အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကို အလူးအလဲ ခံနေရသည့် လူထုသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ရာနှင့်ချီသည့် လူနာများ နေ့စဉ် သေဆုံးနေရသည်မှာ တလနီးပါး ရှိလာပြီ ဖြစ်သည်။
ကိုဗစ်ရောဂါ ကူးစက်သေဆုံးမှုများကို မထိန်းချုပ်နိုင်ခြင်းကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးကဏ္ဍ မျက်ဖြူဆိုက်နေသော် လည်း မြန်မာ-တရုတ်နယ်စပ်တွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာမူ ၎င်းတို့ဒေသတွင်း ကိုဗစ် ပြဿနာကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဖြေရှင်းနေကြသည်။
ယင်းတိုင်းရင်းသားလက်နက်ကိုင်တပ်များမှာ မြန်မာ-တရုတ် နယ်စပ်တကြောတွင် မြို့တည်ကာ အခြေစိုက် လှုပ်ရှားနေ သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဖြစ်သည်။
UWSA၊ NDAA နှင့် KIA တို့ ဌာနချုပ်များ အခြေစိုက်ကာ စီးပွားရေး လုပ်ကိုင်သော မြို့များဖြစ်သည့် ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ လိုင်ဇာ၊ မိုင်ဂျာယန်တို့တွင် ကိုဗစ်-၁၉ ကူးစက်မှု ရာနှင့်ချီ ရှိခဲ့သော်လည်း လူအသေအပျောက် အများအပြား မရှိအောင် ကုသနိုင်နေသည့်အပြင် မြို့နေလူဦးရေ အများစုကိုလည်း ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဖြစ်သည်။
ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းမှာ ၎င်းတို့ တပ်ဖွဲ့ချည်းသက်သက် စွမ်းဆောင်နိုင်ခြင်း မဟုတ်၊ နောက်ကွယ်တွင် တရုတ်က အဓိက ပံ့ပိုးကူညီပေးနေခြင်း ဖြစ်သည်။
ကိုဗစ်-၁၉၊ တရုတ်နှင့် မြောက်ပိုင်းတပ်များ
တရုတ်သည် ၎င်းနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသလို နယ်စပ်ဒေသများတွင် ကူးစက် ပြန့်ပွားမှု ဖြစ်လာမည်ကိုလည်း စိုးရိမ်သဖြင့် တရုတ်-မြန်မာ နယ်စပ်တလျှောက် ကီလိုမီတာ ၂၀၀၀ ကျော်ကို ခြံစည်းရိုး ခတ်လိုက်သည့်အပြင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်း၊ ရပ်ရွာလုံခြုံရေးအစောင့်များ ချထားခြင်းများဖြင့် ထိန်းချုပ် လျက်ရှိသည်။
မြန်မာနိုင်ငံတွင်း ၂၀၂၀ မတ်လ ၂၃ ရက်တွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု စတင်တွေ့ရှိရာ ပိုးတွေ့ပြီး ၅ ရက် အကြာတွင် တရုတ်က မြန်မာနှင့် တရားဝင် ကူးသန်းသွားလာနေသည့် နယ်စပ်ဂိတ်များ၊ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများ၊ မြို့ များနှင့် ဆက်စပ်နေသည့် ဂိတ်များ၊ တရာမဝင် ဝင်ရောက်နိုင်သည့် နေရာများ အားလုံးကို ပိတ်ဆို့ခဲ့သည်။
တရုတ်နိုင်ငံ၏ မူဝါဒသည် နယ်စပ်ဒေသများတွင် ရောဂါပြန့်ပွားကူးစက်ခြင်း မဖြစ်စေရန်အတွက် ၎င်းတို့နိုင်ငံတွင်း ထိန်း ချုပ်ရေး လုပ်သည့်အပြင် ၎င်းတို့နှင့် ထိစပ်နေသည့် နယ်မြေများကိုပါ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ အကူ အညီပေးရေး ဖြစ်သည်။
