သားရေ …
ဒီနှစ် တပ်မတော်နေ့မိန့်ခွန်းကို နားထောင်ပြီး ဒီစာကို ကမန်းကတမ်း ထရေးလိုက်ရတယ်။ ထူးထူး ခြားခြားပေါ့။ အရင်တုန်းက စစ်ရေးပြတွေထက်ပိုပြီး စစ်သမီးတွေ တပ်မတော်နေ့ စစ်ရေးပြမှာ ပါလာတယ်။ စစ်တပ်ဘက်ကကြည့်ရင် ဒီလိုအမျိုးသမီးတွေ ပါလာတာဟာ Gender Discrimination လုပ်တာ မရှိဘူး ဆိုတဲ့သဘော ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြည်သူဘက်က ကြည့်ရင်တော့ စစ်တပ်မှာ အင်အားပြစရာ စစ်သားအင်အားက ရှေ့တန်းမှာချည်းရောက်နေလို့၊ စစ်ပွဲတွေ အင်အားနဲ့မမျှ ဆင်နွှဲနေရလို့ စစ်သားတွေထက် စစ်သမီးတွေ ပိုထည့်ထားရတာလို့ ယူဆဖွယ်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတာတော့ သားရဲ့ ဆင်ခြင်ဉာဏ်ကိုသာ အသုံးပြုစဉ်းစားပေရော့။
ခွဲခြားမှု ရှိ၊ မရှိကတော့ အဖေတို့ခေတ်မှာတောင် ခရစ်ယာန်ယူမိလို့ ရာထူးမတိုးတာ၊ တိုင်းရင်းသား ဖြစ်နေလို့ ရာထူးမရတာ၊ စစ်သားချင်းအတူတူတောင် စစ်ကျောင်းမတူလို့ ရာထူးမရတာ။ အမျိုးမျိုး ရှိခဲ့ဖူးတာကတော့ အမှန်တရားပါပဲ။ အသားအရောင်၊ လူမျိုးမတူညီမှု၊ ဘာသာရေး၊ လေ့ကျင့်ပေးတဲ့ကျောင်း ကွာခြားမှုတွေအပေါ် မှီခိုပြီး စစ်သားအချင်းချင်းတောင် အရည်အသွေး ခွဲခြားတတ်တဲ့ ခေတ်တခုရဲ့ ကျဉ်းမြောင်းတဲ့အတွေးအခေါ်ဟာ စစ်တပ်ဆီမှာ ရှိနေ၊ ကျန်နေသေးတာတော့ အမှန်ပဲသားရေ။
အစဉ်အလာကြီးမားတဲ့ တပ်မတော်နေ့ စစ်ရေးပြမှာ ဒီတစ်ခေါက်စစ်ရေးပြပွဲက အတော့်ကို ကမန်းကတန်းနိုင်တဲ့ ကမန်းကတန်းစစ်ရေးပြလို့ပဲ ပြောရမယ်ထင်ပါရဲ့ကွာ။ ပြောသွားတဲ့မိန့်ခွန်းကလည်း တကယ့်ကို ကမန်းကတန်း ထင်ရာပြောပေတာပဲကိုးကွ။ အဖေဖြင့် တပ်ချုပ်ကို အတော်ကို စိတ်ပျက်သွားသကွယ်။ သူ့မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို စိန်ခေါ်ထားတယ်။ “ပြတ်ပြတ်သားသား” ဆိုတဲ့စကားကို ခဏခဏပြောတယ်။ ယခင်အရပ်သားအစိုးရဟာ မဲစာရင်းလိမ်ပြီး နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူဖို့ကြိုးစားတာကြောင့် ဖွဲ့စည်းပုံနဲ့အညီ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့တယ်လို့ စွပ်စွဲပြောဆိုထားတယ်။ တပ်ချုပ် ရူးသွားလေသလားပဲ။ အဲဒီစစ်ရေးပြကွင်းထဲမှာ ရပ်နေတဲ့စစ်သားတွေ ယုံ၊ မယုံတော့ အဖေမသိဘူး။ အဖေကတော့ မယုံဘူး။
ဒီလောက်တိုင်းပြည်က စိစိညက်ညက်ကြေနေတာတောင် သူ့စိတ်ထဲမှာ ပြတ်ပြတ်သားသား မလုပ်နိုင်သေးဘူးလို့ ထင်နေတာတော့ မဖြစ်နိုင်ဘူး။ အောက်မှာ တန်းစီနေသူတွေ၊ တနိုင်ငံလုံးက သူ့အမိန့်ကို ဘုမသိဘမသိ နာခံနေသေးတဲ့ စစ်သားတွေကို “သတ်ကြကွ၊ ချကြကွ၊ အရှင်မထားနဲ့ကွ၊ အပြုတ်ရှင်းကွ”လို့ တိုက်တွန်းအားပေးနေတာပါပဲ။ “ပြည်သူကို ရေလို လလိုကျင့်ပါ” ဆိုတဲ့ ပြည်သူအပေါ် ပြုကျင့်ရမယ့်ကျင့်ဝတ်ကို ချိုးဖောက်ဖို့ တိုက်တွန်းနေတာပါပဲ။
ဒီလောက်တိုင်းပြည်က စိစိညက်ညက်ကြေနေတာတောင် သူ့စိတ်ထဲမှာ ပြတ်ပြတ်သားသား မလုပ်နိုင်သေးဘူးလို့ ထင်နေတာတော့ မဖြစ်နိုင်ဘူး။ အောက်မှာ တန်းစီနေသူတွေ၊ တနိုင်ငံလုံးက သူ့အမိန့်ကို ဘုမသိဘမသိ နာခံနေသေးတဲ့ စစ်သားတွေကို “သတ်ကြကွ၊ ချကြကွ၊ အရှင်မထားနဲ့ကွ၊ အပြုတ်ရှင်းကွ”လို့ တိုက်တွန်းအားပေးနေတာပါပဲ။
တကယ်တော့ စစ်တိုက်တယ်ဆိုတာ၊ စစ်နိုင်တယ်ဆိုတာ၊ သူ့လူတွေ အကုန်သေသွားပြီး ကိုယ့်လူတွေ အကုန်ရှင်ကျန်ရစ်ခဲ့တာမျိုး မဟုတ်ပါဘူး။ စစ်ဟာ အဆုံးသတ်ရှိနိုင်သည့်တိုင် အဆုံးအဖြတ်ရှိနိုင်ဖို့ ခဲယဉ်းပါတယ်။ မလိုအပ်ဘဲ လူတွေသေကြေကြရတဲ့ကိစ္စဖြစ်လို့ စစ်ကို အတတ်နိုင်ဆုံး ရှောင်ကြရပါတယ်။ ဒါပေမဲ့ ကိုယ့်ပြည်သူက မကြိုက်မှန်းသိသိနဲ့ တိုင်းပြည်ကို ဇွတ်အတင်းဝင်အုပ်ချုပ်တဲ့ တပ်မတော်၊ ကိုယ့်ကိုမကြိုက်လို့ တော်လှန်တဲ့ပြည်သူနဲ့ ပြန်ပြီးစစ်ခင်းတဲ့ တပ်မတော်ဆိုတာ ကမ္ဘာမှာ မြန်မာပဲရှိလိမ့်မယ် သားရေ။
အမှန်မှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ဖျက်ဆီးတာ၊ ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာဟာ စစ်သည်တော်ကျင့်ဝတ်ကို ချိုးဖောက်တာဖြစ်ရုံတောင် မကပါဘူး။ နိုင်ငံတကာစံနှုန်းတွေအရ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ပြစ်မှုတွေကို ကျူးလွန်တာဖြစ်တယ် သား။ ရောမပဋိဉာဉ် အခန်း (၇) မှာတော့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ပြစ်မှု (Crime against humanity) ဆိုတာ လူသားထုအပေါ်၊ ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ စီမံတိုက်ခိုက်ခြင်းလို့ ဖွင့်ဆိုတယ် သားရေ။ တို့ရဲဘော်တွေ၊ စစ်သည်တွေဟာ သူတို့ကိုယ်တိုင် လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ပြစ်မှုတွေ ကျူးလွန်နေကြတယ်ဆိုတာ သိနိုင်မယ်မထင်ဘူး သားရေ။ သူတို့တွေက ပညာအရင်းအမြစ် ရှားပါးခဲ့တာကိုးကွယ့်။
၁၈ ရာစုခေတ် တရုတ်-မြန်မာစစ်ပွဲ လေးကြိမ်မှာ ဆင်ဖြူရှင်မင်းရဲ့တပ်တွေဟာ တရုတ်တွေ ရိက္ခာမရစေဖို့ တရုတ်တပ်တွေ ချီတက်လာမယ့်လမ်းတလျှောက်က ရွာတွေ၊ ရိက္ခာတွေကို ဖျက်ဆီးပစ်တဲ့ ဗျူဟာမျိုးကို ကျင့်သုံးခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါဟာ ပြည်ပကျူးကျော်စစ်ကို ခုခံကာကွယ်တဲ့အချိန်မှာ အသုံးပြုခဲ့တာပဲ။ ခုခေတ်လို ပြည်တွင်းစစ်ပွဲတွေမှာ အလွန်အကျွံ အင်အားမသုံးသင့်မှန်း သိလျက်နဲ့ သုံးနေရတာ၊ ရိက္ခာနဲ့အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးတာမျိုးတော့ ဘယ်ခေတ် ဘယ်အခါ ဘယ်မှာမှ လုပ်တာ အဖေ မတွေ့ဖူးဘူးသားရေ။
ပြည်သူအချင်းချင်း နှိမ်နင်းရတဲ့အဖြစ်ကို ဂုဏ်ယူနေတာမျိုး၊ ပြည်သူ့အိုးအိမ်ကို ပျော်ရွှင်စွာ ဖျက်ဆီးလိုက်တာမျိုး၊ ပြည်သူ့ဥစ္စာကို အတင်းအဓမ္မ ရယူကြတာမျိုးကို မြင်တွေ့ရတော့ အဖေ အတော့်ကို Shock ဖြစ်မိတယ် … တကယ်။ စစ်သားတွေလိုက်နာဖို့ “ဥစ္စာရှင်က၊ ကြည်လင်မြတ်လေး၊ မပေးမစွန့်၊ သစ်ညွန့်တခက်၊ ဟင်းရွက်တနွယ်၊ သက်ငယ်တပျစ်၊ ဝါးတဆစ်မျှ၊ သူ့ပစ္စည်းအား၊ မပစ်မှားနှင့်” လို့ လက်ဝဲသုန္ဒရက နန္ဒီသေနပျို့မှာ အတိအလင်းရေးခဲ့တာကို စစ်သားတော်တော်များများ ဖတ်ဖူးသိဖူး ကြပါတယ်သား။ ခက်တာက သစ်ညွန့်တခက် ဟင်းရွက်တနွယ်မို့သာ မခူးရင်မခူးမယ်၊ တန်ဖိုးရှိတာဆို အကုန်ယူမယ်ဆိုတဲ့စိတ်ရိုင်းမျိုး စစ်သားတွေမှာ ဝင်နေကြလေတော့ စစ်သားတွေရဲ့ နီတိဆိုတာ အပေါ်ယံစကားလုံးတွေပဲ ဖြစ်လာရတယ် သားရေ။
စစ်ရေးပြပွဲကြည့်ရင်း “အင်း ဒီနှစ် ပန်းလေးတွေတောင် သိပ်မပွင့်ရှာပါလား” လို့ တဆက်တည်း တွေးမိတော့ အဖေတို့ကျောင်းတုန်းက စစ်ရေးပြပွဲအတွက် ပန်းစိုက်ရတဲ့အဖြစ်ကိုတောင် သတိရမိသေး။ စစ်ရေးပြပွဲနဲ့ အချိန်ကိုက် ဗိုလ်လောင်းတွေ ပန်းစိုက်ကြရတယ်။ အဲဒီပန်းစိုက်ဖို့ အထက်က ချထားပေးတဲ့ ဘတ်ဂျက်ကတော့ ဘယ်ရောက်သွားသလဲမသိ၊ တပ်ခွဲအလိုက် စီကျူက ပိုက်ဆံကောက်ပြီး ဖက်ထိပ်ထုတ် ပန်းစိုက်ကြရတာပဲ။
အဖေတို့ခေတ်က လစာ ရာဂဏန်းလေးပဲရတာပါ။ ဒါပေမဲ့ လေးနှစ်လုံး အဲဒီလစာ အဖေ သိပ်မသုံးခဲ့ရဖူးတာတော့ အမှန်ပဲ။ စိုက်ခင်းကြေး၊ စိမ်းလန်းကြေး၊ ပေါက်တူး၊ ဘာညာ၊ ဘာတွေမှန်းတော့ မသိဘူး။ အိပ်ထဲက မစိုက်ရရင်ဘဲ ကျေနပ်ရတာ။ အဲဒီ လစာ ရာဂဏန်းလေးထဲကပဲ ပန်းဖိုးဖြတ်တာပဲ။ တချို့နှစ်တွေမှာ ပန်းတွေက စစ်ရေးပြပွဲနဲ့ အချိန်ကိုက် မပွင့်ဘူး။ အဲဒီလိုဖြစ်တဲ့နှစ်တွေဆိုရင် စစ်ရေးပြမတိုင်မီ တရက်မှာ မပွင့်တဲ့ ပန်းပင်တွေ အကုန်နုတ်ပစ်၊ ပြင်ဦးလွင်ဈေးထဲက ပွင့်ပြီးသားပန်းတွေပြေးဝယ်၊ စစ်ရေးပြပွဲမတိုင်ခင် ညမှာပဲ မြေကြီးထဲ ထိုးစိုက်ပြီး မညှိုးအောင် ရေလောင်းပေးရတာပဲ။
အဲဒီလိုဖြစ်တဲ့နှစ်တွေဆိုရင် စစ်ရေးပြမတိုင်မီ တရက်မှာ မပွင့်တဲ့ ပန်းပင်တွေ အကုန်နုတ်ပစ်၊ ပြင်ဦးလွင်ဈေးထဲက ပွင့်ပြီးသားပန်းတွေပြေးဝယ်၊ စစ်ရေးပြပွဲမတိုင်ခင် ညမှာပဲ မြေကြီးထဲ ထိုးစိုက်ပြီး မညှိုးအောင် ရေလောင်းပေးရတာပဲ။
အဲဒီလို ဖော်ရှိုးလုပ်ရတဲ့ အကျင့်၊ ရအောင်လုပ်တတ်တယ်ကွဆိုပြီး တလွဲဆံပင်ကောင်းတဲ့ အကျင့်၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါရမယ်ဆိုပြီး ဟုတ်ဟုတ် မဟုတ်ဟုတ် ရအောင်လုပ်တဲ့အကျင့်တွေက တပ်ထဲအထိပါလာတော့ တပ်ပျက်တာပေါ့ကွာ။ အဲဒီတော့ တခါတရံ မှား၏မှန်၏ မတွေးအားတော့ဘူး။ ရလဒ်ကသာလျှင် အမှန်လို့ ယူဆမိကြတော့တယ်။
တပ်စစ်လာရင် တပ်ကို သန့်ရှင်းရေးလုပ်မယ်၊ ထုံးသုတ်မယ်ပေါ့။ လူကြီးကလည်း စစ်သည်တွေ အရည်အသွေးကို စစ်ဆေးတာထက် တပ်ကို သန့်ရှင်း၏ မသန့်ရှင်း၏။ စိုက်ပျိုးရေး၊ ဝက်ခြံ၊ ကြက်ခြံ အဲသလို အထက်လူကြီး မူဝါဒအရ ခိုင်းထားတာတွေကိုပဲ အဓိက စစ်ကြတာကိုးကွယ့်။ အဲဒီဝက်ခြံ ကြက်ခြံတွေရဲ့ အရင်းတွေဘယ်လို ဖန်တီးထားရတယ်ဆိုတာ ဘယ်သူမှ အမှန်မတင်ပြရဲကြသလို အမြတ်က အမြဲတမ်းပြနေရတာပဲ သားရေ။ ခေတ်အဆက်ဆက် စိုက်လိုက်တဲ့ကျွန်း၊ စိုက်လိုက်တဲ့ ရာဘာ။ တပ်ကသာ အဖေထွက် လာခဲ့တယ်။ ရာဘာတွေက အဲဒီနေရာ အဲဒီကွင်းထဲမှာ နှစ်တိုင်း အစိုက်ပြနေကြရတုန်းပဲ။
