ပြီးခဲ့သည့် နှစ်များအတွင်း ဗုဒ္ဓဘာသာ အစွန်းရောက် အမျိုးသားရေးဝါဒ မြင့်တက်လာမှုတခုနှင့် အတူ မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများ တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များသည် (ရံဖန်ရံခါတွင် အသက် အန္တရာယ် ရှိသည့်) ပဋိပက္ခ၏ ပစ်မှတ်များ ဖြစ်ခဲ့ရသည်။
လူဦးရေ ၂.၆ သန်း ရှိသော ဘာသာရေး လူနည်းစု (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တိုင်းပြည်ရှိ လူဦးရေ ၅၁ သန်း၏ ၅ ရာခိုင်နှုန်းခန့်) သည် တိုင်းပြည်အတွင်းတွင် သွေးထွက်သံယို မတည်ငြိမ်မှုကို လှုံ့ဆော်ရန် ကြိုးစားနေသည့် အမျိုးသားရေးဝါဒီများ၏ ခုတုံးလုပ်ခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သည့် မွတ်ဆလင်ဆန့်ကျင်ရေး ပြောဟောမှုများကို အသုံးပြု၍ သူတို့က ဗုဒ္ဓဘာသာ၏ အခြေခံ အုတ်မြစ်များသည် တိုက်ခိုက်ခြင်းခံနေရကြောင်းနှင့် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ကဲ့သို့သော “အစွန်းရောက်ဝါဒီ” ဘာသာတရားများ၏ သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ရာတွင် နိုးနိုးကြားကြား ရှိရမည် ဖြစ်ကြောင်း ပြောကြသည်။
နိုင်ငံရေးအရလည်း ဗုဒ္ဓဘာသာဝင် သဘောထား ပြင်းထန်သူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကာလတွင် မွတ်ဆလင် လိုလားသော ပါတီအဖြစ် သရုပ်ဖော်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တိုက်ခိုက်ရာတွင် မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများကို လှုံ့ဆော်ခဲ့သည်။ တိုင်းပြည်၏ ဗုဒ္ဓဘာသာ လူများစုက မဲမပေးသင့်သည့် ပါတီတခုအဖြစ် မှားယွင်းစွပ်စွဲခြင်း ခံရမည်ကို စိုးရမ် သတိပြုမိကြောင်း သိသာထင်ရှားစွာဖြင့် NLD က ထိုရွေးကောက်ပွဲအတွက် မွတ်ဆလင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ရှောင်ရှားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ မွတ်ဆလင် အများအပြားက ပြည်သူလူထု အားလုံးအတွက် တန်းတူညီမျှ အခွင့်အရေးရရှိစေသည့် ဒီမိုကရေစီကို ယူဆောင်ပေးရန် မျှော်လင့်ချက်ဖြင့် NLD ကို မဲပေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်တွင် အာဏာရရှိလာသောအခါ မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို ထိန်းသိမ်းရန် NLD ဦးဆောင်သော အစိုးရက ဗုဒ္ဓဘာသာ အစွန်းရောက်အုပ်စုဖြစ်သော မဘသ အဖွဲ့အား တရားမဝင် အသင်းအဖွဲ့အဖြစ် ကြေညာခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုနှင့် သွေးထိုးလှုံ့ဆော်မှု ကျူးလွန်သူများကို တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ဘာသာရေး လွတ်လပ်ခွင့် သို့မဟုတ် နိုင်ငံသား ဖြစ်ခွင့်မှ နှောင့်နှေးမှုများနှင့် အတားအဆီးများကို ဖယ်ရှားခြင်း စသည့် မွတ်ဆလင်များ၏ မျှော်လင့်ချက်များက မပြည့်ဝသေးပါ။ ယခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရိုဟင်ဂျာ ခေါ် ရခိုင်ပြည်မြောက်ပိုင်းနေနှင့် ပြည်တွင်းနေ မွတ်စလင်အချို့ ၏ လျှောက်ထားခြင်း များသည် ၎င်းတို့၏ မိဘများသည် မြန်မာနိုင်ငံသားများမဟုတ် ဆိုသည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေများအရ ကိုယ်စားလှယ်လောင်း၏ မိဘများသည် နိုင်ငံသားများ ဖြစ်ရန် လိုအပ်သည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၈ သန်းရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား မွတ်ဆလင်များလည်း ပါဝင်သည်။
ရွေးကောက်ပွဲများ ကျင်းပရန် တလပင် မလိုတော့သည့် အချိန်၌ ဧရာဝတီက မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား သူတို့ အသိုင်းအဝိုင်း၏ မဲပေးလိုသော ဆန္ဒ၊ ရွေးကောက်ပွဲအတွက် သူတို့မျှော်လင့်ချက်၊ အထွေထွေရွေးကောက်ပွဲအပြီးတွင် သူတို့ မြင်တွေ့ချင်သည့် အပြောင်းအလဲများနှင့် ယခင်ရွေးကောက်ပွဲမှ သူတို့၏ မျှော်လင့်ချက်များ ပြည့်ဝခြင်းမရှိသည့်အတွက် စိတ်ပျက်မှုကြောင့် မွတ်ဆလင် အများအပြားက မဲပေးခြင်းမှ ရှောင်ရှားရန် အစီအစဉ် ရှိ မရှိတို့ကို မေးမြန်းခဲ့ပါသည်။
စနစ် ပြောင်းလဲခြင်းက မပြည့်စုံသေးပါ
ဟာဂျီ ဦးအေးလွင်သည် မြန်မာနိုင်ငံ အစ္စလာမ်ဓမ္မဗိမာန်၏ အကြီးအကဲနှင့် မြန်မာငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို တည်ထောင်သူတဦး ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ပဋိပက္ခမှ အသွင်ကူးပြောင်းရေး လုပ်ငန်းများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ သူက ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သူက …
“မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဒီရွေးကောက်ပွဲမှာ ကျနော်တို့ မြန်မာ မွတ်ဆလင်တွေအနေနဲ့ အရင်ကလိုပဲ တာဝန်သိသိ သစ္စာရှိရှိနဲ့ ပါဝင်သွားမှာပါ။ အာဏာရှင်စနစ်ဆီကို ပြန်မသွားဘဲ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ အင်အားစုကို ကျနော်တို့ ထောက်ခံလိမ့်မယ်လို့ ပြောပါရစေ။”
“အဲဒီ အင်အားစုက မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ (စစ်) အာဏာရှင် အုပ်ချုပ်ရေး အောက်က ဆွဲထုတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မြင့်မြင့်မားမား မျှော်လင့်ချက်ထားခဲ့ပါတယ်။ တကယ်တော့ အဆောက်အဦဟောင်းက လုံးဝ ပျောက်ကွယ်မသွားခဲ့ပါဘူး။ အဲဒါက (သူတို့ကိုယ်တိုင်၂၀၀၈ ခုနှစ်မှာ ဖန်တီးခဲ့တဲ့) ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာ ဆက်လက်တည်ရှိနေပါတယ်။ ဒီအချက်ကို အလေးအနက်မထားဘဲ (၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ) အပြောင်းအလဲတွေ ချက်ချင်းဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် မဲပေးလည်း ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး ဆိုတဲ့ ခံစားချက်နဲ့ အတူ မကျေနပ်မှုတွေ တိုးပွားလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ (မြန်မာ မွတ်ဆလင်များ) နားလည်ကြပါတယ်။ စနစ်ပြောင်းလဲခြင်း လုပ်ငန်းစဉ်က မပြီးသေးပါဘူး။ အခြေခံကျကျ ပြောင်းလဲမှုက လိုအပ်နေတဲ့အတွက် ဘာသာရေး လူနည်းစုတွေ မဲပေးကြပါလိမ့်မယ်။”
လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုနှင့် ဘာသာရေး ပဋိပက္ခ အပေါ် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဦးအေးလွင်က NLD အစိုးရသည် ဘာသာရေးအရ စော်ကားမှု ပြုလုပ်သူများကို လျှင်လျှင်မြန်မြန်နှင့် ပြတ်ပြတ်သားသား အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းက စစ်တပ် ကျောထောက် နောက်ခံရရှိထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ယခင်အစိုးရထက်စာလျှင် သိသာသော ပြောင်းလဲမှုဖြစ်ကြောင်း ပြောသည်။ USDP သည် မွတ်ဆလင်များကို ဆန့်ကျင်သည့် အမုန်းတရား လှုံ့ဆော်မှုနှင့် ဘာသာရေး အဓိကရုဏ်းများကို တားဆီးရန် ဘာမျှ မပြုလုပ်ခဲ့ ဟု စွပ်စွဲခံခဲ့ ရသည်။ သို့သော်လည်း NLD ကို မွတ်ဆလင် လိုလားသော ပါတီအဖြစ် ဆန့်ကျင်ဝါဒဖြန့် လှုပ်ရှားမှုကြောင့် မွတ်ဆလင်များအတွက် တန်းတူညီမျှ အခွင့်အရေး သေချာစေရန်အတွက်ပင် ပါတီက သတိထားချဉ်းကပ်မှု ပြုလုပ်ခဲ့ရသည် ဟု ဦးအေးလွင်က ပြောသည်။ NLD ပါတီက ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သော်လည်း မွတ်ဆလင်များကို မျက်နှာသာပေးသည်ဟုလည်း အမြင်မခံလိုကြောင်း သူက ဆိုသည်။
“NLD ပါတီဝင်တွေက အစ္စလာမ် ဘာသာရေး အခမ်းအနား တခုကို ရိုးရိုးသားသား တက်ရောက်တာကိုတောင်လျှင်ပင် (အမျိုးသားရေးဝါဒီတွေရဲ့) ဝါဒဖြန့်မှုက ပါတီကို မွတ်ဆလင် ပါတီတခု အနေနဲ့ အစွန်းအထင်း ဖြစ်စေတာကြောင့် လှုပ်ရှားမှုတိုင်းကို သူတို့ကြိုတင်ပြီး ခက်ခက်ခဲခဲ စဉ်းစားဖို့ ဖြစ်လာတယ်။”
ပိုလည်း မပို လျော့လည်း မလျော့တဲ့ တန်းတူ အခွင့်အရေး
ဘာသာရေး လွတ်လပ်ခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့် အပါအဝင် အခြေခံ နိုင်ငံသား အခွင့်အရေးများ ဆက်လက်ဆုံးရှုံးနေရခြင်းကို သူတို့ အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များ ရင်ဆိုင်နေရဆဲဖြစ်သည်ဟု မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်က ပြောသည်။ အဖွဲ့ဝင်အများစုမှာ နိုင်ငံသားပြုခွင့် လျှောက်ထားရာတွင် အတားအဆီးများ၊ နှောင့်နှေးမှုများနှင့် ရင်ဆိုင်ရပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပတ်သက်လျှင်လည်း မွတ်ဆလင် ကိုယ်စားလှယ်လောင်း အများအပြားမှာ လျှောက်ထားသူ၏ မိဘများ၏ နိုင်ငံသား အဆင့်အတန်းကြောင့် ရွေးကောက်ပွဲကော်မရှင်၏ ပယ်ချခြင်းကို ခံခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်မှာ သူတို့၏ လျှောက်လွှာများ ပယ်ချခြင်းခံခဲ့ရပြီး အများစုမှာ မွတ်ဆလင်များဖြစ်သည်။ ရွေးကောက်ပွဲတွင် မွတ်ဆလင် ၂၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မည်သူမျှ ရွေးကောက် တင်မြှောက်ခြင်း မခံခဲ့ရပါ။ နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၂၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
