မြန်မာ့ရိုးရာရက်ကန်း အချက်အခြာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် နေထိုင်သူများသည် ၎င်းတို့ပိုင်ဆိုင်မှုများနှင့် ရက်ကန်းစင်များကို လွန်ခဲ့သောလ၌ စစ်ကောင်စီက မီးရှို့ဖျက်ဆီး ခံရပြီးနောက် ပြည်တွင်းပြည်ပမှ စေတနာရှင်များလာရောက်ကူညီမည်ကို မျှော်လင့်နေကြသည်။
ဆိပ်ခွန်အထည်များ ထုတ်လုပ်သောကြောင့် နှစ်ပေါင်းများစွာ ကျော်ကြားသော ရွှေဘိုဒေသခံများသည် နေအိမ်များကို ဆုံးရှုံးရုံသာမက မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းထားသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကိုလည်း ဆုံးရှုံးကြသည်။
စစ်ကောင်စီတပ်များသည် လွန်ခဲ့သောသီတင်းပတ်များအတွင်း ရွှေဘိုမှရွာ အနည်းဆုံး ၁၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောရွာများတွင် ရိုးရာအထည်များ ထုတ်လုပ်သည့် ရိုးရာလက်ရက်ကန်းသာမက စက်ရက်ကန်းများကိုပါ အဓိက လုပ်ကိုင်သည့် ထူးကြီး၊ တယ်ပင်၊ ပလိုင်းနှင့် တင့်တယ်ကျေးရွာများ ပါဝင်သည်။ ထိုကျေးရွာ လေးရွာလုံးသည် တနိုင်ငံလုံးသို့ လက်ရက်ထည်များ ဖြန့်ချိသည့် ဆိပ်ခွန်ကျေးရွာအနီးတွင် တည်ရှိသည်။
ရက်ကန်းရက်ခြင်းသည် ထိုကျေးရွာဒေသခံများ၏ ၈၀ ရာခိုင်နှုန်းအတွက် အသက်မွေးဝမ်းကြောင်းဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းသာ ဆန်စပါး စိုက်ပျိုးကြသည်။
ရက်ကန်းရက်ခြင်းသည် ထိုကျေးရွာဒေသခံများ၏ ၈၀ ရာခိုင်နှုန်းအတွက် အသက်မွေးဝမ်းကြောင်းဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းသာ ဆန်စပါး စိုက်ပျိုးကြသည်။ ၎င်းတို့၏နေအိမ်များနှင့် ရက်ကန်းစင်များကို မြန်မာစစ်တပ်က မီးရှို့ခြင်းနှင့် ခါးပိုက်ဆောင် ပျူစောထီးက မီးရှို့လိုက်ခြင်းသည် အတိုင်းအဆမရှိသော ဆုံးရှုံးမှုကို ဖြစ်စေသည်။
ရက်ကန်းစင်မဲ့ ရက်လုပ်သူများ
ဒေါ်ခင်စန်းလွင်သည် စစ်ကောင်စီ စီးနင်းတိုက်ခိုက်မှုများကြောင့် အရာရာဆုံးရှုံးရသည့် စစ်ကိုင်းတိုင်း ဒေသခံများအနက် တဦးဖြစ်သည်။ အသက် ၅၂ နှစ်ရှိပြီဖြစ်သော ဒေါ်ခင်စန်းလွင်နှင့် မိသားစုသည် အိမ်တိုင်းအားလုံးနီးပါးတွင် ရက်ကန်းစင်ရှိသော ထူးကြီးကျေးရွာတွင် နေထိုင်သည်။ ဒေါ်ခင်စန်းလွင်၊ သမီး နှစ်ဦးနှင့် သားသည် ၎င်းတို့အိမ်မှ လက်ရက်ကန်းစင်များတွင် အဝတ်အထည်ရက်လုပ်သည်။ သူ၏ခင်ပွန်းသည် လက်သမားဆရာဖြစ်သည်။
