မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း သူ သွားရောက်ရမည့်နေရာတွင် အလုပ်သစ်ဝင်ရောက်ရန် ရောက်သောအခါ အသက် ၁၉ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီး ဒယပ်သည် သူ လူကုန်ကူးခံရကြောင်း သဘောပေါက်လာသည်။
အခန်းထဲတွင် တဦးတည်း သော့ပိတ်ခံထားရပြီးနောက် အခြားသူများ၏ အသံကို ကြားနေရသော်လည်း မမြင်ရပေ။ ထိုအိမ်ကို လက်နက်ကိုင်များက စောင့်ကြပ်နေသည်။
ဒယပ်သည် ဝင်ငွေထွက်ငွေမျှတအောင် ကြိုးစားနေသူတဦးမျှသာ ဖြစ်သည်။
ညီအစ်ကိုမောင်နှမ ငါးဦးရှိသည့် ဆင်းရဲသော မိသားစုတွင် မွေးဖွားလာသောကြောင့် မိဘများက ကလေးများ ပညာရေးအတွက် မတတ်နိုင်ဘဲ အသက် ၁၄ နှစ်တွင် ကျောင်းထွက်ကာ စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ရသည်။ နောက် သုံးနှစ်ကြာသောအခါ သူသည် ဟိုချီမင်းမြို့တော်ရှိ အဝတ်အထည်ရောင်းချသည့် စတိုးဆိုင်များနှင့် စားသောက်ဆိုင်များတွင် လုပ်ကိုင်ရသည်။ သို့သော် လုပ်ခ မဖြစ်စလောက်သာ ရပြီး ငွေကြေးအရ ပိုထူးမလာခဲ့ပေ။
၂၁၀၉ ခုနှစ်တွင် မိတ်ဆွေတဦး၏ မိတ်ဆွေ အမျိုးသားတဦးက သူ့ကို Facebook က ဆက်သွယ်ပြီး မြန်မာတွင် အလုပ်တခု ကမ်းလှမ်းသည်။
လစာကောင်းသည့် အမျိုးသမီးစားပွဲထိုးအဖြစ် ထိုကမ်းလှမ်းမှုကို ထိုသူနှင့် အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် ထိုအလုပ်ကို လက်ခံရန် ဆုံးဖြတ်ပြီး မြန်မာသို့ လေကြောင်းမှ သွားရောက်သည်။
“အဲဒီအခွင့်အလမ်းက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်။ ကျမ ငွေစုနိုင်မယ်။ မိဘတွေကို ကူညီနိုင်မယ်။ သူတို့ကို အဝတ်အစားသစ် ဝယ်ပေးနိုင်မယ်” ဟု ဒယပ်က ပြောသည်။
မြန်မာ လေဆိပ်သို့ရောက်ပြီးနောက် ဒယပ်ကို ရှမ်းပြည်နယ်သို့ ရောက်သည်အထိ ကားအမျိုးမျိုးဖြင့် နိုင်ငံအတွင်း ၂၄ နာရီ ဖြတ်သန်းစေကာ ပို့ဆောင်သည်။ ခရီးစဉ်အဆုံး အခန်းတွင်းတွင် ပိတ်လှောင်ထားပြီး လိင်အလုပ်သမ လုပ်ရမည်ဟု ပြောသည်။ ဒေါသတကြီး ဒယပ်က ငြင်းဆန်သည်။
မြန်မာ လေဆိပ်သို့ရောက်ပြီးနောက် ဒယပ်ကို ရှမ်းပြည်နယ်သို့ ရောက်သည်အထိ ကားအမျိုးမျိုးဖြင့် နိုင်ငံအတွင်း ၂၄ နာရီ ဖြတ်သန်းစေကာ ပို့ဆောင်သည်။
ခရီးစဉ်အဆုံး အခန်းတွင်းတွင် ပိတ်လှောင်ထားပြီး လိင်အလုပ်သမ လုပ်ရမည်ဟု ပြောသည်။ ဒေါသတကြီး ဒယပ်က ငြင်းဆန်သည်။
