ယခုနှစ် ပထမ သုံးလပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ် အလားတူကာလကထက် ၆၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) စာရင်းများအရ သိရသည်။
ယခုနှစ် ပထမ သုံးလပတ်တွင် စစ်ကောင်စီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇၈ သန်း အတည်ပြုပြီး ယခင်နှစ် အလားတူကာလက ဒေါ်လာ ၄၀၂ သန်းမှ ကျဆင်းသွားသည်။ ယခင်နှစ် အလားတူကာလက ဒေါ်လာ ၄၀၂ သန်းသည်လည်း ၂၀၂၁ ခုနှစ် ပထမသုံးလက ဒေါ်လာ ၉၀၈ သန်းမှ ၅၀ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သည်။
“ဒီလို စစ်ကောင်စီနဲ့ ဒီလိုဖရိုဖရဲ အခြေအနေအောက်မှာ ဒီလိုဖြစ်လာတာ မထူးဆန်းဘူး။ ဒီလို ပဋိပက္ခတွေဖြစ်ပြီး ပျက်စီးယိုယွင်းနေတဲ့စနစ်မှာ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကြောက်နေတာ မထူးဆန်းဘူး” ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ပြောသည်။
၂၀၂၀-၂၁ ခုနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံရှိပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံမှ ၂၀ ရာခိုင်နှုန်း ကျဆင်းသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် စစ်ကောင်စီသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လ အမျိုးသားစီမံကိန်း ဥပဒေကို ထုတ်ပြန်ပြီး ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လကာလကို ကြားဖြတ် ဘဏ္ဍာရေးကာလအဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။
ထို ကြားဖြတ်ဘဏ္ဍာရေးကာလ အတွင်းတွင် စစ်ကောင်စီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၄၇ သန်းဖိုး ခွင့်ပြုခဲ့သည်။ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်သစ်ကို ဧပြီ ၁ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိ သတ်မှတ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက သတ်မှတ်ထားသည့် အောက်တိုဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ အထိ ဘဏ္ဍာရေးစနစ်သတ်မှတ်သည့် စနစ်ကို အစားထိုးလိုက်သည်။
စစ်ကောင်စီက စီးပွားရေးကို အပြည့်အဝ ထိန်းချုပ်သည့် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရရှိပြီး စင်ကာပူနိုင်ငံသည် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ကာ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ မြှုပ်နှံသည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ဒုတိယနှင့် တတိယ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။
စစ်ကောင်စီအောက် ၂၀၂၂-၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာသို့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် NLD အစိုးရအောက် ၂၀၂၀ ပြည့်နှစ် ပထမ သုံးလ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထက် ဒေါ်လာသန်း ၁၀၀ သာ ပိုသည်။
၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် စတင်သည့် ပထမလဖြစ်သော ယခုနှစ် ဧပြီလတွင် မြန်မာသည် ထုတ်လုပ်ရေး ကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၇ သန်းရှိသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တခုသာရရှိသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံရေးမတည်ငြိမ်မှုကြောင့်သာမက စစ်ကောင်စီ၏ ဘဏ္ဍာရေးကဏ္ဍ စီမံမှု မှားယွင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့သော အခြေခံအဆောက်အအုံ လိုအပ်ချက်များအရပါ မြန်မာကို ရှောင်ရှားခြင်းဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောသည်။
“တည်ငြိမ်တဲ့ အုပ်ချုပ်ရေးစနစ်ရှိမှာသာ နိုင်ငံတနိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာတာ။ အုပ်ချုပ်ရေး မတည်မငြိမ် ဖြစ်နေသမျှ၊ တရားဝင်အစိုးရက နိုင်ငံကို မအုပ်ချုပ်နိုင်သမျှ ကာလပတ်လုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနည်းတဲ့ သံသရာမှာ ပိတ်မိနေမယ်” ဟု စီးပွားရေး ကျွမ်းကျင်သူ ဦးမိုးက ပြောသည်။
၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်အတွင်း မြန်မာတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသောလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆက်လက် အားနည်းနေသည်။ ယခုနှစ် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ယခင်နှစ်ကထက် သုံးရာခိုင်နှုန်း တိုးတက်လာသော်လည်း ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ကြောင်း ယခုနှစ်အတွက် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
You may also like these stories:
တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်
မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား
ပိတ်ဆို့အရေးယူမှု ချိုးဖောက်ရာတွင် ရင်းနှီးမြှုပ်နှံသူများ ကြံရာပါဖြစ်နိုင်
စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ကျပ်လာပြန်ပြီ