှင့် ကြက်များ ဝယ်ယူသွားခဲ့ပြီး ဒုတိယတကြိမ် ဝင်ရောက်လာခဲ့ရာတွင် ရွာသားများကို ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံများ၏ မိသားစုဝင်များက ဆိုသည်။
ဖမ်းဆီးခံထားရသူ ဦးမောင်ထွန်းစိန်၏ ဇနီး ဒေါ်မလုံးစိန်က “စစ်သားတွေ ကျမတို့ ရွာထဲကို ပထမတကြိမ် လာတုန်းက ဘာမှမလုပ်ဘူး။ ဆန်တွေ၊ ကြက်တွေကို ကျသင့်တဲ့ တန်ဖိုးပေးပြီး ဝယ်သွားတယ်။ နောက်တကြိမ်လာတဲ့အခါ ရွာသား တွေကို ဝင်ပြီးတော့ ဖမ်းတယ်။ အခုထိလည်း ဘယ်မှာ ဖမ်းထားမှန်းလည်း မသိဘူး” ဟု ပြန်ပြောပြသည်။
အဆိုပါ ဖမ်းဆီးခံထားရသည့် တင်းမ(သစ်) ကျေးရွာမှ ရွာသားများမှာ ဦးမောင်စိတ်ကြီး (၇၁ နှစ်) ၊ ဦးကျော်ဝင်းမောင် (၃၆ နှစ်) ၊ ဦးလှကျော်ကြီး (၇၀ နှစ်) ၊ ဦးမောင်သန်းစိုး (၃၄ နှစ်) ၊ ဦးစောရွှေသန်း (၄၅ နှစ်) ၊ ဦးစံသာ မောင်(၅၂ နှစ်)၊ ဦးမောင်မြင့်အေး (၄၉ နှစ်)၊ ဦးမောင်ထွန်းစိန် ( ၆၂ နှစ်) တို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။
စစ်ဆေးစရာ ရှိသည်များကို စစ်ဆေးပြီး နောက်တနေ့ ပြန်လွှတ်ပေးမည် ဆိုကာ တပ်မတော်သားများ ဖမ်းဆီးသွားက တည်းက တင်းမ (သစ်) ကျေးရွာသား ၈ ဦး၏ သတင်းမှာလည်း ရှာဖွေ စုံစမ်းမရဘဲ ယနေ့အထိ ပျောက်ဆုံးနေသည်။
တင်းမ ရွာသားများ ဖမ်းဆီးခံရမှု ကိစ္စအပေါ် တပ်မတော် တုံ့ပြန်ချက်
ထိုသို့ တင်းမရွာ ၂ ရွာမှ ရွာသားများ ဖမ်းဆီးခံထားရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီမှ ဇွန်လ ၄ ရက်က တပ်မတော် သတင်း ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခဲ့ရာ မတ်လ ၁၃ ရက် ၁၆ ရက်ဝန်းကျင်က ရွာသား များကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ် မရှိခဲ့ကြောင်းဟု ဆိုသည်။
သို့သော်လည်း ယင်းနေ့ရက်များက တင်းမကျေးရွာ၏ အရှေ့မြောက်ဘက်၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် များ ရှိကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဲဒီလိုမျိုးတော့ မကြားမိဘူး။ ဖမ်းဆီးတယ် ရှိတယ် ဆိုရင်တော့ သတင်း မထုတ်ပြန်စရာ အကြောင်း မရှိဘူး။ အဲဒီနေ့ ဝန်းကျင်းက တင်းမရွာရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ ရန်သူ့ဆီက အလောင်း၊ လက်နက် တော်တော်များများ ရလိုက်တာ ရှိတယ်။ အဲဒီ တခုပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တင်းမ(ကြီး)ရွာနှင့် တင်းမ (သစ်) ရွာမှ ဖမ်းဆီးခံရသည့် မိသားစုဝင်များသည့် ဇွန်လ ၁၅ ရက် စစ်တွေမြို့သို့ ရောက်ရှိလာ ပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ဖမ်းဆီးခံရသည့် ဖြစ်စဉ် အသေးစိတ်ကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လျက် ရှင်းပြ ခဲ့သည်။
တင်းမ (ကြီး) ကျေးရွာမှ ဖမ်းဆီးခံထားရသူ ဦးကြည်လင်း၏ ဇနီး ဒေါ်ဝင်းမေဦးက “တပ်က ဖမ်းဆီးခဲ့တာ မရှိဘူး ဆိုပြီး ဘယ်လို ငြင်းလို့ရမှာလဲ။ ကျမတို့ ရှေ့မှာ ဖမ်းခေါ်သွားတာ။ အိမ်ထဲကနေ ထွက်ခဲ့ ထွက်ခဲ့ ဆိုပြီး ဖမ်းခေါ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
မျက်မြင် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မိသားစုဝင်များက တပ်မတော်သားများ ဖမ်းဆီးသည်ဆိုသည့် အကြောင်းကို သတင်းစာ ရှင်းလင်း ပြောကြားလာသည့် ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီမှ ဇွန်လ ၂၂ ရက်က တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းအား ထပ်မံ ဆက်သွယ် မေးမြန်းခဲ့သည်။