ပိုဆိုးတာရှိသေးတယ်။ အဖေတို့ ဗိုလ်လောင်းဘဝမှာ အဆောင်စစ်ကို အမှတ်ပေးတဲ့စနစ် ရှိတယ်။ အဆောင်စစ်ပြိုင်ရင် ကြမ်းပြောင်အောင်တိုက်၊ တံမြက်စည်းပြောင်အောင်လှဲ၊ လမ်းလေးတွေမှာ အုတ်ခဲလေးတွေကို ထုံး နှစ်ရောင်ခြယ်ပြီး အလှဆင်ကြတယ်။ အဲဒါကတော့ ကောင်းတဲ့ အလုပ်ပဲ။ ဒါပေမဲ့ အချို့တပ်ခွဲတွေက ကိုယ့်တပ်ခွဲလည်း အမှတ်ရ၊ သူ့တပ်ခွဲလည်း အမှတ်နုတ်ခံရအောင် သူများ အလှဆင်ထားတဲ့ အုတ်ခဲတွေကို လင်းအားကြီးမှ သွားခိုးကြတာမျိုးလည်း ကြုံဖူးတယ်။ မကျေနပ်လို့ ဟိုဘက်တပ်ခွဲကနေ ဒီဘက်တပ်ခွဲပိုင် ပေါက်တူးပေါက်ပြားတွေ ပြန်ခိုးသွားတာလည်း ကြုံဖူးတယ်။ အဲဒါတွေက ပြန်ပြောရင် ရယ်စရာလိုပါပဲ။ ဒါပေမဲ့ အမှားကြီးတွေပါ။ အဲဒီက စပြီး “ငါတို့ နိုင်ရမယ်၊ စစ်ဟာ မတရားတာမရှိဘူး” ဆိုတဲ့ အတွေးအခေါ်ရိုင်းတွေ အစပျိုးခဲ့တယ်လို့ ဆိုရမယ် သားရေ။
သား မြင်သာအောင်ပြောပြမယ်။ မြို့ပေါ်တပ်တခုမှာ တပ်ရင်းမှူးက ရှေ့တန်းရောက်နေချိန် ရေး/ထောက် ဗိုလ်ကြီးနဲ့ ဌာနချုပ်တပ်ခွဲမှူးတို့က တပ်ကိုစီမံအုပ်ချုပ်ပြီး ကျန်ခဲ့တယ်။ ရေး/ထောက် ဗိုလ်ကြီးက တပ်တွင်းသာယာလှပရေးဆိုပြီး မြို့ထဲက စည်ပင်သာယာက စိုက်ထားတဲ့ အပင်တွေကို ရဲဘော်တွေနဲ့ ညဘက်တွေမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း လိုက်နုတ်ပြီး တပ်မှာပြန်စိုက်တယ်။ သူကတော့ စည်ပင်သာယာက မူရင်းအပင်တွေလည်း အလှမပျက်အောင် ဂရုတစိုက်နုတ်တယ်လို့ ဆိုသပေါ့ကွာ။
အဲဒါကို ဌာနချုပ်တပ်ခွဲမှူးက အဲသလို မလုပ်ဖို့၊ ပြဿနာတခုခု ဖြစ်လာရင်လည်း သူတာဝန်မယူကြောင်း ရေး/ထောက်ဗိုလ်ကြီးကို ပြောတာပေါ့ကွာ။ ဟိုဗိုလ်ကြီးကတော့ အေးဆေးပဲ။ ‘ရတယ် အစ်ကိုကြီး’ ဆိုပြီး ညတိုင်းညတိုင်း သူ့အဖွဲ့တွေနဲ့ လန်ဂျန်းကားတစီးထုတ်ပြီး မြို့ပတ် အပင်နုတ်နေတာပဲ။ တညမှာတော့ ရေး/ထောက်ဗိုလ်ကြီးက လမ်းပြင်ဖို့ချထားတဲ့ ကတ္တရာစေး ပေပါတွေ တွေ့သွားတယ်။ ဘာဖြစ်လဲ တပ်တွင်းသာယာလှပရေးပဲ။ ဒီလောက်ပေပါတွေ ရာချီနေတာ ၄၊ ၅ လုံးနဲ့ ဘာမှမဖြစ်ဘူးဆိုပြီး သူ့အဖွဲ့တွေနဲ့ ငါးလုံးလောက် ကောက်တင်လာခဲ့တယ်။