ဖမ်းဆီးထားသူများက သူ့ကို နှိပ်ကွပ်ရန် ဆုံးဖြတ်ထားပြီး အပြင်းအထန် ရိုက်နှက်ကာ နာကျင်မှုများ ရှိသော်လည်း ဆက်လက်ငြင်းဆန်ပြီး သူ့ကို အတင်းအကျပ် လိင်အလုပ်သမ လုပ်ခိုင်းရမည် မဟုတ်ကြောင်း ဒယပ်က ပြောသည်။
ထိုအိမ်ကို စောင့်ကြပ်နေသူများ သူ့အခန်းသို့ လာပြီး အဓမ္မ ပြုကျင့်ပြီးသောအခါမှသာ သူလက်လျှော့လိုက်ခြင်း ဖြစ်သည်။ သူ လိင်အလုပ်သမ မလုပ်လျှင် နေ့စဉ် သူ့ကို အဓမ္မ ပြုကျင့်မည်ဟု ပြောသည်။
ထိုအိမ်အတွင်းတွင် ဒယပ်ကို ဗီယက်နမ်အမျိုးသမီးအချို့ အပါအဝင် အခြား အမျိုးသမီးများနှင့် ထိတွေ့ဆက်ဆံခွင့် ပြုသော်လည်း ၎င်းတို့အားလုံးသည် မက်သာဖက်တမင်း ပုံဆောင်ခဲများ သုံးစွဲရန် အတင်းအကျပ် လုပ်ဆောင်ခံထားရသည်။ ထိုဆေးများသည် အမျိုးသမီးများ၏ ခံနိုင်ရည်နှင့် လိင်ဆန္ဒ တိုးစေသည်ဟု ဖမ်းဆီးထားသူများက ပြောသည်။
သူသည် ထွက်ပြေးလွတ်မြောက်လိုသော်လည်း အသတ်ခံရသည်အထိ အန္တရာယ်ကြီးကြောင်း မကြာမီ သဘောပေါက်သွားသည်။
“ကျမ အဲဒီလို အခြေအနေရောက်မယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဘူး၊ ကျမ ဘဝက အဲဒီလိုဖြစ်မယ်လို့ အိမ်မက်ဆိုးမှာတောင် မမက်ဖူးဘူး” ဟု ဒယပ်က ပြောသည်။

သို့သော် တနေ့တွင် လူကုန်ကူးခံရသူများကို ကူညီနေသည့် အစိုးရမဟုတ်သော ဟနွိုင်းအခြေစိုက် “နဂါးပြာ ကလေးများ” ဖောင်ဒေးရှင်း အကူအညီဖြင့် သူ့ကို ခင်မင်သော အမျိုးသမီးတဦးက ဒယပ်ကို လွတ်မြောက်စေရန် ကူညီသည်။
ဖုန်းအသုံးပြုခွင့်ရထားသည့် သူ့ကို နောက်ဆုံးတွင် နဂါးပြာဖောင်ဒေးရှင်းက ကယ်ဆယ်ရန် အစီအစဉ်တခု ပြုလုပ်သည်။
ဗီယက်နမ်သို့ ပြန်ရောက်သောအခါ ဒယပ်သည် အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး လိင်ကျေးကျွန်အဖြစ် သုံးနှစ် အတင်းအကျပ် ဖမ်းဆီးခံခဲ့ရသည်။
ဗီယက်နမ်သို့ ပြန်ရောက်သောအခါ ဒယပ်သည် အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး လိင်ကျေးကျွန်အဖြစ် သုံးနှစ် အတင်းအကျပ် ဖမ်းဆီးခံခဲ့ရသည်။
“ကျမ လွတ်မြောက်ပြီ၊ ကျမ ကိုယ့်နိုင်ငံကိုယ် ပြန်ရောက်ပြီး မိဘတွေကို ပြန်တွေ့ရတော့မယ်လို့ သဘောပေါက်လိုက်တော့ အရမ်းကို တုန်လှုပ်စရာကောင်းတယ်။ ယုံတောင် မယုံနိုင်ဘူး” ဟု ဒယပ်က ပြောသည်။
“တခါတခါတော့ အဲဒီမှာနေခဲ့ရတဲ့ဘဝကို အိပ်မက်ဆိုးတခုပဲ ဖြစ်ပါစေလို့ ဆုတောင်းတယ်” ဟုလည်း သူ ဆက်လက် ပြောကြားသည်။ “ဒါပေမယ့် အဲဒီတုန်းက ကျမ အိမ်ပြန်ရောက်ရင် အိပ်မက်ပဲလို့ ထင်ခဲ့တာ။ အဲဒါမမှန်ဘူး၊ အိပ်မက်မက်နေတာလို့ပဲ ဆုတောင်းခဲ့တာ။ ကျမ အခုအထိ အဲဒီ အိပ်မက်ထဲမှာ ပိတ်မိနေတာ” ဟုလည်း သူပြောသည်။