ဆိပ်ခွန်မှထုတ်လုပ်သော အထည်တထည်သည် ကျပ်ငွေ ၁ သောင်း (အမေရိကန် ဒေါ်လာ ၄ ဒေါ်လာ) မှ ကျပ် ၇ သောင်း (၃၃ ဒေါ်လာ) အထိဈေးရှိပြီး ရက်လုပ်နည်းနှင့် ချည်ထည်အပေါ် မူတည်ပြီး အထည်တထည် ရက်လုပ်ရန် တရက်မှ သုံးရက်အထိ ကြာသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် နေအိမ်များနှင့် ရက်ကန်းစင်များကို မီးရှို့မခံရမီအထိ ဒေါ်ခင်စန်းလွင် မိသားစုသည် ရက်ကန်းလုပ်ငန်း ဝင်ငွေဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ကြသည်။ ထူးကြီးမှ မိသားစု ၆၀၀ ကျော်တွင် အိမ်ပေါင်း ၂၅၀ နှင့် ရက်ကန်းစင်ပေါင်း ၁၀၀ ကျော် မီးရှို့တိုက်ခိုက်ခံရသည်။
“ကျမတို့ ဘဝတွေပျက်စီးသွားပြီ” ဟု ဒေါ်ခင်စန်းလွင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ယခုအခါ သူ၏ မိသားစုသည် S&C ပညာရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လှူဒါန်းထားသည့် ထန်းတဲတခုတွင် နေထိုင်ကြသော်လည်း နေ့စဉ်အစားအသောက်အတွက် အခြားရွာများမှ ဒေသခံများကို မှီခိုနေရသည်။
“ရက်ကန်းစင် အိမ်တွေအားလုံး မီးလောင်သွားပြီ။ ဘာမှမရှိတော့လို့ ဘာပြောရမယ်မှန်း မသိတော့ဘူး” ဟု နှစ်ပေါင်း ၃၀ ခန့် ရက်ကန်းရက်ခဲ့သူ ဒေါ်ခင်စန်းလွင်က ပြောသည်။
“ရက်ကန်းစင် အိမ်တွေအားလုံး မီးလောင်သွားပြီ။ ဘာမှမရှိတော့လို့ ဘာပြောရမယ်မှန်း မသိတော့ဘူး” ဟု နှစ်ပေါင်း ၃၀ ခန့် ရက်ကန်းရက်ခဲ့သူ ဒေါ်ခင်စန်းလွင်က ပြောသည်။
ထိုရွာ လေးရွာမှ ရက်ကန်းစင်ပေါင်း ၂၅၀ ဖျက်ဆီးခံရသည်။ ရက်ကန်းစင်များသည် ကျပ် ၆၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၉ ဒေါ်လာ) တန်ပြီး စက်ရက်ကန်းစင်တခုသည် ကျပ် ၂၅ သိန်း (အမေရိကန်ဒေါ်လာ ၁,၁၉၀) အထိ တန်သည်။ မီးရှို့တိုက်ခိုက်မှုအတွင်း သီးနှံများ၊ စိုက်ပျိုးရေးကိရိယာများနှင့် ကျပ်သန်းပေါင်းများစွာ တန်သည့် နေအိမ် ၁,၀၀၀ ခန့် မီရှို့ခံရကြောင်း S&C က ပြောသည်။
“ဆုံးရှုံးမှု အရမ်းကြီးမားတော့ ရက်ကန်းလုပ်ငန်းကို ပြန်လည်ထူထောင်ဖို့ ခက်သွားပြီ” ဟု S&C မှကိုယ်စားလှယ် ကိုစိုးမိုးအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သီးနှံတွေ ဖျက်ဆီးခံရတဲ့အခါ လယ်သမားတွေက ပြန်လည်စိုက်ပျိုးပြီး နောက်နှစ်ကျတော့ ပြန်လည်ရိတ်သိမ်းလို့ ရတယ်။ ရက်ကန်းစင်တွေကျတော့ ဘယ်လိုမှပြန်လုပ်လို့ မရတော့ဘူး” ဟု ၎င်းကပြောသည်။
လုံခြုံရေးအရ အမည်ပြောင်းထားသူ ကိုကျော်မြင့်သည် အာဏာသိမ်းမှုအပြီး သူနှင့် သူ့နှမတို့ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီးနောက် သူ့မိသားစု စားဝတ်နေရေးအတွက် မှီခိုနေရသည့် ရက်ကန်းစင်တခု ဆုံးရှုံးသည်။ အသက် ၄၂ နှစ်ရှိပြီဖြစ်သော ကိုကျော်မြင့်သည် ထူးကြီးကျေးရွာအနီး ပလိုင်းကျေးရွာ ဒေသခံဖြစ်ပြီး စစ်ကောင်စီ မီးရှို့တိုက်ခိုက်မှု ခံရသူတဦးဖြစ်သည်။