လက်ရှိတွင် တရုတ်က ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကုသရေးအတွက် အကူအညီ အမြောက်အမြား ပေးထား သည့် UWSA၊ NDAA နှင့် KIA တို့ အားလုံးသည် တရုတ်နိုင်ငံ၊ နယ်စပ်ဒေသများနှင့် နယ်နိမိတ်များ ထိစပ်နေသည့်အပြင် တရုတ်နိုင်ငံသားများ ဖက်စပ်စီးပွားရေး လုပ်ငန်းများ လာရောက်လုပ်ကိုင်ကာ ဝင်ထွက်နေသည့် နယ်မြေများ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ် နယ်စပ်တွင် တည်ရှိနေသည့် UWSA ၏ နယ်မြေများသည် ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ ချန်းယွင်ခရိုင်၊ လန်ချန်းခရိုင်၊ စီးမုန်ခရိုင်၊ မုန်းလင်ခရိုင်တို့နှင့် ဆက်စပ်နေသည့်အပြင် ဆစ်ဆောင်ပန်း နား ပြည်နယ်ခွဲ၊ မုန်းဟိုင်းခရိုင်နှင့်လည်း ထိစပ်နေသည်။
NDAA ထိန်းချုပ်သည့် နယ်မြေသည်လည်း တရုတ်နိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်နေသည့် နေရာ ၄ နေရာ ရှိသည်။
ထိုနေရာများသည် တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ၊ ကျိုင်းဟုန်မြို့နှင့် ၁၂၀ ဒဿမ ၅ ကီလိုမီတာ၊ မိုင်းဟိုင်း ခရိုင်နှင့် ၁၄၀ ကီလိုမီတာ၊ မိုင်းလခရိုင်နှင့် ၂၈ ကီလိုမီတာ၊ ဖူးအဲ့တိုင်း၊ လန်ချန်းခရိုင်နှင့် ၅၄ ကီလိုမီတာ ထိစပ်နေသည်။
KIA ၏ လိုင်ဇာနှင့် မိုင်ဂျာယန်မြို့များသည်လည်း ယူနန်ပြည်နယ်၊ လုံချွန်းကောင်တီနှင့် နယ်နိမိတ် ထိစပ်နေသည့် မြို့များ ဖြစ်သည်။
တရုတ်သည် ၂၀၂၀ ကိုဗစ်ပထမလှိုင်း စတင်စဉ်ကတည်းက ကြက်ခြေနီအသင်းနှင့် ကျန်းမာရေးအဖွဲ့များကို UWSA၊ NDAA နှင့် KIA နယ်မြေများသို့ စေလွှတ်ကာ ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးခြင်း၊ ကုသခြင်းဆိုင်ရာ သင်တန်းများ ပို့ချခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါပိုးသည် ၂၀၁၉ ဒီဇင်ဘာတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားပြီး တကမ္ဘာလုံးသို့ ကူးစက် ပြန့်နှံကာ ကပ်ရောဂါအသွင် ပြောင်းသွားသည့် ဗိုင်းရပ်စ်ပိုးဖြစ်ရာ လက်နက်အင်အား ကြီးမားသော်လည်း မမြင်ရသည့် ဗိုင်းရပ်စ်ကို ရင်ဆိုင်တိုက်ခိုက်ရန် UWSA၊ NDAA နှင့် KIA တို့အတွက် စိန်ခေါ်မှုများ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။
ကိုဗစ်ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံတွင်း ကူးစက်မှု စတင်ချိန်တွင် နယ်စပ်ဒေသမှ တိုင်းရင်းသားတပ်များ ပထမဆုံး ရင်ဆိုင်ရ သည်မှာ မည်သည့် ကိရိယာဖြင့် ရောဂါပိုး စစ်ဆေးရမည်လဲဟူသည့် ပြဿနာ ဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ ဝယ်ယူသုံးစွဲသည့် တခါသုံး Test Kit များသည်လည်း အဖြေမှန်ကန်ခြင်း မရှိရာ UWSA၊ NDAA နှင့် KIA မြို့များတွင် ကိုဗစ်ကို ရင်ဆိုင်ရန် ခေါင်းဆောင်များ ခေါင်းခဲခဲ့ကြရသည်။
ထိုစဉ်က အရပ်သားအစိုးရ ဖြစ်သည့် NLD ဗဟိုအစိုးရသည်လည်း နိုင်ငံတွင်း မည်သည့်နေရာဒေသတွင် နေထိုင် သည်ဖြစ်စေ တဦးတယောက်မှ ချန်လှပ်ထားခြင်း မရှိစေရ မူဝါဒဖြင့် ဆေးကုသမှု ပေးမည်ဟု ဆိုသော်လည်း UWSA၊ NDAA နှင့် KIA မြို့များသို့ လုံလောက်သည့် အကူအညီများ ပေးနိုင်ခြင်း မရှိခဲ့ပါ။