ထိုသို့သော အမျိုးသမီးများကို ဗီယက်နမ်သို့ ပြန်ခေါ်ရန် အနာဂတ် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သောကြောင့် အသေးစိတ်များကို မပြောနိုင်ကြောင်း နဂါးပြာ ဖောင်ဒေးရှင်းက ပြောကြားသည်။ သို့သော် ဒယပ်၏ ဇာတ်လမ်းသည် ထူးခြားသော ဇာတ်လမ်း မဟုတ်ပေ။ နဂါးပြာ ဖောင်ဒေးရှင်းသည် မြန်မာသို့ လူကုန်ကူးခံရသည့် ပိုမိုများပြားသော ဗီယက်နမ် အမျိုးသမီးများအကြောင်း သတင်းများ ရရှိထားသည်။
“အရင်က လူကုန်ကူးသူတွေက တရုတ်နိုင်ငံထဲကို မြစ်ချောင်းတောတောင်ကို ဖြတ်ပြီး လူသူမသိအောင် ခေါ်သွားနိုင်တယ်။ အခု အဲဒီလို လုပ်လို့မရတော့ လူကုန်ကူးသူတွေက သူတို့သားကောင်တွေကို ထားဖို့ နေရာသစ်ရှာလာတယ်”
လူကုန်ကူးမှု ပုံစံများသည် တရုတ်နိုင်ငံတောင်ပိုင်း ဗီယက်နမ်၊ လာအိုနှင့် မြန်မာတွင် တရုတ်က တည်ဆောက်ထားသည့် ကြီးမားသော ခြံစည်းရိုးများကြောင့် တစိတ်တပိုင်းအားဖြင့် ပြောင်းလဲလာသည်။ သုံးမီတာ (၁၀ ပေ) မြင့်သော ထိုခြံစည်းရိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားသည်။ အလွန်ထက်သော သံဆူးကြိုးများကို အပေါ်ပိုင်းတွင် တပ်ဆင်ပြီး လှုပ်ရှားမှု အာရုံခံကိရိယာများလည်း တပ်ဆင်ထားကာ အနည်းဆုံး မိုင် ၆၂၁ မိုင်ရှည်သောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို သိသိသာသာ ထိခိုက်စေသည်။
“နယ်စပ်ခြံစည်းရိုးတွေက နိုင်ငံတွေအကြား လူကုန်ကူးမှုကို အများကြီး ခက်ခဲစေတယ်” ဟု နဂါးပြာ ဖောင်ဒေးရှင်းကို တည်ထောင်သူ မိုက်ကယ် ဘရိုဆိုစကီးက Aljazeera သို့ ပြောသည်။ “အရင်က လူကုန်ကူးသူတွေက တရုတ်နိုင်ငံထဲကို မြစ်ချောင်းတောတောင်ကို ဖြတ်ပြီး လူသူမသိအောင် ခေါ်သွားနိုင်တယ်။ အခု အဲဒီလို လုပ်လို့မရတော့ လူကုန်ကူးသူတွေက သူတို့သားကောင်တွေကို ထားဖို့ နေရာသစ်ရှာလာတယ်။ မြန်မာမြောက်ပိုင်း၊ ကမ္ဘောဒီးယားနဲ့ အတိုင်းအတာတခုအထိ လာအိုကို လူကုန်ကူးမှု များလာတာကို ကျနော်တို့ တွေ့နေရတယ်” ဟု သူကပြောသည်။
ဗီယက်နမ် အမျိုးသမီးများကို အတင်းအကျပ် ထိမ်းမြားလက်ထပ်စေရန် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် တရုတ်သို့ လူကုန်ကူးခြင်း အတော်အတန် နည်းပါးလာသည်။ သို့သော်လည်း ဂိုဏ်းဖွဲ့ ဆိုက်ဘာရာဇဝတ်မှု အကျပ်အတည်း ရင်ဆိုင်နေရသော ကမ္ဘောဒီးယားတွင် လုပ်အားအမြတ်ထုတ်ရန်နှင့် အမျိုးသမီးများကို လိင်လုပ်ငန်းတွင် အတင်းအကျပ် အသုံးချနေသည့် မြန်မာသို့ လူကုန်ကူးခံရသူ အရေအတွက် တိုးလာကြောင်း ထင်ရှားသည်။
ထိုသို့ နယ်စပ်ခြံစည်းရိုးများ တည်ဆောက်ထားသောကြောင့် ဝင်ငွေရရန် တရုတ်သို့ အလွတ်သဘော ဝင်ရောက်ပြီး အလုပ်လုပ်သည့် တရုတ်နယ်စပ်အနီး ဝေးကွာသော တောင်တန်းဒေသများတွင် နေထိုင်ကြသော ဗီယက်နမ်များသည် အလုပ်အကိုင်အခွင့်အလမ်း အဆက်ပြတ်ကုန်သည်။ ငွေလွန်စွာ လိုအပ်နေသောကြောင့် ၎င်းတို့သည် လူကုန်ကူးသူများပြောသည့် လွန်စွာဝင်ငွေကောင်းသော ပြည်ပအလုပ်အကိုင်များ၏ ဆွဲဆောင်မှု ပိုမိုခံလာရသည်။
၂၀၂၀ ပြည့်နှစ်တွင် နဂါးပြာ ဖောင်ဒေးရှင်းအဖွဲ့သည် လူကုန်ကူးခံရသည့် ဗီယက်နမ် နိုင်ငံသား ၂၇၄ ဦးကို တရုတ်မှ ကယ်ဆယ်ရသည်။ ၂၀၂၂ ခုနှစ်တွင် ထိုသို့ တရုတ်မှ ကယ်ဆယ်ရသည့် အရေအတွက်သည် ၁၁၀ သို့ ကျဆင်းသွားသည်။ ၂၀၂၂ ခုနှင့် ကမ္ဘောဒီးယားနှင့် မြန်မာမှ ကယ်ဆယ်ရသူအရေအတွက် ၆၂ ဦးနှင့် ၄၄ ဦး အသီးသီးရှိသည်။၂၀၁၈ ခုနှစ်က ထို နှစ်နိုင်ငံမှ ကယ်ဆယ်ရသူ လုံးဝမရှိပေ။
ကြီးထွားလာသော်လည်း မြန်မာသို့ လူကုန်ကူးခံရသည့် ဗီယက်နမ်များအကြောင်း ဗီယက်နမ်အစိုးရ မီဒီယာတွင် ဖော်ပြခြင်း မရှိသလောက်ပင်ဖြစ်ပြီး သတင်းအများစုတွင် ကမ္ဘောဒီးယားတွင် ကျွန်ပြုခံရသော ဗီယက်နမ်များအကြောင်းကိုသာ အဓိကထားသည်။
ထိုသို့ ကြီးထွားလာသော်လည်း မြန်မာသို့ လူကုန်ကူးခံရသည့် ဗီယက်နမ်များအကြောင်း ဗီယက်နမ်အစိုးရ မီဒီယာတွင် ဖော်ပြခြင်း မရှိသလောက်ပင်ဖြစ်ပြီး သတင်းအများစုတွင် ကမ္ဘောဒီးယားတွင် ကျွန်ပြုခံရသော ဗီယက်နမ်များအကြောင်းကိုသာ အဓိကထားပြီး ဗီယက်နမ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယားမှ ငွေရလွယ်သော လုပ်ငန်းများနှင့် ပတ်သက်၍သာ သတိပေးထားသည်။
ဒယပ်ကဲ့သို့ပင် မြန်မာသို့ လိင်ကုန်ကူးခံရသည့် အခြားအမျိုးသမီးတဦးဖြစ်သူ ဟန်က သူသည် မြန်မာတွင် အတင်းအကျပ် ပြည့်တန်ဆာ လုပ်ခိုင်းခံရကာ အကြမ်းဖက်ခြင်းနှင့် မက်သာဖက်တမင်း အတင်းအကျပ် သုံးစွဲခိုင်းခံရကြောင်းပြောသည်။ သူသည် အမြဲလိုလို အကြမ်းဖက် ခြိမ်းခြောက်ခံရကာ သူ၏ပတ်ဝန်းကျင်တွင် ပစ်ခတ်မှုများကို တွေ့ရကြောင်း ပြောသည်။ ထို ပြည့်တန်ဆာလုပ်ငန်းများကို စောင့်ကြပ်သူများအကြားတွင် ဗီယက်နမ် နိုင်ငံသားများကိုလည်း တွေ့ရကြောင်း သူကပြောသည်။