“တင်းမကျေးရွာ ကိစ္စ မေးပြီးပြီ။ အောက်ခြေမှာလည်း ဖမ်းဆီးမှု မရှိဘူး။ သူတို့ (ရွာသား) ပြောတဲ့ ဖြစ်စဉ်၊ ရက်စွဲတွေနဲ့ အောက်ခြေ စစ်ကြောင်းတွေကို စိစစ်ပြီး ဖြစ်တယ်။ ဒါကြောင့်မို့ ခိုင်ခိုင်မာမာ ပြောခြင်း ဖြစ်တယ်။ ဖမ်းဆီးမှု မရှိပါ” ဟု ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ငြင်းဆိုသည်။
ဒေသခံ ကျေးရွာသားမျာက ၎င်းတို့ ထွက်ပြေးလာသည့်အတွက် တပ်မတော်သားများ မီးရှို့ခြင်း ဖြစ်သည်ဟု စွပ်စွဲကြ သော်လည်း ထိုကဲ့သို့ ပြောဆို ရေးသားနေမှုများမှာ တပ်မတော်နှင့် ပြည်သူများကြား အထင်အမြင် လွဲမှားစေရန် ဝါဒဖြန့် ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း တပ်မတော် သတင်းပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားသည်။
တင်းမ ကျေးရွာများ၏ မြေပြင် အခြေအနေအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ကြည့်ရှုခဲ့ရာတွင် နေအိမ်များ မီး လောင်ကျွမ်းမှု မရှိဘဲ ပုံမှန် အခြေအနေအထားအတိုင်းသာ ရှိကြောင်း ဧပြီလအတွင်းက ဓာတ်ပုံ၊ မှတ်တမ်းများဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း တင်းမကျေးရွာ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် နေအိမ်အလုံး ၅၀၀ ကျော် ပြန်လည် တည်ဆောက်နိုင်ရန် ရခိုင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ငွေကျပ် သိန်း ၉၀၀ ကျော်အား ဧပြီလ၂၂ ရက် ထောက်ပံ့ ကူညီမှုပေးခဲ့သည်။

ဖမ်းဆီးခံ ရွာသား ၁၈ ဦး အတွက် နိုင်ငံတော် အကြီးအကဲထံ တိုင်ကြား
ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ရွာသားများ ဖမ်းဆီးခံရမှုဖြစ်စဉ် အပါအဝင် ရွာမီးရှို့ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တော် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦး ထွန်းဝင်းတို့က လက်မှတ်ထိုးကာ နိုင်ငံတော် အကြီးအကဲများထံ တိုင်ကြားစာများ ပေးပို့ခဲ့သည်။
နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ထံ လူ့အခွင့်ရေး ချိုး ဖောက်ခံရမှုများနှင့် ပြည်သူများ နစ်နာဆုံးရှုံးမှုများကို ကွင်းဆင်း စစ်ဆေးပြီး ဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရန် မတ်လ နောက်ဆုံးအပတ်က တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်းလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြော သည်။
“ကျနော်တို့ ဒီလူတွေကို ကြည့်ပြီးတော့ တော်တော်လည်း စိတ်မကောင်း ဖြစ်ရတယ်။ အဲဒါကြောင့် သက်ဆိုင်တဲ့ ပုဂ္ဂိုလ် တွေအနေနဲ့ ဒီအပေါ်မှာ အလေးထားပြီးတော့ ဖြေရှင်း ပေးကြဖို့၊ တာဝန်ယူမှု တာဝန်ခံမှု နဲ့ တစုံတခု တုံ့ပြန် ပြောကြား ဖို့ ကျနော်အနေနဲ့ တောင်းဆိုချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်အမှန် ပေါ်ပေါက်လာစေရန် တိုင်ကြားစာများ ပေးပို့ထားသော်လည်း လက်ရှိအချိန်အထိ သက်ဆိုင်ရာ အဖွဲ့အစည်း များထံက တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးဦးထွန်းဝင်းက ဆိုသည်။