NLD နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) အပါအဝင် အဓိက နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် မွတ်ဆလင် ကိုယ်စားလှယ်လောင်းများ ပါဝင်နေမှုကို ဦးအေးလွင်က ကြိုဆိုခဲ့သည်။ NLD က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၂ ဦး ကို ရန်ကုန်နှင့် မန္တလေးတို့တွင် တဦးစီ နေရာပေးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် သူတို့ လျှောက်ထားခဲ့ရာ ပါတီက ပယ်ချခဲ့သည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း မွတ်ဆလင်အသိုင်းအဝိုင်းအတွက် မည်သည့် အပြောင်းအလဲများကို မြင်ချင်သနည်းဟု မေးမြန်းသောအခါ “ကျနော်တို့က မျက်နှာသာ ပေးတာကို လိုချင်တာ မဟုတ်ပါဘူး။ သာမန် နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုပဲ ရချင်တာပါ” ဟု သူက ဖြေသည်။
ငြိမ်းချမ်းလုလင်ဟုလည်း သိကြသည့် လူသိများသော မွတ်ဆလင် စာရေးဆရာ ဒေါက်တာမြင့်သိန်းကလည်း ရွေးကောက်ပွဲနောက်ပိုင်းတွင် သူ၏ အသိုင်းအဝိုင်းက နိုင်ငံသားများအနေနှင့် တန်းတူအခွင့်အရေးများ ရရှိစေချင်သော အလားတူ ဆန္ဒကို ပြောသည်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မငြင်းနိုင်ပါဘူး။ လူတဦးချင်းစီရဲ့ ဘာသာရေး သို့မဟုတ် ယုံကြည်မှုတွေကို ခွဲခြားဆက်ဆံမှု ရှိတယ်။ မြန်မာနိုင်ငံသား တယောက် ဖြစ်တဲ့အတွက် နိုင်ငံသားတယောက်အနေနဲ့ ပိုလည်း မပို လျော့လည်း မလျော့တဲ့ တန်းတူ ညီမျှ အခွင့်အရေးကို လိုချင်ပါတယ်။”
ယခင်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းများကို ကျူးလွန်သူများနှင့် လှုံ့ ဆော်သူများအား အာဏာပိုင်များက မျက်ကွယ်ပြုထားခဲ့ ပြီး ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများကို လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုခဲ့ကာ ဘာသာရေး ပဋိပက္ခများအတွင်း ကြားဝင် ကာကွယ်ရန် ပျက်ကွက်ခဲ့သောကြောင့် မွတ်စလင်များ ပိုမိုခံစားခဲ့ရသည်ဟု စာရေးဆရာက ပြောသည်။ ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းခဲ့သည့် ဝတ်ပြုနေရာများနှင့် နေအိမ်များကို အပြည့်အဝ ပြန်လည် မတည်ဆောက်ရသေးကြောင်း သူက ထပ်ပြောသည်။
သွေးထိုးလှုံ့ဆော်မှုများအပေါ် အစိုးရ၏ လျှင်မြန်သော တုန့်ပြန်မှုများနှင့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုအပေါ် ဘာသာပေါင်းစုံ မိတ်ဆွေများ၏ ဆန့်ကျင်မှုများကြောင့် NLD လက်ထက်တွင် အခြေအနေက အတိုင်းအတာ အချို့ အထိ တိုးတက်ခဲ့သည်ဟု သူက ပြောသည်။
