“၂၀၀၀ ပြည့်နှစ် ကဗျာစတင် ပါ။ အသက် ၄၄ (ကဗျာရေးသက်၂၂ အတွင်း) ကဗျာလုံးချင်း ၉ အုပ်၊ ကဗျာရှည်စုစည်းမှု ၂ အုပ်၊ အက်ဆေး ၂ အုပ်၊ ရုပ်ပုံလွှာ ၁ အုပ် အပါအဝင် စာအုပ်ပေါင်း ၁၄ အုပ် ရေးသားထုတ်ဝေခဲ့သည့်အပြင် “ကဗျာ့အသံ” ဆိုသော ကဗျာမဂ္ဂဇင်းတစောင်ကိုပါ စီစဉ်ထုတ်ဝေနိုင်ခဲ့ပါသည်။ ကဗျာကို လေးနက်စွဲမြဲစွာ ယုံကြည်သည်နှင့်အမျှ ပရိသတ် အခိုင်အမာရှိသူ ဖြစ်ပါသည်။
ယနေ့ သူ့ရက်လည်ဆွမ်းကျွေးကို ရွှေဂုံတိုင်လိပ်ပြာကန် ကျောင်းတိုက်တွင် ၁၀ နာရီ စတင်ကျင်းပပါမည်။ ပုံကတော့ မနေ့က လျှပ်တပြက် အမှတ်တရ ရေးလိုက်တာပါပဲ။ ညီငယ် ရောက်ရာဘဝမှာ အေးချမ်းပါစေ။”
အောက်တိုဘာ ၇ ရက်မှာ သစ္စာနီ သူ့ဖေ့စ်ဘွတ်မှာ ရေးတင်ထားတာပါ။
မကြာသေးခင်ကမှ ကွယ်လွန်သွားတဲ့ ကဗျာဆရာ၊ အက်ဆေးဆရာ ကြည်ဇော်အေး ပုံကိုလည်း ပန်းချီဆွဲပြီး တင်ထားပါသေးတယ်။
အက်ဆေးတွေကို ကဗျာလို့ပဲ သတ်မှတ်တယ်လို့ဆိုသွားသူ ကြည်ဇော်အေး ဆုံးတော့ ဖေ့စ်ဘွတ်အလွမ်းစာတွေ ဆက်တိုက်တက်လာတယ်။ သူ့ကဗျာလေးတွေ အမှတ်တရရေးတင်ကြတာလည်း တွေ့မြင်ဖတ်ရှုရတယ်။
ဆရာသစ္စာနီ ရေးတင်ထားတာဖတ်ရမှ ကြည်ဇော်အေးဟာ သူ့ကဗျာသက် တိုတိုအတွင်းမှာ ကဗျာ၊ အက်ဆေး ဖန်တီးမှုတွေကို မနေမနားလုပ်သွားတာ သတိပြုမိလိုက်တယ်။
အခု ဆရာသစ္စာနီ ရေးတင်ထားတာဖတ်ရမှ ကြည်ဇော်အေးဟာ သူ့ကဗျာသက် တိုတိုအတွင်းမှာ ကဗျာ၊ အက်ဆေး ဖန်တီးမှုတွေကို မနေမနားလုပ်သွားတာ သတိပြုမိလိုက်တယ်။
လက်ထဲရှိနေတဲ့ ကြည်ဇော်အေးရဲ့ “ကော်ဖီခံစားမှု” အက်ဆေးတွေကို တခုတ်တရ ဖတ်ကြည့်တော့ ကဗျာဆရာ့အက်ဆေးတွေက ရင်ထဲရောက်တယ်။ ကဗျာတွေက အက်ဆေးတွေဖြစ်၊ အက်ဆေးတွေက ကဗျာဖြစ်နဲ့ ကြည်ဇော်အေးရဲ့ ကဗျာလိပ်ပြာက ဟိုသည်ကူးလူးပျံသန်းနေတာ ဖတ်ရင်းသတိထားမိလာတယ်။
“ယဉ်ကျေးသော အင်းဆက်များ”
” ဆောင်းဦးပေါက်ခါစမို့ ထင်သည်။ အအေးဓာတ် ခပ်ငွေ့ငွေ့က လေထုထဲတွင် သူ့ရနံ့ကို သွေးအေးအေးဖြင့် ထုတ်လွှင့်ပေးနေ၏။ တခါတခါတွင် မညီမညာ နုန်းတင်မြေနုလမ်းကလေးက မြင်းရိုင်းတကောင်ကို စီးခဲ့မိသူလိုပင်။ မြစ်ထဲရှိ သောင်ပြင်ပေါ်မှ ပဲခင်းကလေးများသည်လည်း မအောင်မြင်ခဲ့သော