ဗဟိုအစိုးရနှင့် တပ်မတော် ပို့ပေးသည်များက တခါသုံး နှာခေါင်းစည်းများ၊ လက်ကမ်းစာစောင်များနှင့် ပိုးသတ်ဆေး အနည်းငယ်သာ ဖြစ်သည်။
ထိုအချိန်တွင် တရုတ်က ကျန်းမာရေးအဖွဲ့များကို စေလွှတ်ပြီး သင်တန်းများပို့ချခြင်း၊ ဝ၊ မိုင်းလား၊ လိုင်ဇာမြို့များတွင် ပိုးသတ်ဆေး ဖြန်းပေးခြင်းများအပြင် လူဦးရေ ရာဂဏန်းခန့်၏ တို့ဖတ်နမူနာများကိုယူပြီး ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင် သည့် ဓါတ်ခွဲခန်းများကိုလည်း ပန်ဆန်းနှင့် လိုင်ဇာမြို့တွင် အခမဲ့ ဖွင့်လှစ်ပေးခဲ့ပြန်သည်။
ထိုကဲ့သို့သော တရုတ်၏ အကူအညီများဖြင့် UWSA၊ NDAA နှင့် KIA တို့သည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်း ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းကို ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။
တရုတ်၏ ကာကွယ်ဆေးများ
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အရပ်သားအစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးချုပ်နှောင်ပြီး အာဏာသိမ်းလိုက် ရာ တနိုင်ငံလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေအားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်တော့သည်။
အရပ်သားအစိုးရ၏ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များနှင့် လူထုကို အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး များ ထိုးနှံပေးရန် ဆောင်ရွက်နေသည့် အစီအစဉ် အားလုံး ပျက်စီးသွားခဲ့သည်။
နိုင်ငံတဝှမ်း မြို့ကြီးများ၊ မြို့ငယ်များနှင့် ကျေးလက်ဒေသများပါမကျန် သိန်းနှင့်ချီသည့် လူထုက လမ်းပေါ်ထွက်လာပြီး ရော ဂါကူးစက်မည်ကိုပင် မမှုတော့ဘဲ ဆန္ဒပြခဲ့ကြသည်။
ထိုသို့ တနိုင်ငံလုံးအနှံ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ၊ လမ်းပေါ်တွင် စစ်တပ်က ပစ်ခတ်သတ် ဖြတ်ခြင်းများ ဆက်တိုက် ပြုလုပ်နေချိန် ဖေဖော်ဝါရီလတွင် ဝ၊ မိုင်းလား၊ လိုင်ဇာနှင့် မိုင်ဂျာယန်မြို့များ၌ တရုတ်က ပေးပို့ လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စတင်ထိုးနှံနေကြပြီ ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် တနိုင်ငံလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားများ၊ ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များ အားလုံး ပျက်သုဉ်းသွားသော်လည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားတပ်များက တရုတ် ၏ အကူအညီဖြင့် ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း ကဲ့သို့ပင် တတိယလှိုင်းကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်နေခဲ့ကြသည်။