သူက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမှုကို ဥပမာ ပြသည်။ ထိုဖြစ်ရပ်မှာ ၂၀၁၉ ခုနှစ် မေလက မွတ်ဆလင်တို့၏ ယာယီဝတ်ပြုသော နေရာ ၃ ခုကို အမျိုးသားရေးဝါဒီ လူစုက အတင်းအကျပ် ပိတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရက မွတ်ဆလင်တို့၏ မြင့်မြတ်သော ရာမဒမ် ဥပုတ်လအတွင်း အသုံးပြုရန် အဆောက်အဦးများကို ခွင့်ပြုချက် ပေးခဲ့သည်။
အမျိုးသားရေးဝါဒီများကို အများပြည်သူက ကန့်ကွက်ပြောဆိုခြင်းကလည်း နောက်ထပ် အကြမ်းဖက်မှုများ ဖြစ်မလာအောင် တားဆီးနိုင်ခဲ့ကြောင်း စာရေးဆရာက ပြောသည်။ ရက်အနည်းငယ်အတွင်း ဝတ်ပြုရန် နေရာများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လူအုပ်ကို ဦး ဆောင်သူများ ထောင်ချခံခဲ့ရသည်။
‘ဥပဒေအရ တန်းတူညီမျှ အကာအကွယ်ပေးမှုကို ရချင်တယ်
“NLD က အရင်ကထက် အသိုင်းအဝိုင်းကို (ပိုပြီး) အကာအကွယ်ပေးဖို့ ကြိုးစားခဲ့တယ် ဆိုတာ ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် (NLDက) ယာယီဖြေရှင်းနည်းတွေ သုံးတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက စနစ်ကို ပြောင်းဖို့နဲ့ ဥပဒေရဲ့ အကာအကွယ်ပါ။”
ဥပမာအားဖြင့် ယာယီဝတ်ပြုရန် နေရာပေးခြင်းသည် ဝတ်ပြုရန် နေရာမရှိခြင်းအတွက် ဖြေရှင်းနည်း မဟုတ်ကြောင်း ဒေါက်တာမြင့်သိန်းက ထပ်ပြောသည်။
“စနစ်တကျ အပြောင်းအလဲတွေ မရှိတဲ့အတွက် မကျေနပ်မှုတွေ ရှိနေတယ်။ ဒါပေမယ့် သူတို့ (အစိုးရ) က အဲဒါကို (သူတို့ မလုပ်ချင်လို့ပဲ ဖြစ်စေ သို့မဟုတ် သူတို့လုပ်ဖို့ အတွက် အခြေအနေတွေက မပေးလို့ ဖြစ်စေ) အောင်မြင်အောင် မလုပ်နိုင်ခဲ့ ဘူးဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုအပ်ပါတယ်။”
No Vote က ပို ဆိုးရွားသွားစေနိုင်သည်
“ပြည်သူအများအပြားက စိတ်ပျက်လို့ သူတို့ မဲပေးမှာ မဟုတ်ဘူးလို့ စိတ်ခံစားချက် အရ ပြောကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ မဲ မပေးရေး လှုပ်ရှားမှု မရှိသင့်ပါဘူး။ အဲဒါက ကျနော်တို့ ကျင့်သုံးနိုင်တဲ့ အခွင့်အရေး တခုကို စွန့်လွှတ်လိုက်တာပါပဲ။ မဲမပေးရေး လှုပ်ရှားမှုက အမှန်တကယ် ထိရောက်မှာလား သို့မဟုတ် ဆိုးကျိုးဆီကိုပဲ ဦးတည်သွားမှာလား ဆိုတာကို ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လေ့လာသူအဖြစ် လုပ်ကိုင်ခဲ့ပြီး ပဲခူးတိုင်း အခြေစိုက် မြန်မာမွတ်ဆလင် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ အဖွဲ့ဝင် တယောက်ဖြစ်သည့် မရိုစီကလည်း လူအများအပြားက သူတို့၏ စိတ်ပျက်မှုကြောင့် မဲပေးတော့မည် မဟုတ်ဟု အစောပိုင်းက ပြောနေကြသည်ကို သူကြားသိခဲ့ရကြောင်း၊ သို့သော်လည်း ယခုအခါ သူတို့၏ မဲများ၏ အရေးပါမှုကို နားလည်လာသည့်အတွက် သူတို့၏အခွင့်အရေးကို အသုံးချရန် စိတ်အားထက်သန်နေကြသောကြောင့် သူတို့ စိတ်ပြောင်းသွားကြကြောင်း ပြောသည်။