အိမ်ခြေ ၁,၀၀၀ ခန့်ရှိသော ပလိုင်းကျေးရွာကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မီးရှို့တိုက်ခိုက်ပြီး ရက်ကန်းစင်များနှင့် ကိုကျော်မြင့်၏ အိမ်အပါအဝင် အိမ် ၂၅၀ နီးပါး မီးရှို့ခံရသည်။
သူနှင့် သူ့နှမတို့ CDM တွင် ပါဝင်ပြီးနောက် မိသားစုဝင်ငွေ မရှိတော့သောကြောင့် ၎င်းတို့သည် ရက်ကန်းစင်တခု ဝယ်ယူခဲ့သည်။ မိသားစု သုံးဦးသာရှိသောကြောင့် ရက်ကန်းလုပ်ငန်းမှရသော ဝင်ငွေသည် အသုံးစရိတ် လုံလောက်သည်။
“အခုတော့ လက်ကလွဲပြီး ဘာမှမကျန်တော့ဘူး” ဟု ကိုကျော်မြင့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ၎င်းတို့ရွာ၌ စစ်ကောင်စီတပ်များ လာရောက်စခန်းချပြီးနောက် ပလိုင်းကျေးရွာတွင် နေထိုင်သူများသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ထွက်ပြေးနေရသည်။
“စစ်သားတွေက ရွာမှာစခန်းချထားတော့ အိမ်ပြန်မရတော့ဘဲ တခြားရွာတွေမှာ တဲတွေနဲ့နေရတယ်” ဟုလည်း ကိုကျော်မြင့်က ပြောသည်။
စစ်ကောင်စီတပ်များလက်တွင် ကပ်ဒုက္ခများ ခံစားနေရသော်လည်း ဒေသခံများအတွက် ရက်ကန်းရက်ခြင်းသည် ရိုးရာအစဉ်အလာသာမက အသက်မွေးဝမ်းကြောင်းလည်း ဖြစ်သောကြောင့် ရက်ကန်းစင်သစ်များဖြင့် ဘဝကို ပြန်လည်စတင်ရန် မျှော်လင့်နေကြသည်။
စစ်ကောင်စီတပ်များလက်တွင် ကပ်ဒုက္ခများ ခံစားနေရသော်လည်း ဒေသခံများအတွက် ရက်ကန်းရက်ခြင်းသည် ရိုးရာအစဉ်အလာသာမက အသက်မွေးဝမ်းကြောင်းလည်း ဖြစ်သောကြောင့် ရက်ကန်းစင်သစ်များဖြင့် ဘဝကို ပြန်လည်စတင်ရန် မျှော်လင့်နေကြသည်။ S&C သည် ထိုကျေးရွာသားများကို အခြေခံကိရိယာများ လှူဒါန်းခြင်းဖြင့် ကူညီနေသည်။
လက်ခတ်သံ ပြန်လာပြီ
S&C ၏ ရည်မှန်းချက်မှာ စစ်ကောင်စီ တိုက်ခိုက်မှုများကြောင့် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးရသူများ အားလုံးအတွက် လက်ရက်ကန်းစင်များ လှူဒါန်းရေးဖြစ်သည်။ လက်ရှိအချိန်အထိ ထူးကြီးကျေးရွာ ဒေသခံများအတွက် လက်ရက်ကန်းစင် လေးခုလှူဒါန်းခဲ့ပြီး နောက်ထပ် ခြောက်စင် ထပ်မံလှူဒါန်းရန် ရည်ရွယ်ထားသည်။
“လက်ရက်ကန်းရက်တာက မြန်မာရဲ့ လက်မှုပညာနဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တယ်။ အဲဒီ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းဖို့ ရက်ကန်းစင်တွေ လှူဒါန်းနေတယ်” ဟု ကို စိုးမိုးအောင်က ရှင်းပြသည်။
S&C က ရက်ကန်းစင်များ လှူဒါန်းထားသည့် ရက်ကန်းသမားများသည် နေအိမ်များကို ပြန်မဆောက်ရသေးသော်လည်း မတ်လ ၁၄ ရက်နေ့တွင် လုပ်ငန်းစတင်ကြသည်။
“ရက်ကန်းစင်တွေနဲ့အတူ ချည်ခင်တွေပါ ကျနော်တို့က လှူလိုက်တာ။ ဒါကြောင့် သူတို့ ချက်ချင်း လုပ်ငန်းစတင်နိုင်ကြတာ” ဟု ကိုစိုးမိုးအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ပြာပုံကြားမှ နိုးထလာသော မျှော်လင့်ချက်
အကူအညီကင်းမဲ့နေချိန်တွင် ထောက်ပံ့ခြင်းကြောင့် ဝမ်းမြောက်ကြောင်း ကိုကျော်မြင့်က ပြောသည်။
စစ်ကိုင်းတိုင်းမှ ဒေသခံများကို လက်ရက်ကန်းစင်များ လှူဒါန်းသူများအား ကျေးဇူးတင်ကြောင်း မုတ်ဆီကျေးရွာမှ လုံခြုံရေးအရ အမည်ပြောင်းထားသူ မမိသက်က ပြောသည်။ အသက် ၂၉ နှစ်ရှိပြီဖြစ်သော ရက်ကန်းသည် မမိသက်သည် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများကြောင့် လွန်ခဲ့သော ခြောက်လက ရွာမှထွက်ပြေးနေရသည်။ လွန်ခဲ့သောလက မုတ်ဆီကျေးရွာသည် မီး သုံးကြိမ် အရှို့ခံရသည်။ ထိုရွာမှ အိမ်ခြေ ၉၀ အနက် အိမ် ၈ လုံးသာ ကျန်တော့သည်။
“စစ်ကောင်စီတပ်က မီးမရှို့ခင် ရက်ကန်းစင်တခု ရွှေ့ပြောင်းထားနိုင်ခဲ့ပေမယ့် နောက်ရက်ကန်းစင်တခုကတော့ မီးထဲပါသွားတယ်။ ရွာကလူအများအပြားက ရက်ကန်းစင်တွေ မရွှေ့ပြောင်းနိုင်ကြဘူး” ဟု မမိသက်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“စစ်ကောင်စီစစ်သားတွေရဲ့လုပ်ရပ်က လူမဆန်ဘူး။ ရက်ကန်းစင်အသစ် မလုပ်နိုင်တော့ ရွာကလူတွေ ဒုက္ခရောက်တယ်” ဟု မမိသက်က ပြောသည်။ အသက်မွေးဝမ်းကြောင်းအတွက် မည်သည်မျှ မကျန်ရစ်သူများအတွက် လက်ရက်ကန်းများ ပိုမိုလှူဒါန်းမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။
ထူးကြီးကျေးရွာမှ ဒေါ်ခင်စန်းလွင်သည်လည်း ဘဝကို ပြန်လည်စတင်ရန် အလှူရှင်များကို အားကိုးနေသည်။ အရာရာဆုံးရှုံးခဲ့သော်လည်း ဘဝကိုပြန်လည်စတင်ရန် မျှော်လင့်နေသည်။
“ကျမတို့ စိတ်ဓာတ်မကျဘူ။ ကျမတို့ကို အားပေးမယ့်သူတွေ တနေ့ပေါ်လာမှာပဲ” ဟု သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ ယုဇန၏ Sounds of the Loom Return to Myanmar’s Home of Traditional Weaving ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ရက်ကန်းသံတွေ ဆိတ်သုဉ်းသွားတဲ့ အညာ
ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ
စစ်ကောင်စီ မီးရှို့တာ နေအိမ် ၅ သောင်းခွဲကျော် ရှိပြီ