စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းအချက်အလက် အမှောင်ချရန် တနိုင်ငံလုံးကို အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ် တောက်ခဲ့သလို ယခုအချိန်အထိလည်း လူမှုကွန်ရက်ချန်နယ်တချို့ကို အကန့်အသတ်ဖြင့်သာ သုံးစွဲခွင့်ပေးထားသည်။
ထို့အတူ အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့အား လက်နက်ကိုင်တော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းရာ ဒေသများကိုလည်း အင်တာနက် ဖြတ်တောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်း လျက် ရှိသည်။
စစ်ကိုင်းတိုင်း၊ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုမှ ရဲဘော်ရောင်နီက “သတင်းအချက်အလက် ပြတ်တောက်မှုနှင့်အတူ ကျနော်တို့ကို မျက်စိပိတ်၊ နားပိတ် ဖြစ်သွားအောင် လုပ်တာပေါ့။ အင်တာ နက် မဖြတ်ခင်က စစ်ကြောင်းထိုးမှုတွေက ခပ်ကျဲကျဲပဲ ရှိတယ်။ အခုက စစ်ကြောင်းထိုးမှုတွေက ခပ်စိတ်စိတ် ဖြစ်လာ တယ်။ ကျနော်တို့ရှိတဲ့ ဒေသပတ်ဝန်းကျင်ဆိုရင် တောင်ပိုင်းရော၊ မြောက်ပိုင်းရော စစ်ကြောင်းတွေ အပြိုင်ထိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အင်တာနက် ဖြတ်တောက်ခံရပြီးနောက်ပိုင်း စစ်တပ်က စစ်ကြောင်းထိုးကာ ကျေးရွာများကို စီးနင်းမီးရှို့ဖျက်ဆီးမှုများ ပိုမို လုပ်ဆောင်လာသလို လက်နက်တပ်ဆင်ထားပြီး ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့များအား စစ်သင်တန်း ပေးခြင်းကိုလည်း တိုးမြှင့်လုပ်ဆောင်လာနေကြောင်း သူက ဆိုသည်။
ရဲဘော်ရောင်နီက “စစ်ကောင်စီတပ်ဘက်က အခုဆိုရင် ပြောက်ကျားစနစ်ကို ဦးစားပေးလာနေတယ်။ ရွာတွေ ကို ဝင်တယ်။ အိမ်ကို မီးရှို့တယ်။ ပျောက်သွားတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာ၊ နေတဲ့နေရာတွေ ကို မီးရှို့တယ်၊ ဖျက်ဆီးတယ်။ ကျနော်တို့ ရဲဘော်တွေကို တွေ့ပြီဆိုရင် ချက်ချင်းသတ်ပစ်တယ်၊ မီးရှို့တယ်။ ပြီးရင် သူတို့ တပ်ကို ချက်ချင်းပြန်ခေါက်သွားတယ်ပေါ့။ ကျနော်သိထားရတာဆိုရင် အရိပ်မဲ့စစ်ဆင်ရေးလို့ ခေါ်တယ်” ဟု ပြောဆိုသည်။
စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို အဆိုးရွားဆုံး ကြုံတွေ့နေရသည့် တိုင်းတခုဖြစ်ပြီး ၂၀၂၁ မေမှ ယခုအချိန်အထိ အရပ်သားနေအိမ် ၃၇၀၀ နီးပါး မီးရှို့ခံထားရကြောင်း လွတ်လပ်သောသုတေသနအဖွဲ့ Data for Myanmar ၏ အစီရင်ခံစာအရ သိရသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း စသည့် မြို့ ပေါ်အနီးပတ်ဝန်းကျင်တွင်သာ အင်တာနက် အသုံးပြုနိုင်ပြီး ကျန်မြို့နယ်အများစုမှာ ယခုမတ်အစပိုင်းမှ စတင်ပြီး အင်တာနက် ဖြတ်တောက်ခံထားရသည်။
စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်တို့ရှိ ဒါဇင် နှင့်ချီသော မြို့နယ်များကို အင်တာနက် ဖြတ်တောက်ထားပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်နေသော ကယားပြည် နယ်ရှိ မြို့နယ်တချို့ကိုလည်း ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်။
စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ခြင်းသည် သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးစေခြင်း၊ ၎င်းတို့၏ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်လိုခြင်း၊ တော်လှန်ရေးအင်အားစုများအချင်းချင်း ချိတ်ဆက်မှု အားနည်းစေလို ခြင်းနှင့် ပြည်တွင်းပြည်ပရှိ အများပြည်သူများ၏ ထောက်ပံ့ငွေများကို ဖြတ်တောက်လိုခြင်း ဖြစ်ကြောင်း အင်တာနက် ဖြတ် တောက်ခံထားရသည့် ဒေသများရှိ တော်လှန်ရေးအင်အားစုများက ဧရာဝတီသို့ ပြောသည်။
ထိုအချက်များအရ ငွေကြေး၊ ရိက္ခာ၊ သတင်းအချက်အလက်နှင့် တပ်သားသစ်စုဆောင်းမှုကို ဖြတ်တောက်ခြင်း ဆိုသည့် စစ်တပ်၏ ဖြတ်လေးဖြတ် စစ်ဗျူဟာကို ၂၀၂၁ နွေဦးတော်လှန်ရေး အင်အားစုများအပေါ်တွင်လည်း အသုံးပြုလာနေခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ အင်တာနက် ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးသွားမှုသည် တော်လှန်ရေး အင်အားစုများအပေါ် သက်ရောက်မှု မကြီးမားသော်လည်း အထောက်အပံ့ ငွေကြေးပြတ်တောက်မှုက ပိုကြီးမားလျက်ရှိ ကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။
“သူတို့ (စကစ) ခေတ်အဆက်ဆက်က ကျူပင်ခုတ်၊ ကျူငုတ်မကျန် ဆိုတာမျိုး လုပ်ခဲ့တာပဲ။ သူတို့ဘက်က လူထုထောက်ခံ မှု မရသရွေ့ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေကို နိုင်မှာမဟုတ်ပါဘူး” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က ပြောဆိုသည်။
ထို့သို့ စစ်ကောင်စီဘက်က သတင်းအချက်အလက် ဖြတ်တောက်ခြင်းနှင့် အထောက်အပံ့ ဖြတ်တောက်ခြင်းများ လုပ် ဆောင်ခြင်းသည် စစ်တပ်၏ နည်းဗျူဟာဟောင်းတခု ဖြစ်သည့်အတွက် အင်တာနက် ဖြတ်တောက်ခြင်းကြောင့် အခက်အခဲ တချို့ ရှိလာမည် ဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများ၏ ခုခံတွန်းလှန်မှု အရှိန်ကိုမူ လျော့ကျသွားရန် မဖြစ်နိုင် ကြောင်း ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်များ အခြေချနေသော နေပြည်တော်နှင့် အနီးဆုံးပြည်နယ် ဖြစ်သည့် ကယား ပြည်နယ်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လလယ်ပိုင်းမှ စတင်၍ အင်တာနက် ဖြတ်တောက်ကာ စစ်ကောင်စီက အကြီး အကျယ် ထိုးစစ်ဆင်လျက် ရှိသည်။
လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများအပြင် ရာနှင့်ချီသော စစ်သည်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် မိုးဗြဲမှ ဒီးမော့ဆိုလမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်ခဲ့သော နေရာတချို့ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ လက်အောက်သို့ ပြန်ရောက်ရှိသွားခဲ့သည်။
ခူးဒယ်နီရယ်က “ကျနော်တို့ ပြောက်ကျားစနစ်သဘောအရ နယ်မြေဆုံးရှုံးသွားတာ မရှိဘူး။ လက်နက်အင်အား မသာလို့ ယာယီဆုတ်ခွာပေးတာပဲ ရှိတယ်။ မိုးဗြဲ၊ ဖယ်ခုံကနေ လွိုင်ကော်အထိက ကျနော်တို့ အချိန်မရွေး နေရာယူလို့ရတယ်” ဟု ဆိုသည်။
အင်တာနက် ဖြတ်တောက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအပေါ် သက်ရောက်မှု ရှိသော်လည်း စစ်ကောင်စီနှင့် ပတ်သက်သည့် စစ်ရေးလှုပ်ရှားမှု သတင်းအချက်အလက်ရရှိမှု အပိုင်းတွင်မူ အခက်အခဲ မရှိကြောင်း၊ အင်တာနက် ဖြတ်တောက်ခြင်းသည် စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာတရပ် ဖြစ်ကြောင်း ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစု တခုဖြစ်သော မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူက ပြောသည်။
သူက “အခုက ပြည်သူအချင်းချင်း အားပေးပြီး ဆက်သွားရတာ။ သူတို့ရဲ့ မတရားလုပ်ရပ်တွေကိုလည်း ဝိုင်းဝန်းတော်လှန် ရမှာ။ ကျနော်တို့ဆီမှာ မဖြစ်ဘူး၊ တခြားတိုင်းနဲ့ ပြည်နယ်မှာ ဖြစ်နေရင်လည်း ကျနော်တို့ ဝိုင်းဝန်းတော်လှန်ရမယ်။ တခြား ဒေသတွေမှာ အောင်မြင်မှုတွေ ရနေတယ်ဆိုရင်လည်း ကျနော်တို့အကုန် ပျော်ရွှင်ရမယ်ပေါ့။ အဲဒီလိုမျိုး ကျနော်တို့ရဲ့ စည်း လုံးညီညွတ်မှုသဘော၊ စုပေါင်းတော်လှန်တဲ့သဘော စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်တာချင်တာလည်း ပါတယ်” ဟု မှတ်ချက်ပြုသည်။