တင်းမ ရွာသား ၁၈ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များ၏ တိုင်တန်းလာသည့်အတွက် စစ်တွေ အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ကလည်း နိုင်ငံတော် အကြီးအကဲများနှင့် အမျိုးသား လူ့ အခွင့်ရေး ကော်မရှင်တို့ထံ မတ်လ နောက်ဆုံးအပတ်က တိုင်ကြားစာများ ပေးပို့ခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်ထိ အကြောင်း တစုံတရာ ပြန်ကြားလာခြင်း မရှိသေးကြောင်းလည်း ယင်းအဖွဲ့မှ ရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။
“ဒါက လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ။ သက်ဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုသလို အစိုးရကလည်း ဒါကို အရေးယူပေးဖို့ တွန်းအားပေးဖို့ လိုတယ်” ဟု ရှေ့နေ ဦးဇော်ဇော်မင်း က ထောက်ပြသည်။
တင်းမ ရွာသားများကတော့ နေအိမ်များ မီးလောင် ပြာကျသွားသည့် အခြေအနေကိုပင် သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိ တော့ဘဲ စစ်ဘေးရှောင် စခန်းများတွင် ဒုက္ခသည်အဖြစ်နှင့် နေထိုင်ရင်း လောကဓံကို ခါးစည်းခံနေကြရသည်။
တင်းမ ရွာသူ၊ ရွာသားများမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်အနှံ့ ပြန့်ကျဲရောက်ရှိသွားကာ၊ အများစုမှာတော့ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံနေကြရသည်။ စစ်ဘေးရှောင် စခန်းတွင် ဝင်ရောက် ခိုလှုံနေရင်း ဖမ်းဆီးခံ မိသားစုဝင်များအနေဖြင့် သားဖြစ်သူ၊ ယောင်္ကျားဖြစ်သူတို့ ပြန် လွတ်မြောက်လာမည့်နေ့ကို မျှော်နေကြရင်း မိသားစု အနာဂတ် လမ်းစလည်း ပျောက်ဆုံးနေကြပြီ ဖြစ်လေသည်။
တင်းမရွာသား ၁၈ ဦး အသက်ရှင်လျှက် ရှိနေသေးလား
တင်းမရွာသား ၁၈ ဦး ဖမ်းဆီးခံရမှုကို မျက်မြင်သက်သေ မိသားစုဝင်များက တိုင်းသိပြည်သိ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အခိုင်အမာ ပြောဆိုနေသော်လည်း တပ်မတော်ဘက်ကတော့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ငြင်းဆိုသည်။ မြေပြင်သတင်း အတိအကျ မရသေး၍လည်း ဖြစ်နိုင်သည်။
သို့သော်လည်း မိသားစုဝင်များမှာ ဖမ်းဆီးခံထားရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေသည့် ၎င်းတို့၏ ခင်ပွန်းနှင့် သားများ အတွက် စိုးရိမ်ပူပန်နေကြသည်။ ပဋိပက္ခအကြား လက်စဖျောက်ခံလိုက်ရမည်ကို စိုးရိမ်နေမှုများလည်း ရှိနေသည်။
ဖမ်းဆီးခံ ရွာသား ၁၈ ဦးထဲတွင် တင်းမ (သစ်) ရွာမှ ကလေး ၃ ယောက် မိခင် ဒေါ်မအေးလှ ၏ ခင်ပွန်း မောင်သန်းစိုးလည်း ပါဝင်သည်။ ဖခင် ဖမ်းဆီးခံရနှင့် ပတ်သက်ပြီး ကလေးများက နေ့စဉ်နီးပါး မေးခွန်းထုတ်နေမှုကို သူမအနေဖြင့် ဖြေရှင်းရန် လမ်းစပျောက်နေကြောင်း ဒေါ်မအေးလှ က ပြောရင်း ငိုရှာသည်။
“ကျမမှာ ကလေး ၃ ယောက်ရှိတယ်။ တနေ့လာရင် အဖေ ဘယ်တော့ ပြန်လာမှာလဲ၊ အဖေဘယ်တော့ ပြန်လာမှာလဲ၊ ကျမ အဖြေရခက်နေပြီ။ သူတို့ကို ဖြေရမယ့် အဖြေကို ကျမ ရှာလို့ မတွေ့တော့ဘူး ဖြစ်နေတယ်။ အဖေကြီး စစ်သားတွေ ဖမ်းသွားတယ်ဆိုတော့ သားသားတို့ ဘယ်လိုလုပ်မှာလဲ အမေရယ် မေးတော့ ကျမ ဖြေရခက်တယ်” ဟု ဒေါ်မအေးလှ က ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်က ဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး သတင်း အစအန ပျောက်နေ
ရခိုင်စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်ကြုံနေရ
တိုက်ပွဲများကြောင့် ရိက္ခာပြတ်၍ အမ်းမြို့နယ်မှ ရွာသား ၄၀၀ ကျော် နေရပ်စွန့်ခွာ