တရုတ်နိုင်ငံတွင်း ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများအနက် ၎င်းတို့နိုင်ငံတွင်း အသုံးပြုနေသည့် Sinovac ဆေးကို တရုတ်က ရင်းနှီးသည့် ဆက်ဆံရေးအရ UWSA၊ NDAA နှင့် KIA တို့အား အခမဲ့ လက်ဆောင်ပေးခဲ့သည်။
Sinovac သည် ကိုဗစ်ရောဂါပိုး ကူးစက်မှုကို ခံနိုင်ရည်ရှိရန်အတွက် နှစ်ကြိမ်ထိုးနှံရသည့် ကာကွယ်ဆေး ဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ သုတေသနပြုချက်အရ ယင်းကာကွယ်ဆေးသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ကူးစက် ပြန့်ပွားသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ၆၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည်ဟု ဆိုထားသည်။
တတိယလှိုင်းတွင် အသစ်ကူးစက်လာသည့် Delta အမျိုးအစား ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲသစ်ကိုမူ မည်မျှကာကွယ် နိုင်ခြင်းရှိမရှိနှင့် ပတ်သက်၍ ခိုင်လုံသည့် သုတေသန မှတ်တမ်းများ မရှိသေးပါ။
Delta ပိုး ကူးစက်ခံရသူသည် ယခင်ရောဂါလက္ခဏာများထက် ပိုသည့် ဝမ်းလျှောခြင်း၊ ကိုယ်လက် အဖုအပိန့်များထခြင်း၊ အသားအရောင်များ ပြောင်းခြင်း စသည့်ရောဂါ လက္ခဏာသစ်များ ခံစားလာရသည့်အပြင် ပြင်းထန်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကိုပါ ခံစားရခြင်း ဖြစ်သည်။
အရပ်စကားနှင့် ပြောမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါပိုးသည် အဆင့်မြင့်လာပြီး အသက်အန္တရာယ်ကို ဒုက္ခပေးရန် ပိုမို အင်အားကြီးလာခြင်း ဖြစ်သည်။
အာရှဒေသတွင်း အင်ဒိုနီးရှား၊ ထိုင်း စသည့် နိုင်ငံများသည်လည်း တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများကို ဝယ်ယူ သုံးစွဲကြရာ ကိုဗစ်ရောဂါပိုးကို ကာကွယ်နိုင်မှု မရှိခြင်း၊ ဆေးထိုးပြီး သေဆုံးသူများ ရှိလာခြင်းကြောင့် ဇူလိုင်လအတွင်း တရုတ် ကာကွယ်ဆေးထိုးမှုကို ရပ်တန့်လိုက်ကြပြီ ဖြစ်သည်။
နယ်စပ်တိုင်းရင်းသားတပ်များ အုပ်ချုပ်သည့် နယ်မြေများတွင် တရုတ်ကလွဲ၍ မည်သူမှ ကူညီသူ မရှိသဖြင့် တရုတ်၏ ကာကွယ်ဆေးသည်သာ အားကိုးရာ ဖြစ်နေတော့သည်။
သို့သော် နယ်စပ်တိုင်းရင်းသားတပ်များ အုပ်ချုပ်သည့် နယ်မြေများတွင် တရုတ်ကလွဲ၍ မည်သူမှ ကူညီသူ မရှိသဖြင့် တရုတ်၏ ကာကွယ်ဆေးသည်သာ အားကိုးရာ ဖြစ်နေတော့သည်။
ဖေဖော်ဝါရီမှ ဇူလိုင်အတွင်း UWSA၊ NDAA နှင့် KIA တို့၏ ထိပ်သီးခေါင်းဆောင်များ၊ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ၊ အဆိုပါ တပ်များ၏ မြို့များတွင် နေထိုင်သည့် ပြည်သူများ စုစုပေါင်းဦးရေ ၉ သိန်းကျော်သည် တရုတ်၏ ကိုဗစ်ကာ ကွယ်ဆေးကို ထိုးနှံထားပြီး ဖြစ်သည်။
ဆေးထိုးထားသည့်ထဲတွင် မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိ UWSA ၏ ဝ မြောက်ပိုင်းဒေသထဲ တွင် လူဦးရေ ၅ သိန်းကျော်၊ မြန်မာ-ထိုင်း နယ်စပ်တွင် အခြေစိုက်သည့် ဝ တောင်ပိုင်း ဒေသထဲမှ လူဦးရေ ၁ သိန်းကျော် ပါဝင်သည်။