သို့သော် အင်တာနက် ဖြတ်တောက်ခံထားရမှုကြောင့် ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီသူများနှင့် အချိတ်အဆက် လုပ် ဆောင်ရန် ခက်ခဲသွားခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေသော မတရားသည့် လုပ်ရပ်များကို နိုင်ငံတကာနှင့် အများပြည်သူသို့ အချိန်နှင့်တပြေးညီ မထုတ်ပြန်နိုင်တော့ခြင်းများ ဖြစ်သွားသည်ဟု သူက ဆိုသည်။
အင်တာနက် ဖြတ်တောက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပို၍ အခက်အခဲ ဖြစ်လာစေရန် ရည်ရွယ်လုပ် ဆောင်သည်ဟု ဆိုနိုင်သလို တခြားတဖက်တွင်လည်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးနိုင်မှု အားနည်းလာခြင်း၊ အထိအခိုက် အကျအဆုံး များလာခြင်း စသည့် ၎င်းတို့၏ သတင်းအချက်အလက်များကို ဖုံးကွယ်လိုသည့် အခြေအနေ ရှိနိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိသည်။
ထိုသို့ သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးသွားစေရန် အင်တာနက်များ ဖြတ်တောက်ပြီးမှ ထိုးစစ်ဆင်သည့်ဗျူဟာ ကို အာဏာသိမ်းစစ်တပ် အနေဖြင့် ယခုမှ အသုံးပြုခြင်းတော့ မဟုတ်ပေ။
စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သော ၂၀၁၉ အတွင်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ရှိ မြို့နယ်များကို ၁ နှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ခဲ့ဖူးသည်။
စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး အင်တာနက် ဖြတ်တောက်ခံရပြီး ယခုဆိုလျှင် ၇ လခန့် ကြာမြင့်လာပြီ ဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းများကို ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့ (PDF) များက မကြာခဏ တိုက်ခိုက်သိမ်းပိုက်နေသလို ဖားကန့်မြို့ပေါ်မှ ဒေသခံများ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လမ်းပေါ်သပိတ်များသည်လည်း ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သည်။
ထို့ပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ အသံတိတ်သပိတ် (Silent Strike)၊ Black TV Day (စစ်ကောင်စီက ပြုလုပ်သည့် ဗိုလ်ရှုသဘင် အခမ်းအနားကို သပိတ်မှောက်ခြင်း) ကဲ့သို့သော ကမ်ပိန်းများသည်လည်း စစ်ကောင်စီက မိုဘိုင်း ဒေတာ ဖြတ်တောက်ခြင်း အပါအဝင် မည်သည့် တားဆီးမှုများ ပြုလုပ်သည်ဖြစ်စေ အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့သည်ချည်း ဖြစ်သည်။
စစ်ရေးဘက်တွင် ကြည့်လျှင်လည်း ပြည်သူ့ခုခံစစ်ကြေညာပြီး ၆ လအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက စစ်ကောင်စီတပ်ကို ထိခိုက်သေဆုံးစေမှု အများအပြား ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သလို PDF များက ကျေးလက်ဒေသ များစွာပင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုလာသည်။
“ဖြတ်သန်းခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၆ လတာ ကာလကို တော်လှန်ရေးရဲ့ ကနဦးအဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီအဆင့် မှာ PDF ရဲဘော်တွေဟာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်လာကြတယ်။ ရန်သူ့အင်အား ကို နေ့စဉ်နဲ့အမျှ ထိခိုက်ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။ အခုဆိုရင် ကျနော်တို့ PDF တွေဟာ ကျေးလက်ဒေသ များစွာကို စိုးမိုးထိန်းချုပ် နိုင်ခဲ့ပါပြီ” ဟု သူက ဆိုသည်။
ထို့ကြောင့် စစ်တပ်၏ နည်းဗျူဟာဟောင်းတခု ဖြစ်သည့် အင်တာနက် ဖြတ်တောက်ခြင်းကြောင့် အခက်အခဲတချို့ ရှိလာ မည် ဖြစ်သော်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လမ်းပေါ်သပိတ်လှုပ်ရှားမှုများနှင့် လက်နက်ကိုင် ခုခံတွန်းလှန်မှု အရှိန်ကိုမူ လျော့ကျသွားစေနိုင်မည် မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများက အခိုင်အမာ ပြောဆိုသည်။ ။