နောက်နေ့ တပ်တွင်းလမ်းတွေကတော့ နက်မှောင်ဖြောင့်ဖြူးနေသပေါ့ သားရာ။ တပ်ရင်းမှူး ပြန်ရောက်လာတော့ မင်းတို့ကောင်တွေ မဆိုးဘူးဆိုပြီး ခေါ်ချီးကျူးတော့ ဌာနချုပ်တပ်ခွဲမှူးက အလေးကို မတ်နေအောင်ပြုပြီး “ကျနော်ကိုယ်တိုင် ဦးစီးဆောင်ရွက်ထားတာပါ” လို့ သတင်းပို့သတဲ့။ အဲဒါကို ရေး/ ထောက်ဗိုလ်ကြီးက မကျေနပ်ဘူး။ သူ့ရဲ့အားထုတ်မှုကို အညွန့်ခူးစားပါတယ်ဆိုပြီး တပ်ထဲမှာကြုံတိုင်း ပြောရုံတင်မက Facebook ခေတ်ရောက်တော့ Facebook ပေါ်တောင် တင်လိုက်သေးသကွ။
သား စဉ်းစားကြည့်။ နဂိုကတည်းက စည်ပင်သာယာပန်းပင်ကို သွားနုတ်တာ၊ စည်ပင်ပိုင်တဲ့ ကတ္တရာပေပါတွေကို ယူလာတာကိုက အမှားကြီး။ သူ့ဖာသာ တပ်တွင်းသာယာရေးလို့ ဘယ်လိုပဲပြောပြော အဲဒါဟာ လုပ်ကိုမလုပ်ရမယ့်ကိစ္စ။ ဒီလိုလုပ်တာကို အမှန်ပါလို့ သူ့ကိုဘယ်အရာတွေက စေ့ဆော်ခဲ့တာလဲ။ အခုချိန်အထိ အဲဒီအရာရှိဟာ သူ့လုပ်ရပ်ကို အမှန်လို့ထင်နေတုန်းပဲ။ သူ့ရဲ့လုပ်ရပ်အပေါ် နေရာဝင်ယူတဲ့ သူ့အထက်က စီနီယာကိုတောင် မကျေမနပ်ဖြစ်နေတုန်းပဲ။ ခိုးရာပါပစ္စည်းကို ကျနော်ခိုးတာလို့ပြောပြီး ဂုဏ်ယူနေတာလောက် မိုက်မဲတာရှိပါဦးမလား သားရေ။ ဒီအတွေးအခေါ်၊ ဒီစိတ်ဓာတ်မျိုးတွေကို သားတို့ခေတ်မှာ အမြစ်ဖြုတ်နိုင်လို့မယ်လို့ မျှော်လင့်ပါရဲ့ သား။
ကိုယ့်အတွက်ဘေးကင်းဖို့ အဆင်ပြေဖို့ပဲ အာရုံစိုက်ရတာ များလာတာတင်မက ပေးအပ်တဲ့အမိန့်နဲ့ တာဝန်ကို ကျေပွန်အောင်လည်း ထမ်းရွက်ရဦးမှာဆိုတော့ လုပ်နေတဲ့အရာတွေကို မှန်တယ်လို့ချည်းထင်တော့တာ။
ကိုယ့်အတွက်ဘေးကင်းဖို့ အဆင်ပြေဖို့ပဲ အာရုံစိုက်ရတာ များလာတာတင်မက ပေးအပ်တဲ့အမိန့်နဲ့ တာဝန်ကို ကျေပွန်အောင်လည်း ထမ်းရွက်ရဦးမှာဆိုတော့ လုပ်နေတဲ့အရာတွေကို မှန်တယ်လို့ချည်းထင်တော့တာ။
အဖေ့အတွေ့အကြုံပေါ့ကွာ။ အဖေဂျူနီယာဗိုလ်ဘဝက တပ်ရင်းမှူးနဲ့ ရှေ့တန်းတက်ရင်း စစ်သုံ့ပန်းတယောက် ဖမ်းမိတယ်။ ထုံးစံအတိုင်း အထက်ကို အစီရင်ခံကြေးနန်းပို့ပြီး အဲဒီ သုံ့ပန်းကို ချုပ်ထားတာပေါ့။ တိုတိုဆိုပါစို့။ ညဘက်ရောက်တော့ သုံ့ပန်းက ရဲဘော်တွေကို အယုံသွင်း ကြိုးဖြေပြီး ပြေးပါလေရော။ ပြေးမှန်းသိတော့ ရဲဘော်တွေက သုံ့ပန်းကို ရွာထဲအထိ လိုက်ပစ်ရင်း ရွာသားနှစ်ယောက် ထိပါလေရော။ သုံ့ပန်းတော့ ပြန်မရဘူး။ လွတ်သွားတယ်။ တပ်ရင်းမှူးက ဖြစ်စဉ်ကြေးနန်း ရေးခိုင်းတာပေါ့ကွာ။
အဖေက ကိုယ်သိထား နားလည်ထားတဲ့အတိုင်း ကြေးနန်းမှာ “—- ရက်/ချိန် ဖမ်းဆီးရမိသော သုံ့ပန်းသည် —-ရက်/ချိန် ထွက်ပြေးလွတ်မြောက်သွားသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ရွာသားနှစ်ဦး ထိမှန်သေဆုံး” စသဖြင့် ရေးတာပေါ့ကွာ။ တပ်ရင်းမှူးက အဖေ့ကိုခေါ်ပြီး နားရင်းရိုက်တယ်။
“ဒေါင်းဇားလေး၊ ကြေးနန်းကို အဲသလိုတင်ရင် မင်းရော ငါရော အထက်က ကြိတ်ခံရမှာပေါ့ကွ” ဆိုပြီး အသစ်ပြန်ရေး ပေးတယ်။ သူပြန်ရေးပေးတဲ့ ကြေးနန်းမှာ “—- ရက်/ချိန် ဖမ်းဆီးရမိသော သုံ့ပန်းအား —-ရက်/ချိန်တွင် ရသ (ရွာသား) နှစ်ဦးမှ လာရောက်ကယ်ထုတ်၊ မိမိတပ်ဖွဲ့မှ လိုက်လံပစ်ခတ်ရှင်းလင်းစဉ် ကယ်ထုတ်ရန် ကြိုးစားသည့် ရသ နှစ်ဦး ထိမှန်သေဆုံး၊ သုံ့ပန်းမှာ ရွာတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း” ဘာညာပေါ့ကွာ။
အဖေ့မှာ အဲဒီတုန်းက သြော် … ငါ့တပ်ရင်းမှူး တော်လိုက်တာပေါ့။ တကယ်တော့ ကိုယ့်ရှင်သန်မှုအတွက် အဖေတို့ အဆင့်ဆင့်လိမ်ခဲ့ကြတာပဲသား။ ဘာလို့ အမှန်ကို ပြောခွင့်မရတာလဲ။ ဘာလို့အမှားထဲက သင်ခန်းစာယူခွင့် မရတာလဲ။ အဲဒီလိုဖြစ်စဉ်တွေဟာ ခြေလျင်တပ်တွေမှာတင် မကဘူး၊ ရေတပ်၊ လေတပ်နဲ့ အခြားလက်ရုံးတပ်တွေမှာလည်း အလားတူပါပဲ။ ဒါကို ရအောင်လုပ်နိုင်တယ်၊ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ တလွဲမာနတွေထက်၊ ဒါကအမှန် ဒါကအမှားလို့ လက်တွေ့ကျကျလက်ခံပြီး အမှားထဲက သင်ခန်းစာယူနိုင်မှ တပ်မတော်ကောင်းတရပ် ဖြစ်လာလိမ့်မယ်လို့ အဖေယုံကြည်တယ် သား။
သားရေ …။
အဖေတို့စစ်ဗိုလ်၊ စစ်သားတွေဟာ မျောက် ခြောက်ကောင် ဇာတ်လမ်းလိုပါပဲ သားရေ။ သုတေသနတခုမှာ မျောက် ခြောက်ကောင်ကို ခြံထဲထည့်ထားတယ်။ ခြံအမိုးမှာ ငှက်ပျောသီး တဖီးချိတ်ထားတယ်။ မျောက်ဆိုတော့ ငှက်ပျောသီးမြင်ရင် တက်ဆွဲတာပေါ့ကွာ။ ဒါပေမဲ့ သုတေသနလုပ်တဲ့သူက ငှက်ပျောသီးတက်ဆွဲတဲ့ မျောက်တွေကို ရေနွေးပူနဲ့ လောင်းလောင်းချတယ်။ မျောက်တွေလည်း အစကတော့ သတိမထားမိပေမဲ့ နောက်ပိုင်းမှာတော့ ငှက်ပျောသီးတက်ယူရင် ရေနွေးပူနဲ့ လောင်းခံရမှန်း သိလာတယ်။ သိလာတော့ မျောက်တကောင် ငှက်ပျောသီးတက်ယူတိုင်း ကျန်တဲ့မျောက်တွေက ဆွဲချပြီး ဝိုင်းထောင်းကြတယ်။ ပူမှာစိုးတာကိုးကွယ့်။