NDAA ၏ မိုင်းလား၊ ဆီလူး ဒေသများတွင်လည်း လူဦးရေ ၁ သိန်းခွဲခန့်သည် ဆေးထိုးနှံပြီးဖြစ်ကာ ကျေးလက်ဒေသများ တွင် ယနေ့အချိန်ထိ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေဆဲ ဖြစ်သည်။
KIA ၏ လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တွင်လည်း အသက် ၁၈ နှစ်မှ ၆၀ နှစ်အထက် ဒေသခံများကို ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စ၍ ကာကွယ်ဆေး ထိုးပေးနေရာ ယခုအခါ လူဦးရေ ၃ သောင်းဝန်းကျင်သည် ကာကွယ်ဆေး ထိုးနှံပြီးပြီ ဖြစ်သည်။
အဆိုပါ အချက်အလက်ကို ကြည့်ပါက UWSA၊ NDAA နှင့် KIA မြို့များတွင် လူဦးရေ ၄၀ ရာခိုင်နှုန်းနှင့် အထက်သည် ကာ ကွယ်ဆေး ထိုးနှံပြီးပြီ ဖြစ်သည်။
KIA နယ်မြေအတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူများအနက် အချို့သည် တတိယလှိုင်းတွင် ကိုဗစ်ရောဂါပိုး ပြန်ကူးစက်ခံရ သည်ကို တွေ့ရသည်။
သို့သော် ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ရင်ဆိုင်နေရချိန်တွင် ဗဟိုအစိုးရက တိုင်းရင်းသားတပ်များ၏ ထိပ်သီးခေါင်းဆောင် များ၊ တိုင်းရင်းတပ်များ၏ မြို့များတွင် နေထိုင်သည့် လူထုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လစ်ဟာခဲ့သည့် နေရာ ၌ တရုတ်က ဝင်ရောက်နေရာယူ ကူညီကာ ကွက်လပ်ဖြည့်လိုက်ပြီ ဖြစ်သည်။
ကာကွယ်ဆေးနောက်ကွယ်က အကျိုးစီးပွား
တရုတ်သည် ၎င်းတို့နှင့် နယ်နိမိတ် ကျောချင်းကပ်နေသည့် တိုင်းရင်းသားတပ်များကိုသာ ကူညီခြင်း မဟုတ်ဘဲ တရုတ်၏ အနာဂတ်စီးပွားရေး စီမံကိန်းလမ်းကြောင်းပေါ်တွင် အခြေစိုက် လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များ၏ ခေါင်းဆောင်များကိုလည်း ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
UWSA နှင့် KIA ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တပ်များဖြစ်သည့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ် မတော် (TNLA)၊ ရက္ခိုင်တပ်တော် (AA) ၏ ထိပ်သီးခေါင်းဆောင်များသည်လည်း တရုတ်ကိုဗစ်ကာကွယ်ဆေးကို နယ်စပ် တွင် ထိုးနှံလိုက်ကြပြီ ဖြစ်သည်။
UWSA ၏ ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရုံးထိုင်နေသည့် ကချင်၊ တအန်း၊ ရက္ခိုင် တပ်ဖွဲ့ များ၏ တပ်သားများ၊ လိုင်ဇာမြို့တွင် နေထိုင်သည့် AA တပ်သားများသည်လည်း ကိုဗစ်ကာကွယ်ဆေးများ ထိုးပြီးကြပြီ ဖြစ်သည်။
တရုတ်ပိုးလမ်းမစီမံကိန်းကြီး (OBOR) ၏ လမ်းကြောတလျှောက်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသော မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)၊ ရက္ခိုင်တပ်တော် (AA) နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)တို့၏ ထိပ်သီးခေါင်းဆောင်ပိုင်း များသည် တရုတ်၏ ကာကွယ်ဆေးကို ထိုးထားကြသည်။
OBOR စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့်၊ မန္တလေး၊ ရန်ကုန်၊ ရခိုင်ထိ ရထားလမ်း၊ ကားလမ်းများ သွယ် တန်းကာ ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ပေါက်မှတဆင့် အရှေ့တောင်အာရှ နိုင်ငံများကို ကုန်သွယ်ရေး လမ်းကြောင်း ချိတ်ဆက်မည့် တရုတ် စီမံကိန်းတခု ဖြစ်သည်။
ကချင်ပြည်နယ်သည်လည်း တရုတ်က လျာထားသည့် OBOR စီမံကိန်း အစိတ်အပိုင်းများ၊ နယ်စပ်စီးပွားရေးဇုန်များ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ပြီး UWSA နှင့် NDAA တို့၏ နယ်မြေများသည်လည်း အနာဂတ်တွင် တရုတ်က ချဲ့ထွင် လုပ်ဆောင်မည့် ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ နယ်မြေများ ဖြစ်သည်။
တရုတ်၏ OBOR စီမံကိန်းအစိတ်အပိုင်း တခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းဆိုလျှင် ရထားလမ်း၊ ကားလမ်းနှင့် လေ ယာဉ်ကွင်းအသစ်များ ဖောက်လုပ်ပါက ထောင်နှင့်ချီသည့် ဒေသခံ တောင်သူများ၏ လယ်ယာမြေနှင့် ကျေးရွာများ ရွှေ့ ပြောင်းပေးရမည့်အပြင် ရှမ်းမြောက်ဒေသမှ မန္တလေးအထိ ရထားလမ်းဖောက်လုပ်မည့် လမ်းတကြောတွင်လည်း သဘာ ဝတောင်ကုန်းများအား လိုဏ်ဂူဖောက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများ ပြုလုပ်ရပေမည်။
စစ်အစိုးရ ခေတ်အဆက်ဆက်တွင် သဘောတူ လုပ်ဆောင်ခဲ့သည့် လက်ပံတောင်းတောင်၊ မြစ်ဆုံ စသည့် တရုတ်၏ စီမံ ကိန်းများသည် ဒေသခံ လူထုအပေါ် ကောင်းကျိုး မပြုသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံများသည် OBOR စီမံကိန်း နှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု များစွာရှိကြသည်။
OBOR စီမံကိန်းသည် စီးပွားရေး ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် တည်ဆောက်မည့် အနာဂတ် စီမံကိန်းဟု တရုတ်က ဆိုသော်လည်း တကယ်တမ်း နောက်ကွယ်တွင် တရုတ်၏ အဓိက အာရုံစိုက်မှုမှာ ကုန်းတွင်းပိတ် ဖြစ်နေသည့် ယူနန်ပြည် နယ်ကို ပင်လယ်ထွက်ပေါက် ရရန်ဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် ပင်လယ်ပြင်တွင် ၎င်း၏ စစ်သင်္ဘောများ၊ စစ်ရေးအာဏာများ တည်ဆောက်ရန် ဖြစ်သည်။
ယခုအခါ တရုတ်က ကိုဗစ် ကာကွယ်ဆေး အခမဲ့ ပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် ၎င်းတို့ နယ်မြေများတွင် လူထုအပေါ် သြဇာသက်ရောက်မှု ကြီးမားသည့်အဖွဲ့များ ဖြစ်ကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်ထောင်စုလမ်းမကြီးတကြောတွင် လှုပ်ရှားသည့် SSPP သည်လည်း ခေါင်းဆောင်ပိုင်းများ ကာကွယ်ဆေးထိုးပြီးသည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၎င်းတို့ အခြေစိုက်လှုပ်ရှားသည့် နယ်မြေများတွင် နေ ထိုင်သည့် အရပ်သားဦးရေ ၅ သိန်းကိုပါ ကာကွယ်ဆေး အခမဲ့ ထိုးပေးနိုင်ရန် တရုတ်ထံမှ ဆေးမှာယူထားသည်။
ဇူလိုင်လအတွင်း SSPP ၏ ဌာနချုပ် အခြေစိုက်ရာ မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းဒေသတွင် SSPP အရာရှိကြီးများ၊ တပ်ဖွဲ့များ ဝင်များ၊ အရပ်သားများ စုစုပေါင်း ၁၀၀၀ ကျော်သည် တရုတ်၏ CanSinoBIO (Ad5-nCoV) ဆေးကို ထိုးထားပြီး ဖြစ် သည်။