နိုင်ငံရေးစနစ် တခုအောက်တွင် ကြီးပြင်းခဲ့ရသည့် လူငယ်တယောက်လို ညှိးငယ်မှိန်ဖျော့လျက်။ ကျေးငှက်များက သီးနှံများကို လာရောက် ပျော်ပါး စားသောက်ကြလိုသော်လည်း သီးနှံများသည် ကျေးငှက်သာရကာများအပေါ် ဧည့်ဝတ်မကျေနိုင်ရှာ။ သူတို့ကိုယ်တိုင်ပင် ဖြစ်သလို အသက်ဆက် နေကြရသည်ကို သူတို့ဘာသာ အသိဆုံးဖြစ်သည်။ သူတို့သည် မြစ်တစင်းထဲမှာ နေထိုင်အသက်ရှင်နေကြသည့် ဘဝတူများဖြစ်သည်။ သူတို့သည် ဂေဟဗေဒစနစ်ကို ရှင်သန်အောင် ရုန်းကန်လှုပ်ရှားနေကြသော သွေးသောက်ညီအစ်ကိုများ ဖြစ်သည်။”
အက်ဆေးဆရာက သဘာဝဝန်းကျင် ဆက်စပ်နေပုံ၊ ငှက်တွေနဲ့သီးနှံတို့ အပြန်အလှန် အကျိုးပြုနေပုံတို့ကို “မအောင်မြင်ခဲ့သော နိုင်ငံရေးစနစ်တခုအောက်တွင် ကြီးပြင်းခဲ့ရသည့် လူငယ်တယောက်လို ညှိးမှိန်လျက်” ဆိုသည့် တင်စားချက်ပြင်းပြင်းနဲ့ ရေးဖွဲ့ပြခဲ့။

ဆက်ပြီး သောင်ပြင်ပေါ်က ပိုးထိုးထားတဲ့သီးနှံအချို့ကို အက်ဆေးဆရာက ခူးယူရင်း အင်းဆက်ရှိနေလို့ ပိုးထိုးထားတာဖွဲ့။ သီးနှံကိုဆွတ်ယူပြီး ဈေးကွက်တင်ရာမှာတော့ ပိုးသတ်ဆေးက မသုံးမဖြစ်မို့ ကျနော်တို့ ခန္ဓာကိုယ်ထဲ ပိုးသတ်ဆေးတွေ ဘယ်လောက်ရောက်နေပြီလဲ။ စိုးရိမ်ဖွဲ့ရာကနေ …။
“သဘာဝသည် အလှအပ။ အလှအပသည် သဘာဝ။ သို့ရာတွင် သဘာဝအလှအပကို ခံစားနေဖို့ထက် အသက်ရှင်ရပ်တည်ရန် အတွက်ပင် မနည်း ရုန်းကန်လှုပ်ရှားနေကြသော ကျနော်တို့သည် အော်ဂဲနစ် အိပ်မက်ရှည်ကြီးကိုသာ ညစဉ် မက်နေကြရပေသည်။
နွေဦးသည် သစ်ရွက်ကြွေများနှင့် လှပနေမှန်းသိသော်လည်း သစ်ပင်များကို မထိန်းသိမ်းနိုင်အား။ မီးသွေးဖုတ်ရန် ထင်းအဖြစ် ခုတ်လှဲပစ်လိုက်ကြရ၏။ မိုးဦးကျလျှင် ပိတောက်ပန်းကလေးများ ဖူးပွင့်ဝေဆာလာသော်လည်း မခံစားနိုင်အား။ ဦးဦးဖျားဖျား အမြန်ခူးကာ ဈေးသို့သွားရောက်၍ ဝမ်းစာအတွက် ရောင်းချရသေး၏။”
နွေဦးသည် သစ်ရွက်ကြွေများနှင့် လှပနေမှန်းသိသော်လည်း သစ်ပင်များကို မထိန်းသိမ်းနိုင်အား။ မီးသွေးဖုတ်ရန် ထင်းအဖြစ် ခုတ်လှဲပစ်လိုက်ကြရ၏။ မိုးဦးကျလျှင် ပိတောက်ပန်းကလေးများ ဖူးပွင့်ဝေဆာလာသော်လည်း မခံစားနိုင်အား။ ဦးဦးဖျားဖျား အမြန်ခူးကာ ဈေးသို့သွားရောက်၍ ဝမ်းစာအတွက် ရောင်းချရသေး၏။”
တန်ဖိုးမထားနိုင်တာတွေ များများလာတော့ ဒိုင်နိုဆောသတ္တဝါတွေလို လူသားတွေ ကမ္ဘာမြေက ပျောက်ကွယ်သွားလေမလား။ တော်ပါသေးရဲ့။ ဘယ်သတ္တဝါမှာမှ မရှိတဲ့ အနုပညာ လူမှာရှိသေးတယ်။ ဒါအားသာချက်ပဲ။
အက်ဆေးဆရာ ကဗျာရေးပြီ။
“အင်းဆက်များ”
“စက်ခလုတ်တွေ မပေါ်မီ
ဘုရားတွေ မပွင့်မီ
မိန်းမတွေက စိုက်ပျိုးခြင်း
ယောကျ်ားတွေက အမဲလိုက်ခြင်း”
(ကျောက်ခေတ်လူသားအဖွဲ့။ တချိန်တည်း အားကိုးအားထားရှာပြီ)
“နတ်ဘုရားတွေကို ကိုးကွယ်မယ်
သားရဲတွေကို ယဇ်ပူဇော်မယ်”
(သဘာဝအလှအပနဲ့ ရင်းနှီးပြီ)
“နေရောင်ခြည် နွေးနွေးအောက်မှာ
ကလေးတွေက ခွေးတွေနဲ့ ကစားနေကြတယ်
ညနက်နက်တွေမှာ
လူကြီးတွေက ကြယ်တွေကို ငေးနေကြတယ်”
(ကဗျာဆရာ အက်ဆေးဆရာက ဘာပြောချင်တာလဲ။ လာပြီ)
“ကမ္ဘာပျက်မယ်ဆိုလည်း
ယုံကြည်တယ်
သေရည်ကိုလည်း
အရသာရှိအောင် ချက်တတ်တယ်
နှလုံးသားရှိနေရင်
ဦးနှောက်ဟာ အပိုပါပဲလို့
နောင်နှစ်ပေါင်း နှစ်ထောင်လောက်မှ
အေသင်က
ရူးကြောင်ကြောင်လူက ထပြောတာပါ
အဲ့ဒီ ဒဿနကို
ငါတို့ အင်းဆက်တွေက စ သိခဲ့တာပါ။”
ပိုးသတ်ဆေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ အော်ဂဲနစ် အိမ်မက်ရှည်ကြီး မက်မနေပါနဲ့။ အနုပညာတွေ ခံစားပြီး ပျော်သလိုနေလို့ ဆိုချင်သည်လား။
“ယဉ်ကျေးသော အင်းဆက်များ” အက်ဆေးကို ခုလို အဆုံးသတ် ရေးဖွဲ့ခဲ့လေရဲ့။
“အကောင်ကြီးသော်လည်း ကမ္ဘာမြေနှင့် လိုက်လျောညီထွေစွာ မနေနိုင်ကြသော ဒိုင်နိုဆောကြီးများမှာ မျိုးတုံး ပျောက်ကွယ်သွားကြပါသည်။ သေးငယ်သော အင်းဆက်များသည် ယခုအချိန်အထိ ရှင်သန်နေကြပါသေးသည်။ အင်းဆက်အများစုတွင် အဆိပ်ရှိသည်ဟု ဆိုပါသည်။ လူအများစုတွင် အသိဉာဏ်ရှိသည်ဟု ဆိုပါသည်။ လူသားသည် ယဉ်ကျေးသော အင်းဆက်များ ဖြစ်ပါသည်။”
“အကောင်ကြီးသော်လည်း ကမ္ဘာမြေနှင့် လိုက်လျောညီထွေစွာ မနေနိုင်ကြသော ဒိုင်နိုဆောကြီးများမှာ မျိုးတုံး ပျောက်ကွယ်သွားကြပါသည်။ သေးငယ်သော အင်းဆက်များသည် ယခုအချိန်အထိ ရှင်သန်နေကြပါသေးသည်။ အင်းဆက်အများစုတွင် အဆိပ်ရှိသည်ဟု ဆိုပါသည်။ လူအများစုတွင် အသိဉာဏ်ရှိသည်ဟု ဆိုပါသည်။ လူသားသည် ယဉ်ကျေးသော အင်းဆက်များ ဖြစ်ပါသည်။”
မုံရွာသား ကဗျာဆရာ အက်ဆေးဆရာ ကြည်ဇော်အေးရဲ့ ဒီအက်ဆေးနဲ့ ကဗျာဖတ်ရင်း မနှစ်က ဆုံးသွားတဲ့ မုံရွာသားကဗျာဆရာကြီး အံ့မောင်ရဲ့ ကဗျာတိုလေးတပုဒ် မဆီမဆိုင် ပြေးသတိရမိတယ်။
ကဗျာနာမည်က “တောလမ်း” တဲ့။
လူက အိပ်ဆဲ
နွားကဆွဲလျက်
လှည်းတရွေ့ရွေ့။
ဆန့်ထွက်တွေးလို့ မဆုံးနိုင်တဲ့ သုံးကြောင်း ကဗျာကောင်းလေးတပုဒ်။
ကြည်ဇော်အေးရဲ့ ကော်ဖီခံစားမှု အက်ဆေးများစာအုပ်မှာ ကျောင်းဆရာရဲ့သား၊ ကျောင်းသားသီချင်း၊ ဗိုင်းရပ်စ်ပြဇာတ်၊ နိုင်ငံရေးသမားနှင့်ကဗျာဆရာ၊ ရက်စက်သောဟာသ၊ ဘယ်ရထားမှာလွဲခဲ့ကြသလဲ စသဖြင့် အက်ဆေးပေါင်း ၃၁ ပုဒ် ပါဝင်တယ်။

နောက်ဆုံး နှစ်ပုဒ်လောက်ကလွဲရင် ကျန်တဲ့အက်ဆေးအားလုံးကို ၂၀၂၀ ပြည့်နှစ်အတွင်း ကြည်ဇော်အေး ရေးခဲ့တာ။ ကိုဗစ်ကူးစက်ရောဂါကို အံတုရင်း၊ အိမ်တွင်းအောင်းရင်း ရေးခဲ့ပုံရ။
ကဗျာဆန်တဲ့ အက်ဆေးတွေမို့ ဟိုတစ ဒီတစ သီပြပါရစေ။
“သိပ္ပံပညာ၏ အသီးအပွင့်များကို ခံစားနေကြသော ယနေ့ခေတ်လူသားသည် အနုပညာကို ပစ်ပယ်စ ပြုလာသည်။ ‘မမလေးပန်စရာ ပျိုတို့မောင် တောင်ပေါ်ရိုးက ပန်းချိုးလို့လာ’ အစား ပန်းသီးတံဆိပ် ဟန်းဆက်တလုံးက ပို၍ တာသွားလာ၏။ ‘မဝယ်ဘူး မယ်ခူးတဲ့ဖက်စိုအစား’ ဘလူးလေဘယ်တလုံးက ပို၍ ထိရောက်လာ၏။ ထိုအခါ ချစ်သူတို့ကြားတွင် ကဗျာဖွဲ့စရာ လေညင်းကလေးလည်း မခြားတော့ပါ။ စာဖွဲ့၍ မနာလိုအပြစ်တင်စရာ သနပ်ခါးရနံ့ကလေးလည်း မရှိတော့ပါ။”
“ကမ္ဘာကြီးသည် ကဗျာဆရာနှင့် သိပ္ပံပညာရှင်ကို ညစာစားပွဲတွင် တစားပွဲတည်း မျက်နှာချင်းဆိုင်ထိုင်ခိုင်းပြီး ဖန်ခွက်ချင်း ထိခတ်စေလိုက်ပါသည်။ ဖန်ခွက်ထဲတွင် ငွေလမင်းသည် အရည်ပျော်စပြုနေပြီ ဖြစ်ပါသည်။”
(ဖန်ခွက်ထဲက ငွေလမင်း မှ)
“ကော်ဖီတခွက်”
ပူပူနွေးနွေးစိတ်ကူးများ
ကိုယ့်စကားနဲ့ကိုယ် အငွေ့ပျံလို့
တနင်္ဂနွေနေ့ဟာ
ကိုယ်နဲ့မတော်တဲ့ ဂျင်းဘောင်းဘီ
ချောင်းဆိုးပျောက်ဆေးဟာ
ဇိမ်ခံပစ္စည်းလား
လက်မောင်းသွေးလာသောက်တဲ့ ခြင်ကို
သံခင်းတမန်ခင်း ဆက်ဆံလို့မဖြစ်
