နှစ်လတာမျှ စောင့်ဆိုင်းနေပြီးနောက် ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့ခွင့်ရပြီ ဖြစ်သည်။
သို့သော် ဖွေထိုင်းပါတီသည်လည်း ကြာသပတေးနေ့တွင် ကျင်းပမည့် အထက်နှင့်အောက်လွှတ်တော်နှစ်ရပ် အစည်းအဝေးတွင် ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းအတွက် ထောက်ခံမဲ အလုံအလောက်ရရန် Move Forward ပါတီနှင့် တူညီသော အခက်အခဲကို ရင်ဆိုင်နေရသည်။
Move Forward ပါတီ၏ တဦးတည်းသော ဝန်ကြီးချုပ်လောင်း ပါတီခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ်သည် ပါတီ၏ အဓိကမူဝါဒဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၁၂ သို့မဟုတ် ဘုရင်စနစ်ကို ကာကွယ်ပေးသော ဥပဒေကို ပြင်ဆင်ရန် မူဝါဒကြောင့် ဝန်ကြီးချုပ်ရွေးချယ်ခံသောအခါ နှစ်ကြိမ်ပိတ်ပင်ခံရသည်။
စစ်တပ်က ခန့်ထားသော အထက်လွှတ်တော်နှင့် ဖိထာကို ဆန့်ကျင်သောပါတီများက Move Forward ပါတီသည် ညွန့်ပေါင်းအဖွဲ့အတွင်းရှိနေပါက ဖွေထိုင်းဝန်ကြီးချုပ်လောင်းကို ထောက်ခံမည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားသော သတင်းစကားပေးပို့ထားသည်။
ထိုအခါ ဖွေထိုင်းသည် ၈ ပါတီညွန့်ပေါင်းအဖွဲ့တွင် ဆက်လက်ရပ်တည်ပြီး အထက်လွှတ်တော်အမတ်များနှင့် ညွန့်ပေါင်းအဖွဲ့ပြင်ပမှ ပါတီများ၏ ထောက်ခံမှုရရန် နည်းလမ်းရှာရမည်ဖြစ်သည်။
ဝန်ကြီးချုပ်လောင်း ၃ ဦးအနက်တဦးဦးကို ရွေးချယ်ရမည်ဖြစ်သော ဖွေထိုင်းပါတီသည် ပါလီမန်တွင် မဲအများစု ရရန် နည်းလမ်းအနည်းငယ်သာ ရှိတော့သည်ဟု နိုင်ငံရေးသုတေသီများ ယူဆသည်။
မည်သို့ဆိုစေကာမူ ထိုပါတီသည်လည်း ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ဝန်ကြီးချုပ်လောင်း ၃ ဦးဖြစ်သည့် ဆက်ထာ သာဗီဆင်၊ ပေတောင်တန် ရှင်နာဝပ်နှင့် ချိုင်ကဆန် နီတီဆီရီတို့အကြား မည်သူကိုအမည်စာရင်းတင်သွင်းမည် နှင်ပတ်သက်ပြီး လျှို့ဝှက်နေရသည်။
ဆက်ထာ ဖြစ်နိုင်ခြေများ
ပေတောင်တန် အကြံပြုသကဲ့သို့ ဆက်ထာသည် လက်ရှိအခြေအနေတွင် အသင့်တော်ဆုံးဖြစ်ပြီး အမည်စာရင်းတင်သွင်းခံရဖွယ်ရှိကြောင်း ဖွေထိုင်း ဒုတိယခေါင်းဆောင်နှင့် ပါလီမန်ကိုယ်စားလှယ် ဆူတင် ကလန်ဆန် ပြောသည်။
ဖိထာကို ဒုတိယအကြိမ် ပယ်ချခံရပါက ပါတီအနေဖြင့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆက်ထာနှင့် ဆက်လုပ်ရမည်ဖြစ်ကြောင်း လွန်ခဲ့သောအပတ်အစောပိုင်းတွင် ဖွေထိုင်းပါတီမိသားစု ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏သမီး ပေတောင်တန်က ပြောကြားခဲ့သည်။
ဆက်ထာအနေဖြင့် လုံလောက်သော မဲရရန် Move Forward ကို ညွန့်ပေါင်းအဖွဲ့အတွင်း မရှိမှ ဖြစ်မည့် အနေအထား ဖြစ်ကြောင်း ဆူတင် ပြောသည်။ ဖွေထိုင်းနှင့် မဟာမိတ် ၇ ပါတီအနေဖြင့် လာမည့်ရက်များတွင် ကြိုးစားပမ်းစား လုပ်ကိုင်ရမည်ဖြစ်သည်။
“ဒီ ၈ ပါတီက အခု တဖွဲ့တည်းပဲ။ ဒါကြောင့် သူတို့တွေ အတူတကွ အဖြေရှာရမယ်” ဟု သူပြောသည်။
ဖွေထိုင်းအနေဖြင့် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ပြီး ၎င်း၏ဝန်ကြီးချုပ်လောင်းကို အမည်စာရင်းတင်သွင်းပါက လုံလောက်သော မဲအရေအတွက်မရပါက ရွေးချယ်စရာနည်းလမ်း များများပြားပြား မရှိကြောင်း ဖွေထိုင်း သတင်းရင်းမြစ်တခုပြောသည်။
“ပါတီအနေနဲ့ အတိုက်အခံဖြစ်သွားမလား၊ တချို့ပါတီတွေ ထွက်ရမလား။ ကျနော်တို့ လမ်းခွဲဖို့လိုရင် လမ်းခွဲရမယ်။ အဲဒီလိုမလုပ်ရင် အကုန်ဆုံးရှုံးသွားမယ်။ ဘာမှမရတာထက်စာရင် ပိုကောင်းတယ်” ဟု ထိုသတင်းရင်းမြစ်ကပြောသည်။
သို့သော်ဖွေထိုင်းပါတီသည် အထက်လွှတ်တော်အမတ်များအနေဖြင့် ၎င်းတို့လိုလားချက်များကို လျှော့ချပေးရန်နှင့် Move Forward ပါတီအနေဖြင့် ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေပြင်ဆင်မည့် မူဝါဒကို ရုတ်သိမ်းရန် ညှိနှိုင်းရမည့် အလားအလာရှိသည်ဟု ထိုသတင်းရင်းမြစ်ကပြောသည်။

အထက်လွှတ်တော်အမတ်များနှင့် Move Forward တို့ သဘောတူညီချက်မရပါက ညွန့်ပေါင်းအဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်တခုခု ချရမည်ဖြစ်သည်ဟု ထိုသတင်းရင်းမြစ်ပြောပြီး ထိုဆုံးဖြတ်ချက်သည် မည်သို့ဖြစ်သည်ဖြစ်စေ ဇူလိုင် ၂၇ ရက်နေ့တွင် ဆက်ထာ အရွေးခံရရန် ဖွေထိုင်းအနေဖြင့် သေချာအောင် လုပ်ရေးဖြစ်သည်ဟုလည်းပြောသည်။
“ပထမဆုံးအနေနဲ့ ဒါကိုလုပ်ရမယ်။ ညွန့်ပေါင်းအဖွဲ့က ဘယ်လိုဖြစ်သွားဖြစ်သွား အချိန်ဆွဲလို့မရဘူး” ဟု ထိုသတင်းရင်းမြစ်ပြောသည်။
ထောက်ခံမှုရှာဖွေခြင်း
အမတ်နေရာ ၁၅၁ နေရာအနိုင်ရထားသော Move Forward မပါလျှင် ဖွေထိုင်းပါတီသည် လွှတ်တော်အမတ် ၂၈၀ ပါဝင်သော ညွန့်ပေါင်းအဖွဲ့ဖွဲ့ရမည်ဖြစ်ပြီး စုစုပေါင်း လွှတ်တော်နေရာ ၃၅ နေရာ ရထားသော ချတ်ထိုင်းပက်တာနာ ပါတီနှင့် ဒီမိုကရက်ပါတီများထံမှ အပြုသဘောတုံ့ပြန်မှုရသည်ဟုလည်း ထိုသတင်းရင်းမြစ်ကပြောသည်။
ဒီမိုကရက်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်သည် ဖွေထိုင်းပါတီဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့သို့ ပူးပေါင်းရန် ဆွေးနွေးနေသည်ဟု ကောလာဟလများ ပျံ့နှံ့နေသော်လည်း ထိုသတင်းများကို ပါတီပြောခွင့်ရသူ ရာမက် ရက်တန်နာချာဝန် ငြင်းဆန်သည်။
ဒီမိုကရက်ပါတီသည် အမှုဆောင်ကော်မတီသစ်နှင့် ရွေးကောက်ပွဲတွင် အခြေအနေ မကောင်းသောကြောင့် နုတ်ထွက်သွားသည့် ဂျူရင် လက်ဆန်နာဝီစစ်ကို ဆက်ခံမည့် ခေါင်းဆောင် မရွေးချယ်ရသေးပေ။

နှစ်ပါတီပေါင်း လွှတ်တော်အမတ် ၇၆ နေရာရထားသည့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီနှင့် ဖလန်ပရာချာရက် (PPRP) ပါတီတို့သည် အခြေအနေကို စောင့်ကြည့်နေပြီး ၎င်းတို့သည် ပြည်ထဲရေးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနများကို တောင်းဆိုနိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၁ နေရာရထားပြီး တတိယ အကြီးဆုံးပါတီဖြစ်သော ဘုမ်ဂျိုင်ထိုင်းပါတီကိုလည်း ထည့်သွင်းမည့် အလားအလာရှိသည်ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ထိုသတင်းရင်းမြစ်၏ အဆိုအရ ဖွေထိုင်းသည် ဝန်ကြီးချုပ်လောင်းရွေးကောက်ပွဲကို ကြာသပတေးနေ့တွင် အပြီးသတ်လိုသော်လည်း ဖွေထိုင်းသည် အလားအလာကို သေသေချာချာမသိသောကြောင့် စမ်းသပ်သည့် အနေဖြင့် ချိုင်ကဆန်ကို အမည်စာရင်းတင်သွင်းနိုင်သည်ဟု ထိုသတင်းရင်းမြစ်ပြောသည်။
ဖွေထိုင်းအနေဖြင့် Move Forward ကို စွန့်လွှတ်ပါက ရင်ဆိုင်ရမည့် ကြီးမားသော အန္တရာယ်ကို သိရှိကြောင်း ထိုသတင်းရင်းမြစ်ကပင်ပြောသည်။
ဖွေထိုင်းသည် မဟာမိတ်ကို သစ္စာဖေါက်သည်ဟု အမြင်ခံရမည်ဖြစ်ပြီး လူထုဆန့်ကျင်မှုကို ခံရကာ အတိုက်အခံဖြစ်အောင် တွန်းပို့ခံရသည့် Move Forward ပါတီ၏ တင်းကျပ်သော စိစစ်မှုကို ခံရမည်ဖြစ်သည်။ သို့သော် အာဏာရပြီးနောက် အခြေအနေကို မှန်ကန်အောင်ကိုင်တွယ်ပါက ဖွေထိုင်းအနေဖြင့် အလှည့်အပြောင်း လုပ်နိုင်မည်ဖြစ်သည်။
“ပါတီအနေနဲ့ ပေးထားတဲ့ ကတိကို လိုက်နာရုံသာမက လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒရှင်များနှင့် ဆက်သွယ်ကာ ထောက်ခံမှုကို ခိုင်မာအောင် လုပ်ရမယ်။ အဲဒီလိုလုပ်ရင် မဲဆန္ဒရှင်တွေက မေ့ပျောက်ခွင့်လွှတ်မယ်” ဟု ထိုသတင်းရင်းမြစ်ပြောသည်။