CanSinoBIO ဆေးသည် WHO က သုတေသန ပြုလုပ်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံတွင်း Sinovac နှင့် Sinopharm ထိုးပြီး ဆေးမတိုးသည့် သူများအတွက် ဖြည့်စွက် (Booster) အနေဖြင့် ထပ်မံထိုးပေးသည့် ဆေးလည်း ဖြစ်သည်။
ထိုဆေးကို UWSA၊ NDAA နှင့် KIA တို့ကဲ့သို့ အခမဲ့ရခြင်း မဟုတ်သော်လည်း ဆက်ဆံရေး တည်ဆောက်သည့် သဘော ဖြင့် တရုတ်က ကာကွယ်ဆေး ရောင်းပေးခြင်းဖြစ်ကာ လူ ၅ သိန်းစာအတွက် ဆေးမှာယူထားသည်ဟု SSPP က ပြောဆို ထားသည်။
AA သည်လည်း ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေးယန္တရား ချဲ့ထွင်နေရာ ရခိုင်လူထုကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး ရန် တရုတ်နှင့် ညှိနှိုင်းမှုများ ရှိနေသည်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်ရန် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနှင့် ရုရှားတို့ က ကာကွယ်ဆေးများ ဖော်ထုတ်ကာ ၎င်းတို့နိုင်ငံသားများကို ထိုးနှံပေးနေသော်လည်း ကာကွယ်ဆေးသည် နိုင်ငံချင်း ရင်း နှီးမှုအရ၊ သံခင်းတမန်ခင်းအရ လက်ဆောင်ပေးခြင်း၊ အစိုးရချင်း အရောင်းအဝယ် လုပ်ခြင်းသာ ပြုလုပ်နေသည့် ဆေးဖြစ် သည်။
တရုတ်အနေဖြင့်မူ နယ်စပ်ဒေသရှိ နယ်မြေနှင့် လူထုအပေါ် သြဇာသက်ရောက်မှု၊ လွှမ်းမိုးမှုရှိသော တိုင်းရင်းသားတပ်များ အား ကာကွယ်ဆေး သိန်းနှင့်ချီ အခမဲ့ပေးခြင်း၊ နယ်စပ်ဒေသ မဟုတ်သည့် SSPP ကိုလည်း ကာကွယ်ဆေးများ ရောင်း ချပေးခြင်းမှာ နှောင်ကြိုးမပါသည့် လက်ဆောင် မဟုတ်သည်ကတော့ အသေအချာပင် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ယနေ့အချိန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနှင့် စစ်ခင်းနေရသည့် UWSA၊ NDAA၊ KIA တို့အနေဖြင့် ၎င်းတို့ ၏ မြို့များတွင် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း၊ ကုသခြင်း လုပ်ငန်းများကို တရုတ် မကူမညီပါက စနစ်တကျ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ တရုတ်ကသာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ဆေးဝါးများ၊ ကာကွယ်ဆေးများ မပေးလျှင် အင်အားကြီး တိုင်းရင်းသားတပ်များ၏ နယ်မြေများသည် ဗိုင်းရပ်စ်ပိုးလက်အောက်တွင် ကျဆုံးကောင်း ကျဆုံး ကြလိမ့်မည် ဖြစ်သည်။
တဖက်တွင် ပြန်ကြည့်ပါကလည်း မူလကတည်းက စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ ဆက်သွယ်ရေးနှင့် နယ်စပ်တကြော ရပ်တည်နေထိုင်ရေးအတွက် တရုတ်၏ကျောကို မှီထားရသည့် အင်အားကြီး တိုင်းရင်းသားတပ်များသည် ယခုအခါ ကိုဗစ် ကြောင့် တရုတ်ကို ပို၍ မှီခိုနေရပြီ ဖြစ်သည်။
ဤသို့ဖြင့် မြန်မာ-တရုတ် နယ်စပ်တကြောရှိ တိုင်းရင်းသားတပ်များအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှု ပိုမိုဖြန့်ကျက် လာ သည်နိုင်မှာ ငြင်းဖွယ်ရာ မရှိတော့ပြီ။ ။