တနေ့တွင် အမျိုးသမီးတဦး ထွက်ပြေးရန် ကြိုးစားသည်။ သူ့ကို ဖမ်းဆီးထားသူများက ထိုအမျိုးသမီးကို ပြန်ဖမ်းမိပြီး အိမ်ရှေ့တွင် အဝတ်များချွတ်ထားကာ အစားအသောက်မကျွေးဘဲ “ခွေးကဲ့သို့ သံကြိုးဖြင့်ချည်ပြီး လူတိုင်းကြည့်ရှုစေသည်” ဟု ဟန်က ပြောသည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါအတွင်း ငွေကြေး အကျပ်အတည်း ကြုံရသော ဟန်သည် ၂၀၂၁ ခုနှစ် ဒုတိယ နှစ်ဝက်တွင် မြန်မာသို့ လူကုန်ကူးခံရကာ နဂါးပြာဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ရောက်မှ ဗီယက်နမ်သို့ ပြန်ရသည်။
နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ
မြန်မာမှ ပြည့်တန်ဆာလုပ်ငန်းများကို ကမ္ဘောဒီးယားတွင် အွန်လိုင်းလိမ်လည်မှုများနှင့် ကာစီနို လုပ်ငန်းများ လုပ်ကိုင်သည့် ရာဇဝတ်ဂိုဏ်းများက စီမံနေခြင်းဖြစ်နိုင်သည်။ အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစား လုပ်ငန်းများတွင် လူအများအပြားသည် လွယ်ကူသော ပစ်မှတ်ဖြစ်လာသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်အတွင်း ထိုလုပ်ငန်းများ အလျင်အမြန် တိုးချဲ့လာကြသည်။
“ကျနော်တို့ စကားပြောခဲ့တဲ့ လူရာပေါင်းများစွာဆီက ရတဲ့သတင်းတွေအရ မြန်မာမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်တဲ့ ဂိုဏ်းတွေနဲ့ ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်တဲ့ ဂိုဏ်းတွေဟာ တရုတ်လူဆိုးဂိုဏ်းတွေဖြစ်ပြီး တရုတ်အစိုးရ လက်လှမ်းမမီတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နေကြတယ်”
“ကျနော်တို့ စကားပြောခဲ့တဲ့ လူရာပေါင်းများစွာဆီက ရတဲ့သတင်းတွေအရ မြန်မာမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်တဲ့ ဂိုဏ်းတွေနဲ့ ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်တဲ့ ဂိုဏ်းတွေဟာ တရုတ်လူဆိုးဂိုဏ်းတွေဖြစ်ပြီး တရုတ်အစိုးရ လက်လှမ်း မမီတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နေကြတယ်” ဟု ဘရိုဆိုစကီးက ပြောသည်။
ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတွင် လူကုန်ကူးခံရသူများကို ဥပဒေကင်းမဲ့သည့် နယ်စပ်ဒေသများမှ အထူး စီးပွားရေးဇုန်များ (SEZs) သို့ ခေါ်ဆောင်သွားသည်။ မြန်မာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ပဋိပက္ခသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။
ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်ရှိ ကိုးကန့်နှင့် လားရှိုးမှ တရုတ် ကျောထောက်နောက်ခံပြု အထူးစီးပွားရေးဇုန်များနှင့် လာအိုနိုင်ငံ၊ ဘိုတန်နှင့် ဘိုကီယိုမှ ဆိုက်ဘာလိမ်လည်မှု အရေအတွက် ကွာခြားမည်ဟု မထင်ကြောင်း ဝါရှင်တန် ဒီစီမှ အမျိုးသားစစ်ကောလိပ် အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင်သူ ပါမောက္ခ ဇာချာရီ အဘူဇာက ပြောသည်။

ထိုဒေသများကို စစ်တပ်နှင့် အဆက်အသွယ်ရှိ နယ်ခြားစောင့်တပ်များ သို့မဟုတ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွင် ပူးပေါင်းပါဝင်ခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည်။
“မြန်မာမှာ စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်က တိုင်းပြည်တစိတ်တပိုင်းကို မထိန်းချုပ်နိုင်တော့ဘူး။ အထူးသဖြင့် ဝေးကွာတဲ့ဒေသတွေကို မထိန်းချုပ်နိုင်တော့ဘဲ အဲဒီဒေသတွေမှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေအတွက် လှုပ်ရှားဖို့ အလားအလာ ကောင်းစေတယ်” ဟု နိုင်ငံတကာ အကြပ်အတည်း လေ့လာရေးအဖွဲ့မှ အဆင့်မြင့် အကြံပေး ရစ်ချတ်ဟိုဆေးက ပြောသည်။
၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှု အခြေအနေဆိုင်ရာ အမေရိကန် အစီရင်ခံစာအရ မြန်မာစစ်ကောင်စီသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများကို နှိမ်နင်းရေးအား အခြား တရားဥပဒေကဏ္ဍများထက် အာရုံစိုက်နေရသောကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အားထုတ်မှု သိသိသာသာ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
“၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်မှု အနည်းဆုံး ဝ အထူးအုပ်ချုပ်ခွင့်ရဒေသမှ စီးပွားဖြစ် လိင်လုပ်ငန်းများတွင် ဗီယက်နမ် အမျိုးသမီး ၅၀၀ ခန့်ရှိနေပြီး ထိုအမျိုးသမီးများအနက် အချို့က လိင်ကုန်ကူး ခံရကြောင်း လူမှုအခြေပြုအဖွဲ့အစည်းများကို ပြောဆိုသည်”
“၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်မှု အနည်းဆုံး ဝ အထူးအုပ်ချုပ်ခွင့်ရဒေသမှ စီးပွားဖြစ် လိင်လုပ်ငန်းများတွင် ဗီယက်နမ် အမျိုးသမီး ၅၀၀ ခန့်ရှိနေပြီး ထိုအမျိုးသမီးများအနက် အချို့က လိင်ကုန်ကူး ခံရကြောင်း လူမှုအခြေပြုအဖွဲ့အစည်းများကို ပြောဆိုသည်” ဟု ထိုအစီရင်ခံစာက ပြောသည်။
အခြေအနေ ပိုမိုဆိုးရွားနိုင်သည်ဟုလည်း ထိုအစီရင်ခံစာ သတိပေးသည်။