‘လူနည်းစုအခွင့်အရေး ထုတ်ဖော်မယ့် ကိုယ်စားလှယ်တွေကို မြင်ချင်တယ်’
“မြန်မာမွတ်ဆလင် တယောက်အနေနဲ့ (၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ) အပြောင်းအလဲတွေကို ပိုမြင်ချင်ပါတယ်။ အထူးသဖြင့် လွှတ်တော်မှာ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ထုတ်ဖော်ပေးမယ့် ကိုယ်စားလှယ်တွေ ရှိလာဖို့ပါ။ ပြီးတော့ ကျမတို့ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တခု လိုချင်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ မွတ်ဆလင် အသိုင်းအဝိုင်းအတွက် လုံခြုံရေး အကာအကွယ်ပေးမှု အတိုင်းအတာ တချို့အထိ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ (မွတ်စလင်တွေအပေါ်) အကြမ်းဖက်မှုတွေ လျော့နည်းလာတာကို ကျမတို့ မြင်ခဲ့ကြရပါတယ်။ အရင်ကဆိုရင် အကြမ်းဖက်မှု ဖြစ်စဉ်တခုက နောက်ထပ် အကြမ်းဖက်မှုတွေကို ဖြစ်စေတဲ့ တုံ့ပြန်မှုတွေကို စတင်ပေးတတ်ပြီး ရလဒ်အနေနဲ့ သေဆုံးမှု အရေအတွက် အမြောက်အများရှိခဲ့ပါတယ်။ အခုတော့ အဲဒီလို အမှုတွေကို တားဆီးထားပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ဒေသတွေနဲ့ မွတ်ဆလင်အသိုင်းအဝိုင်း အပေါ် အကြမ်းဖက်မှုတွေကို ကျမတို့ ဆက်လက် ရင် ဆိုင်နေရတုန်းပါပဲ။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကျမတို့ရဲ့ အခွင့်အရေးတွေက ဖိနှိပ် ခံနေရဆဲပါပဲ။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုနဲ့ အသက်ဆုံးရှုံးမှုတွေကို တွေ့ရတာ ဝမ်းနည်းစရာပါ။ ”
ရွေးကောက်ပွဲသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှတ်တိုင်တခု
ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု ခေါင်းဆောင်နှင့် ‘၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့’ မှ ခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြအေးက …
“လာမယ့် ရွေးကောက်ပွဲမှာ “မဲမပေးဖို့ ” လူအများအပြားက တောင်းဆိုနေကြပေမယ့် လက်တွေ့မှာတော့ ရွေးကောက်ပွဲနေ့ကျရင် ကွဲပြားသွားပါလိမ့်မယ်။ သူတို့ နိုင်ငံရေးအသိအမြင်ကြောင့် လူအများအပြားက မဲပေးကြပါလိမ့်မယ်။ မဲပေးသူ အရေအတွက်က COVID-19 အခြေအနေပေါ် မှာပဲ မူတည်ပါလိမ့်မယ်။ တကယ်လို့ အဲဒါကို ထိန်းချုပ်ထားနိုင်ပြီ ဆိုရင် မဲဆန္ဒရှင် အရေအတွက်က များပါလိမ့်မယ်။”
(San Yamin Aung ၏ Despite Some Progress by NLD on Rights, Myanmar Muslims Hope for More After Election ကို ဘာသာပြန်ဆိုသည်။ )
You may also like these stories:
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေး ရင်လေးဖွယ်
NLD ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီးမှု အမေရိကန်နှင့် ပြင်သစ်သံရုံးတို့ ရှုတ်ချ
အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား