စစ်ကောင်စီက ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးကိုသာ လုပ်သင့်သည်ဟု ရန်ကုန်တိုင်း သန်လျင်သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦးအိမ်သို့ သွား၍ပြောဆိုသည့် ရုပ်သံ သဘာဝတရားရိပ်သာ လူမှုကွန်ရက်မှ ယမန်နေ့က ထုတ်ပြန်သည်။
ထိုရုပ်သံဖိုင်တွင် ဦးဥတ္တမသာရက“သူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တဖက်မှာလည်း တပ်မတော်က နည်းနည်းတင်းမာနေတာပေါ့။ တပ်မတော်က မလုပ်စေချင်ဘူးပေါ့။ သူက လုပ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါကြောင့် သူကသာ ပြည်သူရဲ့ အကျိုးအတွက် မငြိမ်းချမ်းတာတွေ ငြိမ်းချမ်းသွားစေဖို့ သူကသာ ဖြူမယ်ဆိုရင် ဖြူမယ့်သူတွေများတယ်” ဟု ဦးတင်ဦးကို ပြောဆိုထားသည်။
သူရဦးတင်ဦးမှာ အသက်အရွယ်ကြီးရင့်သူဖြစ်သဖြင့် တစုံတရာ ပြန်ပြောသော်လည်း မည်သည့် အကြောင်းအရာ ဆိုသည်ကိုမူ ရှင်းလင်းစွာ မကြားရပေ။
အဆိုပါ ဆရာတော်က “ဒေါ်အောင်ဆန်းစုကြည်ဆန္ဒက အဓိကကျတယ်လို့နားလည်တာပဲ။ သူ့အပေါ်မှာ မူတည်ပြီး အများကြီး သူပြောင်းလဲရင် ပြောင်းလဲနိုင်တယ်ပေါ့။ ဝိုင်းပြီးပြောင်းလဲမယ်ဆိုတဲ့ သဘောမျိုးလို့ နားလည်တယ်။ အဲဒါကြောင့်လည်း တွေ့ကြည့်ချင်တယ်။ သူ့ကိုလည်းတွေ့ပြီးတော့မှ ရှင်းပြချင်တာပေါ့။ သူသာပါလာတယ်ဆိုရင် တိုင်းပြည်အခြေအနေ တပ်မတော်ကလည်း ပြောင်းသွားနိုင်တာပေါ့” ဟု လည်းဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အပြန်အလှန် လက်စားချေသတ်ဖြတ်မှုများ များပြားနေပြီး သဘာဝရိပ်သာမှ ဘုန်းကြီးတပါးပင် တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ရကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအပြီး အပြောင်းအလဲသည် သင်ခန်းစာယူစရာနှင့် သံဝေဂ ရစရာများပြားကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကကျကြောင်း ဆိုသည်။
သဘာဝတရားရိပ်သာဆရာတော် မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သူကလွှတ်၍ ထိုသို့လာရောက်ပြောဆိုသည်ကို မဖော်ပြသော်လည်း အများကမူ စစ်ကောင်စီမှ စေလွှတ်သဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားကြသည်ကို တွေ့ရသည်။
အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူ တဦးကလည်း သဘာဝတရားရိပ်သာသည် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကွပ်ကဲသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် ဆက်စပ်မှုရှိနိုင်ပြီး စစ်ကောင်စီကပြောခိုင်းသဖြင့် သူရဦးတင်ဦးကို လာတွေ့ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
၎င်းက “ဒါစစ်တပ်က ခိုင်းတယ်လို့ပဲ ပြောရမယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ပြည်တွင်းက ပုန်ကန်ထကြွမှုတွေကို ရပ်ဆိုင်းအောင်လုပ်ချင်တဲ့ စစ်တပ်ရဲ့ ကုလားဖန်ထိုးတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောရင် ရပ်သွားမယ်။ အဲဒီလိုလုပ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးမိခင်ကြီးပေါ့။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်တာ တော့မပါနဲ့။ စစ်တပ်က လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ သဘောပါပဲ” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင် ပြဿနာများကြုံနေရသည်မှာ သေနတ်ကိုင်ထားသည့် စစ်တပ်က နိုင်ငံရေး လုပ်နေသောကြောင့်ဖြစ်ပြီး နိုင်ငံရေးလုပ်ခြင်းကို စွန့်လွှတ်ရမည်မှာ စစ်တပ်သာဖြစ်ကြောင်း ပြောဆိုသည်။
သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရသည် စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)မှ ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့်အဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်ကို သဘာ၀ တရားရိပ်သာ ရုပ်သံမှတ်တမ်းဆိုသည့် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် မှတ်တမ်းတင်ခဲ့သည်။
NLD ပါတီ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးကမူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမလုပ်ရန် ပြောသည့် သဘာဝတရားရိပ်သာဆရာတော်သည် သံဃဝိနည်းနှင့် မညီဘဲ လူသတ်သည့် စစ်ကောင်စီကို အားပေးနေခြင်း ဖြစ်ကြောင်းဆိုသည်။
အာဏာသိမ်းမှုဆန့်ကျင်သည့် ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ကလည်း သဘာဝတရားရိပ်သာ ဆရာတော်သည် ရဟန်းတပါးအနေဖြင့် စစ်တပ်၏ ကျူးလွန်မှုများကို တားမြစ်ရမည့်အစား လျစ်လျူရှု့ကာ ပြောဆိုနေကြောင်း၊ ရဟန်း စာရိတ္တသီလအရ မကောင်းတာကို တားမြစ်ရမှာဖြစ်ကြောင်း ထောက်ပြသည်။
“မင်းအောင်လှိုင်တို့ရဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကနေ့ အိမ်တွေကို မီးရှို့တာ၊ ပစ္စည်းယူတာ၊ လုတာ။ ဒါတွေ တွေ့နေပါလျက်နဲ့ ဒီဥစ္စာကိုမတားမြစ်ဘဲနဲ့ ဘာမှအပြစ်လည်းမရှိဘူး။ လက်ရှိလည်း အဖမ်းဆီးခံထားရတာ ၂ နှစ်ခွဲ ရှိလာပြီ။ အသက်လည်းကြီးပြီ။ ထောင်ထဲနေရတာ ဘယ်လောက်ဒုက္ခရောက်လဲ။ တကယ်ဆိုရင် ပြန်လွတ်ဖို့တောင် မေတ္တာ ရပ်ခံရဦးမှာ။ အခုဟာက မဆီမဆိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကနေ အနားယူရင် ပြေလည်မယ့်ပုံစံ ဂျင်းထည့်နေတာပေါ့”ဟု ပြောသည်။
လက်ရှိ စစ်ခေါင်းဆောင်များ အကျပ်အတည်း ဆိုက်နေချိန်တွင် စစ်တပ်အလိုကျ ပြောဆိုခြင်းမှာ ဝိနည်းပိုင်းမှ ကြည့်လျှင် သော်လည်းကောင်း စာရိတ္တသီလဘက်မှ ကြည့်လျှင်သော်လည်းကောင်း လုံးဝမသင့်လျော်ကြောင်း ထောက်ပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသား အများအပြား အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးနေချိန်နှင့် ကိုက်၍ မြန်မာနိုင်ငံသားများကို ကူညီရန်ဆိုသည့် အကြောင်းပြချက်ဖြင့် သဘာဝတရားရိပ်သာများကို မဲဆောက်မြို့နှင့် ချင်းမိုင်မြို့များတွင် လာရောက်ဖွင့်လှစ်ခဲ့ရာ ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၉ ရက်တွင် မဲဆောက်မြို့ မယ်ပရပ်ကွက်၌ဖွင့် ထားသည့် သဘာဝတရားရိပ်သာကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်ဆီးခံရသူများထဲမှအချို့မှာ အာဏာသိမ်းမှုဆန့်ကျင်သော မြန်မာနိုင်ငံသားများကို ထောက်လှမ်းရန် မြန်မာစစ်တပ်က လွှတ်ထားသည့် ထောက်လှမ်းရေးများဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခဲ့ကြပြီး သဘာဝတရားရိပ်သာဆရာတော်နှင့် ရိပ်သာဘက်ကမူ စစ်ထောက်လှမ်းရေးများကို လက်ခံခြင်းနှင့် ဖမ်းဆီးရမိခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့