“အစိုးရထိန်းချုပ်မှု မရှိသောဒေသများတွင် ကြီးကြပ်မှုကင်းမဲ့ခြင်းနှင့် တရားဥပဒေစိုးမိုးရေး အစီအမံ မရှိခြင်းကြောင့် အရှေ့တောင်အာရှမှ ထိုနယ်စပ်ဒေသများနှင့် အခြားနေရာများမှ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းကုမ္ပဏီများက လုပ်ကိုင်နေသည့် ကာစီနိုများနှင့် အထူးစီးပွားရေးဇုန်များတွင် လိင်ကုန်ကူး ခံရနိုင်သည်” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အထူးသဖြင့် ဗီယက်နမ်နိုင်ငံသားများကို ဒေသခံ လက်နက်ကိုင်များက တရားမဝင်ခွင့်ပြုထားသည့် ပြည့်တန်ဆာလုပ်ငန်းနှင့် ကာစီနိုများရှိရာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်သို့ ကုန်ကူးသည်ဟု နဂါးပြာ ဖောင်ဒေးရှင်းက ဖော်ပြသည်။
နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့၏ အဆိုအရ ရှမ်းပြည်နယ်သည် ပဋိပက္ခနှင့် တရားမဝင် မူးယစ်ထုတ်လုပ်သည့် အဓိကဒေသဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီး အထူးသဖြင့် မြန်မာစစ်တပ်နှင့် မဟာမိတ် လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဘေးကင်းသောဒေသများ ဖြစ်သည်ဟု သိရသည်။
“မြန်မာကနေ ကျမတို့ ကယ်လာတဲ့ အမျိုးသမီးအားလုံးက တခြားလူတွေနဲ့ မတူတော့ဘူး။ သူတို့က အန္တရာယ်တွေကို ဂရုမစိုက်တော့ဘူး။ သေရမှာလည်း မကြောက်တော့ဘူး။ လွတ်မြောက်စရာ နည်းလမ်းကိုပဲ ရှာတယ်။ လွတ်မြောက်ဖို့ နည်းလမ်းကိုပဲ ရှာဖို့ကြိုးစားတယ်”
“ဗီယက်နမ်ပြည်သူများအတွက် ရှမ်းပြည်မြောက်ပိုင်းမှ လွတ်မြောက်ပြီး ဗီယက်နမ်သို့ ပြန်ရန် တောတောင်မြစ်ချောင်းများကို ရှည်လျားစွာ ဖြတ်သန်းရပြီး ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ ပြန်လည် ဖမ်းမိပြီး ပြန်လည်ရောင်းချခံရခြင်း စသည့် အန္တရာယ်များ ရှိနေသည်။ ထိုဒေသတွင် ဖြစ်နေသည်များမှာ တုန်လှုပ်စရာကောင်းပြီး ကမ္ဘာက လူသိနည်းသည်” ဟု ဘရိုဆိုစကီးက ပြောသည်။
“မြန်မာကနေ ကျမတို့ ကယ်လာတဲ့ အမျိုးသမီးအားလုံးက တခြားလူတွေနဲ့ မတူတော့ဘူး။ သူတို့က အန္တရာယ်တွေကို ဂရုမစိုက်တော့ဘူး။ သေရမှာလည်း မကြောက်တော့ဘူး။ လွတ်မြောက်စရာ နည်းလမ်းကိုပဲ ရှာတယ်။ လွတ်မြောက်ဖို့ နည်းလမ်းကိုပဲ ရှာဖို့ကြိုးစားတယ်” ဟု နဂါးပြာ ဖောင်ဒေးရှင်းမှ စိတ်ပညာရှင် ဒင်သီမင်ချူးက ပြောသည်။
“အခြေအနေက မခံစားနိုင်လောက်အောင် ကြောက်စရာကောင်းတယ်” ဟုလည်း ၎င်းကပြောသည်။
(အမည်များကို ပြောင်းလဲထားပါသည်။)
(Al Jazeera ပါ Chris Humphrey ၏ Traffickers switch to Myanmar after China erects border fence ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