စီးကရက်ပြာမှအစ
စည်းကမ်းတကျ ခြွေချခဲ့ပါတယ်
ညည်းငွေ့မှုဟာ အဖော်မပါ
ကော်ဖီဆိုင်မှာထိုင်စောင့်လို့
ဒီနေ့
ဘယ်သူနဲ့မှ စကားမပြောလိုတော့ပါ။
ကမ္ဘာပေါ်ရှိ ချစ်သူများကြားတွင် အမှတ်တရဖြစ်စရာ အကြောင်းအရာများစွာ ရှိကြပါလိမ့်မည်။ ပန်းစည်းလှလှများ၊ ချောကလက်များ၊ တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ နောက်ဆုံးပေါ် ဇိမ်ခံကားများ စသည်တို့ကို မိမိတို့ချစ်သူများအတွက် လက်ဆောင် ဝယ်ပေးနိုင်ကြပါလိမ့်မည်။ သို့ရာတွင် ထိုအရာဝတ္ထုများသည် ကျနော့်စာမူခ ငွေကလေးနှင့် နှစ်ယောက်အတူ ဝယ်သောက်ခဲ့ရသည့် ကော်ဖီတခွက်လောက် တန်ဖိုးကြီး၍ အရသာရှိလိမ့်မည် မထင်ပါ။
“ကော်ဖီမရှိသော ကမ္ဘာကြီးသည် အတောင်ပံမပါသော ငှက်တကောင်လိုပင် ရယ်မောဖွယ်ရာ လွဲချော်နေပါလိမ့်မည်။ ကော်ဖီမရှိသော ကမ္ဘာကြီးသည် ကျည်ဆန်ကုန်နေသော သေနတ်တလက်လိုပင် အဓိပ္ပာယ် ကင်းမဲ့နေပါလိမ့်မည်။ ကမ္ဘာပေါ်ရှိ ချစ်သူများကြားတွင် အမှတ်တရဖြစ်စရာ အကြောင်းအရာများစွာ ရှိကြပါလိမ့်မည်။ ပန်းစည်းလှလှများ၊ ချောကလက်များ၊ တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ နောက်ဆုံးပေါ် ဇိမ်ခံကားများ စသည်တို့ကို မိမိတို့ချစ်သူများအတွက် လက်ဆောင် ဝယ်ပေးနိုင်ကြပါလိမ့်မည်။ သို့ရာတွင် ထိုအရာဝတ္ထုများသည် ကျနော့်စာမူခ ငွေကလေးနှင့် နှစ်ယောက်အတူ ဝယ်သောက်ခဲ့ရသည့် ကော်ဖီတခွက်လောက် တန်ဖိုးကြီး၍ အရသာရှိလိမ့်မည် မထင်ပါ။”

(ကော်ဖီခံစားမှု မှ)
“ကျောင်းသီချင်း”
နေရောင်ခြည်က တံခါးရွက်တွေကို ဆွဲဖွင့်တယ်
အမှောင်က တံခါးရွက်တွေကို ပြန်ပိတ်ပစ်တယ်
ခေါင်းလောင်းသံက
မျက်လုံးများကို ပွင့်စေတယ်
မြေဖြူခဲလေး ထောက်ကနဲကျိုးသံက
နားများကိုစွင့်စေတယ်
ဆွေးမြည့်ဖွယ်နှစ်များရဲ့အလံဟာ
အရောင်တွေလွင့်လို့
နံရံပေါ်မှာ
အစိမ်းရောင်ဆေးသားများဟာ
ကွာကျလို့
ကျောင်းသီချင်းဟာ
ဓာတ်ပြားဟောင်းတချပ်ပမာ အသံတွေထစ်လို့
လေထဲမှာ။
(ရှေးဟောင်းရုပ်ရှင် မှ)
ကြည်ဇော်အေးရဲ့ ဗိုင်းရပ်စ်ပြဇာတ် အက်ဆေးကတော့ ကိုဗစ်ဗိုင်းရပ်စ်ဒဏ် ကျောကော့အောင် ခံနေရချိန် ရေးခဲ့လို့လားမသိ။ ကြွနေတယ်။
“ကပ်ဘေးကြီး သုံးမျိုးရှိပါသည်။
သတ္တန္တရကပ် – လက်နက်အန္တရာယ်ဘေး။
ရောဂန္တရကပ် – ရောဂါအန္တရာယ်ဘေး။
ဒုဗ္ဘိက္ခန္တရကပ် – အငတ်ဘေး။
ကံခေလွန်းသော ကျနော်တို့တိုင်းပြည်သည် တပါးကျွန်ဘဝမှ လွတ်မြောက်၍ မကြာမီ နှစ်ပေါင်း ငါးဆယ်ကျော် ရှည်ကြာခဲ့သော ပြည်တွင်းစစ်ကြီးကို ဖွားဖက်တော်အဖြစ် လက်ခံခဲ့ရပါသည်။ ထို့နောက် ကျောက်ရောဂါ၊ ပုလိပ်ရောဂါမှသည် ဒီဘက်ခေတ် ငှက်ဖျားရောဂါ၊ ဆားစ်ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ယခု ကိုရိုနာကိုဗစ်ရောဂါများအထိ ဝမ်းနည်းစရာကောင်းလောက်အောင် ခေတ်မီခဲ့ကြ၏။”
(စကားကြုံလို့ပြောရရင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် စစ်မီး အတိငြိမ်းသည့်အချိန်ကာလ ၃၁ လသာ ရှိခဲ့သည်။ ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့သော ၁၉၄၅ ခုနှစ်၊ သြဂုတ်လမှ ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော ၁၉၄၈ ခုနှစ်၊ မတ်လအကြား ကာလပင် ဖြစ်သည်)
ကြည်ဇော်အေးရဲ့ အက်ဆေးအကြောင်းအရာတွေက သူ အမှတ်ရသမျှကို ကိုဗစ်ရှောင် ဂူအောင်းရင်း ရေးဖွဲ့ခဲ့ပုံလည်းတွေ့မြင်ရ။ ဥပမာ လမ်းသရဲမင်းသားအက်ဆေးက ၁၆ နှစ်မှာ လျှမ်းလျှမ်းတောက် မင်းသားဖြစ်ပြီး အသက် ၂၀ မှာ လမ်းသူရဲအမှုနဲ့ ထောင်ကျဖူးသူ မင်းသားတလက်အကြောင်း တို့ထိရေးဖွဲ့ထားတယ်။
သူ့နောက်က “ကျဆုံးလေပြီးသော ဖန်ခွက်အဟောင်းများ” ကျ မြို့လေးတမြို့က ချစ်စရာကောင်းသည့် အရက်ဖြူဆိုင်အကြောင်း ဖြစ်နေပြန်တယ်။ “ကျနော်တို့သည် အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်သည့် အိမ်အိုကြီးအောက်တွင် မုန်တိုင်းအလာကို ဘုရားတရင်း အိပ်ပျော်နေကြသည်။ သို့သော် ခြကတော့ စားမြဲပင်။ “ခြစားခံရသောအိမ်တလုံး” အက်ဆေးတွင် ဖတ်ရပြန်သည်။
အက်ဆေးဆိုတာ သူ့အတွက်တော့ ကဗျာပါပဲလို့ ကြွေးကြော်ရေးသားသွားခဲ့တဲ့ ကြည်ဇော်အေးဟာ သူ့ကဗျာသက်တမ်းတိုတိုမှာ ကဗျာတွေ၊ အက်ဆေးတွေ အမြောက်အမြား ရေးသားထုတ်ဝေသွားခဲ့တယ်။ မသေခင်တရက်အထိ ကဗျာတပုဒ်ရေးခဲ့သေးတယ်လို့ သူ့ကဗျာမိတ်ဆွေတွေက မှတ်တမ်းတင်ထားတယ်။
အက်ဆေးဆိုတာ သူ့အတွက်တော့ ကဗျာပါပဲလို့ ကြွေးကြော်ရေးသားသွားခဲ့တဲ့ ကြည်ဇော်အေးဟာ သူ့ကဗျာသက်တမ်းတိုတိုမှာ ကဗျာတွေ၊ အက်ဆေးတွေ အမြောက်အမြား ရေးသားထုတ်ဝေသွားခဲ့တယ်။ မသေခင်တရက်အထိ ကဗျာတပုဒ်ရေးခဲ့သေးတယ်လို့ သူ့ကဗျာမိတ်ဆွေတွေက မှတ်တမ်းတင်ထားတယ်။
အခုတော့ ကြည်ဇော်အေး ဆုံးပြီ။ ငယ်သေးတယ်။ အသက်ရလာတာနဲ့အမျှ အခုထက် ရင့်ကျက်တည်ငြိမ်တဲ့ ကဗျာကောင်းတွေ၊ အက်ဆေးကောင်းတွေ အများကြီးမျှော်လင့်လို့ ရနိုင်သေး။
သူ့လိုပဲ အချိန်မတိုင်မီ လူ့လောကထဲက ထွက်ခွာသွားခဲ့တဲ့ မုံရွာသား ကဗျာဆရာ ကျော်အောင်သစ် (ခေါ်) တေးရေး ကေအေတီအကြောင်း အက်ဆေးမှာ ကြည်ဇော်အေးက အခုလိုရေးခဲ့တယ်။
“လူတယောက် ကွယ်လွန်သွားလျှင် ကျန်ရစ်သူတို့က လွမ်းဆွတ်ရမြဲဖြစ်သည်။ သို့ရာတွင် လွမ်းလောက်စရာက မည်မည်ရရ ရှိဦးမှဖြစ်မည်။”
ဆရာသစ္စာနီကတော့ ကြည်ဇော်အေးဟာ “ကဗျာကို လေးနက်စွဲမြဲစွာ ယုံကြည်သည်နှင့်အမျှ ပရိသတ် အခိုင်အမာရှိသူဖြစ်” လို့ မော်ကွန်းထိုးခဲ့တယ်။ လွမ်းစရာမည်မည်ရရရှိသူ ကဗျာဆရာ အက်ဆေးဆရာ ကြည်ဇော်အေး။
ကျနော်ကတော့ တော်ပြီးထူးချွန်တဲ့ အနုပညာရှင်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးတယ်ကြားရင် လူထုဒေါ်အမာ ရေးဖူးတဲ့ ဝင်းဦးအလွမ်းပြေစာမူထဲက စာတကြောင်း ပြေးပြီးအမှတ်ရလေ့ရှိတယ်။
“သူ ဆုံးသွားတော့ ဒါရိုက်တာဦးသုခက ‘မသေသင့်ဘဲ သေသွားရတာဗျာ၊ အရွယ်ရော၊ ပညာရော၊ အစွမ်းအစရော ရှိတဲ့လူမို့ နှမြောပါတယ်’ လို့ ပြောရှာတယ်။ ဆရာက အနေအထိုင် မယဉ်ကျေးခဲ့တာကို အပြစ်ချတယ်လေ။ ဟုတ်ကဲ့၊ လူဆိုတာ သေရင် ရမယ်ကလေး တခုတော့ ရှိရတာပေါ့”။
ကြည်ဇော်အေးရဲ့ ကော်ဖီခံစားမှု အက်ဆေးများစာအုပ်ကို နှစ်ကာလများစာပေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ပထမအကြိမ် ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးက ၄,၀၀၀ ကျပ်ပါ။
You may also like these stories:
ကဗျာတွေအတွက် မွေးဖွားလာတဲ့ ကြည်ဇော်အေး
တော်လှန်ရေးတပ်ဦးမှ မြန်မာကဗျာဆရာများ
နိုင်ငံရေးသမား စာရေးဆရာ မုံရွာအောင်ရှင် ကွယ်လွန်ခြင်း