ဖိထာကို ထပ်မံအမည်စာရင်းတင်သွင်းပြီးနောက် ဖွေထိုင်းဝန်ကြီးချုပ်လောင်းများသည် အလားအလာကောင်းလာသည်။
ဖွေထိုင်းအတွက် အခက်ခဲဆုံးအချိန်
ဖွေထိုင်းအနေဖြင့် လုပ်စရာအနည်းငယ်သာရှိပြီး လက်ရှိညွန့်ပေါင်းအဖွဲ့ မပြောင်းမလဲဖြစ်နေပါက ဖွေထိုင်းအနေဖြင့် နောက်တကြိမ် ဝန်ကြီးချုပ်ရွေးလျှင် ချိုင်ကဆန်ကို ရွေးနိုင်ကြောင်း King Prajadhipok Institute မှ ဒီမိုကရေစီအတွက် တီထွင်ဆန်းသစ်မှုဌာနမှ ဒါရိုက်တာ စတီသွန် သန်နာသီနီချော့ ပြောသည်။
ချိုင်ကဆန်သည် ဥပဒေကျွမ်းကျင်သူဖြစ်ပြီး အမှုများရင်ဆိုင်နေရသည့် သက်ဆင်အိမ်ပြန်ရေးအတွက် ဦးဆောင်သင့်သည်ဆိုသည့်အချက်ကို ဖွေထိုင်းက အသုံးချနိုင်သည်။

ဖြုတ်ချခံဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် မြေးများကိုစောင့်ရှောက်ရန် သူ၏ ၇၄ နှစ်ပြည့်မွေးနေ့ ဇူလိုင်လ ၂၆ ရက်နေ့မတိုင်မီ ထိုင်းသို့ ပြန်လာရန် စီစဉ်ထားသော်လည်း နိုင်ငံရေး ကမောက်ကမက ထိုအစီအစဉ်နှောင့်နှေးသွားနိုင်သည်။
“ချိုင်ကဆန်က တကယ့်ဝန်ကြီးချုပ်လောင်း မဟုတ်ဘူး။ Move Forward ပါတီ ညွန့်ပေါင်းအဖွဲ့ထဲမှာ ဆက်ရှိနေရင်သာ သူ့ကိုရွေးထားတာ။ ဒါပေမယ့် ပါလီမန်က သူ့ကိုထောက်ခံလိုက်ရင် အန္တရာယ်များတယ်။ ဒီ လုပ်ရပ်ဟာ Move Forward ပါတီကို မောင်းထုတ်ဖို့ လုပ်တယ်ဆိုတာကို အထက်လွှတ်တော်အမတ်တွေနဲ့ အခြားပါတီတွေ နားလည်အောင် ဖွေထိုင်းက လုပ်ရမယ်” ဟု သူပြောသည်။
Move Forward ပါတီမြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ဆက်ထာကို အမည်စာရင်းတင်သွင်းမည်ဖြစ်ပြီး ဖွေထိုင်းဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် Move Forward ကို အစားထိုးရန် ဘုမ်ဂျိုင်ထိုင်းနှင့် PPRP တို့ပါဝင်လာနိုင်ကြောင်း သူပြောသည်။
ထိုအခြေအနေတွင် PPRP ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝတ် ဝေါင်ဆူဝန်သည် အစိုးရတွင် ပါဝင်ဖွယ်မရှိဘဲ ဖွေထိုင်းသည် အစိုးရ၏ ပုံရိပ်နှင့် လူထုယုံကြည်မှုကို မြှင့်တင်ရန်နှင့် ဖိအားသက်သာစေရန် စွမ်းအင်ဝန်ကြီးဌာနအပါအဝင် စီးပွားရေးအခြေအနေကို ကိုင်တွယ်မည့်အလားအလာရှိသည်ဟု စတီသွန် ပြောသည်။

သို့သော် ဖွေထိုင်းသည် ဘုမ်ချိုင်ထိုင်းနှင့် PPRP တို့အပေါ် သြဇာချုပ်ကိုင်နိုင်ရန် Move Forward ပါတီနှင့် အဆက်အသွယ်ဖြတ်မည်မဟုတ်ဘဲ Move Forward ပါတီကို သူရဲကောင်းနေရာမှ ပါဝင်စေမည်ဟု သူယုံကြည်သည်။
“ညွန့်ပေါင်းအဖွဲ့မှာ မပါတော့တာတောင်မှ Move Forward ပါတီက ဗိုလ်ချုပ်ကြီး ပရာဝတ်ရဲ့ အလားအလားကို ပိတ်ပင်ဖို့ ဖွေထိုင်းပါတီ ဝန်ကြီးချုပ်ကိုပဲ မဲပေးလိမ့်မယ်။ ဒါမှလည်း Move Forward ပါတီအနေနဲ့ သူတို့ကိုထောက်ခံသူတွေကို ပြစရာရှိလိမ့်မယ်” ဟု သူပြောသည်။
ပေတောင်တန် ဖြစ်ကောင်းဖြစ်နိုင်
မည်သူဝန်ကြီးချုပ်လောင်းဖြစ်မည်နှင့်ပတ်သက်ပြီး နိုင်ငံရေးနှင့် မူဝါဒ လေ့လာရေး အင်စတီကျုမှ ဒါရိုက်တာ သန်နာပွန် ဆရီယာကူက မတူညီသော အမြင်ရှိပြီး ချိုင်ကဆန်ကို မည်သည့်အခါမျှ အမည်စာရင်းတင်သွင်းမည် မဟုတ်ဘဲ ဆက်ထာကိုလည်း Move Forward ကို ညွန့်ပေါင်းအဖွဲ့မှ ခွဲထုတ်ရန် အသုံးချမည်ဟု ယုံကြည်သည်။

ဆက်ထာ ပယ်ချခံရပြီးနောက် ဖွေထိုင်းသည် အခြားပါတီများကို ညွန့်ပေါင်းအဖွဲ့အတွင်း ခေါ်သွင်းရပြီး Move Forward ပါတီအနေဖြင့် ၎င်းတို့အနေအထားကို ပြန်လည်စဉ်းစားသုံးသပ်ရမည်ဟု သူပြောပြီး Move Forward ပါတီက ကိုယ်စားလှယ်နေရာ ၃၁၂ နေရာသည် ပါလီမန်အာဏာရှင်စနစ်ထူထောင်ရန် လုံလောက်သည်ဟု တခါက ပြောခဲ့ဖူးကြောင်း သူထောက်ပြသည်။
ထိုသို့ဖြစ်လာသောအခါ ပါတီ၏ ဝန်ကြီးချုပ်လောင်းအစစ်ဖြစ်သော ပေတောင်တန်ကို အမည်စာရင်းတင်သွင်းမည်ဟု သန်နာပွန်ပြောသည်။ ဘမ်ဂျိုင်ထိုင်းနှင့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီတို့အနက် မည်သည့်ပါတီကို ဖွေထိုင်းဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သို့ ခေါ်သွင်းသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်ဟု သန်နာပွန်ပြောသည်။
ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်နေကြသည့် သက်ဆင်သည် သူ့ကို စွန့်ခွာခဲ့သည့် ဘုမ်ဂျိုင်ထိုင်း ပါတီ နာယက နေဝင်းချစ်ချော့နှင့် သမိုင်းရှိပြီး ယူနိုက်တက်ထိုင်းနေးရှင်းပါတီ ခေါင်းဆောင်များသည် သက်ဆင်ပြုတ်ကျစေရန် လှုပ်ရှားခဲ့သူများဖြစ်သည်။
သုတေသီများ၏အဆိုအရ သက်ဆင်သည် အာဃာတ အနည်းဆုံးသူကို ရွေးရမည်ဖြစ်သည်။
(Bangkok Post ပါ Aekarach Sattaburuth ၏ What will Pheu Thai Party do next? ကို ဘာသာပြန်သည်။)
You may also like these stories:
ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ
ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်