အဲဒီတော့ “ငှက်ပျောသီးတက်မဆွဲရ၊ တက်ဆွဲလျှင် ရေနွေးပူ လောင်းခံရမည်၊ ပူမည်၊ ပူလျှင် ဝိုင်းထောင်းခံရမည်” ဆိုတဲ့ ဥပဒေတခု မျောက်တွေကြားမှာ ရောက်လာသပေါ့ကွယ်။ ရက်နည်းနည်းကြာတော့ အဲဒီထဲက မျောက်တကောင်ကိုထုတ်ပြီး မျောက်အသစ်တကောင် ထည့်လိုက်သကွ။ မျောက်အသစ်က ဘုမသိဘမသိ ငှက်ပျောသီးတက်ဆွဲပါလေရော။ ဘာပြောကောင်းမလဲ ဘေးကကောင်တွေက ဝိုင်းထောင်းကြသပေါ့။ ထူးဆန်းတာက ရေနွေးပူက အဲဒီအချိန်မှာ လောင်းမချတော့ဘူး။ နောက်ရောက်လာတဲ့ မျောက်ကလည်း သူဘာလို့ထောင်းခံရသလဲ မသိတော့ဘူးပေါ့။ ငှက်ပျောသီးကြိုက်တဲ့ မျောက်တွေက ငှက်ပျောသီး မစားဖို့ ဝိုင်းတားခံရတာကိုး သားရဲ့။
အဲဒီတော့ မူလကျန်ခဲ့တဲ့ မျောက် ငါးကောင်ရဲ့ ဥပဒေက “ငှက်ပျောသီးတက်မဆွဲရ၊ တက်ဆွဲလျှင် ရေနွေးပူ လောင်းခံရမည်၊ ပူမည်၊ ပူလျှင် ဝိုင်းထောင်းခံရမည်” လို့ သိထားကြချိန်မှာ နောက် ရောက်လာတဲ့ မျောက်ကတော့ “ငှက်ပျောသီးတက်မဆွဲရ၊ တက်ဆွဲလျှင် ဝိုင်းထောင်းခံရမည်” လို့ပဲ အူကြောင်ကြောင်နဲ့ နားလည်သွားရှာတယ်။
အဲသလိုနဲ့ မျောက် နောက်တကောင်ထပ်လဲတယ်။ အရင်လိုပဲ ငှက်ပျောသီးတက်ယူရင် ရေနွေးပူ မလောင်းပေမဲ့ ဝိုင်းထောင်းကြတာပါပဲ။ နောက်ဆုံးတော့ မျောက်တွေသာ လဲလို့ကုန်သွားတယ်။ နောက်ထပ် ရောက်လာတဲ့ မျောက်တွေက ရေနွေးပူအလောင်းမခံရပေမဲ့ ဘာလို့ ငှက်ပျောသီးတက်ယူခွင့်မရ သလဲဆိုတဲ့ ဖြန့်ထွက်တွေးခေါ်မှု မလုပ်ကြတော့ဘဲ သူတို့မူလသိထားတဲ့အတိုင်း “ငှက်ပျောသီးတက်မဆွဲရ၊ တက်ဆွဲလျှင် ဝိုင်းထောင်းခံရမည်” လို့ပဲ ပုံသေမှတ်ထားကြသပေါ့ကွာ။
အဖေကတော့ အဲဒီခြံထဲ နောက်ဆုံးမှရောက်လာပြီး ငှက်ပျောသီးဆိုတာ မျောက်ရဲ့အစာဖြစ်ကြောင်း၊ တနည်းအားဖြင့် လွတ်လပ်ခြင်းဟာ လူတိုင်းအတွက် အစာအဟာရဖြစ်ကြောင်း လိုက်ရှင်းပြနေမိတဲ့ နောက်ဆုံးမျောက်လို့ပဲ ကိုယ့်ကိုယ်ကို ယုံကြည်နေမိတယ် သားရေ။ တပ်မတော်မှာ ဖြန့်ထွက်တွေးခေါ်တတ်တဲ့ မျောက်တွေ ပေါ်ထွက်လာပါစေလို့ မျှော်လင့်နေပါရဲ့။
နားဦးမယ် သားရေ။
အဖေ့စာကြောင့် တွေးစရာရပါစေ။
(စာရေးသူသည် အငြိမ်းစား စစ်အရာရှိတဦးဖြစ်သည်။)
You may also like these stories:
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော